မန္တလေး ကန့်သတ်ချက်နဲ့ နောက်ဆက်တွဲ အခြေအနေ


မန္တလေးတိုင်းဒေသကြီးအစိုးရက ဒီနေ့ ( ဧပြီ ၄ ) ရက်စွဲနဲ့ မန္တလေးတိုင်းဒေသကြီးအတွင်း တားမြစ်မိန့်ထုတ်ပြန်ခဲ့ပါတယ်။ ပုံ ၁
အဲဒီအမိန့်မှာ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ဧပြီလ ၆ ရက်နေ့ကနေ ဧပြီလ ၂၁ ရက်နေ့ အထိ ကာလအတွင်း ဖွင့်လှစ်ခွင့်ရှိတဲ့ လုပ်ငန်းတွေ၊ ပိတ်ထားရမယ့် လုပ် ငန်းတွေကို တိတိကျကျ သတ်မှတ်ပေးထားတယ်။ ဒီအချက်ကတော့ မလိုအပ်ဘဲနဲ့ အပြင်ထွက်တဲ့သူတွေ နည်းသွား အောင် ဆောင်ရွက်နိုင်သလို လူထုရဲ့ အခြေခံလိုအပ်ချက်တွေ ရပ်တန့်မသွားအောင် အာမခံ တဲ့ အတွက် ကောင်းပါတယ်။
ဒါပေမယ့် အပိုဒ် ၅ ခရီးသွားလာမှုကန့်သတ်ချက်မှာ ခရီးသည်တင်ပို့ဆောင်ရေးယာဉ်လိုင်း များ အားလုံးကို မန္တလေးတိုင်းဒေသကြီးထဲကို ဝင်ထွက်ခွင့်မပြုဘူးဆိုတဲ့ အချက်ကတော့ ပြဿနာ ရှိ နိုင်တယ်။ ပုံ ၂
ဘာ့ကြောင့်လဲဆိုတော့
၁။ အခုအချိန်က တစ်နိုင်ငံလုံး ခရီးသွားလာမှုကို လုံးဝပိတ်ပင်ထားတဲ့ အမိန့်ထုတ်ထားတာ မဟုတ်ဘူး။
၂။ မန္တလေးက လမ်းဆုံဖြစ်နေတဲ့အတွက် မန္တလေးကို ဖြတ်ပြီး ဒါမှမဟုတ် မန္တလေးမှာ ကား ပြောင်းစီးပြီး ခရီးသွားရမယ့်သူတွေရှိတယ်။
၃။ ကားတွေပိတ်ထားပေမယ့် ရထားကို ပိတ်မထားဘူးဆိုရင် ရထားနဲ့ပါလာတဲ့ ခရီးသည် တွေ အခြားမြို့တွေကို သွားဖို့အတွက်၊ အခြားမြို့ကလူတွေ မန္တလေးကတဆင့် ရထားစီးနိုင်ဖို့ သွားနိုင်ဖို့ မန္တလေးနဲ့ အခြားမြို့တွေကြားမှာ ခရီးသည်တင် ယာဉ် လိုင်းတွေ အပြန်အလှန်ပြေးဆွဲနေဖို့လိုတယ်။
ဗိုင်းရပ်စ် ကာကွယ်၊ထိန်းချုပ် ရေးလုပ်ငန်းတွေ မှာ ဒုတိယသမ္မတ ( ၁) ဦးဆောင်တဲ့ ထိန်းချုပ်ရေး နဲ့ အရေးပေါ် တုန့်ပြန်ရေးကော်မတီရဲ့ ညွှန်ကြားချက်နဲ့ ဒေသလိုက်ဆောင်ရွက်ချက်တွေ ဟန်ချက် ညီ ဖို့ လိုမယ်ထင်ပါတယ်။

အဆိုးထဲက အကောင်းများ

တစ်ကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကပ်ဆိုးကြီးကြောင့် စိုးရိမ်ပူပန်နေရပေမယ့် ကပ်ဆိုး အလွန်ကာလတွေမှာ အကောင်းတွေလည်းဖြစ်လာနိုင်တယ်လို့ ယူဆနေသူတွေလည်းရှိတယ်။ အဲဒီထဲက တစ်ယောက်ကတော့ စင်္ကာပူနိုင်ငံရဲ့ ဝါရင့်သံတမန်တစ်ဦးဖြစ်တဲ့ တော်မီကိုး ဖြစ်ပါ တယ်။ သူက ဒီနေ့ ( ဧပြီ ၄ ရက်နေ့) ထုတ် စထရိတ်တိုင်းမ် သတင်းစာမှာ “7 silver linings in Covid-19 dark cloud” ဆိုပြီး ဆောင်းပါးတစ်ပုဒ်ရေးခဲ့တယ်။

သူပြောထားတဲ့ အကောင်းဘက်ကို မေ ျှာ်လင့်နိုင်တဲ့အချက် ၇ ချက်ကို အတိုချုပ်ပြောရရင်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး

ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ လင်းနို့ကနေ တဆင့် ကူးစက်ခဲ့တယ်လို့ သုံးသပ်ထားကြ တယ်။ ၂၀၀၃ ခုနှစ် ဆားစ် ရောဂါဖြစ်တုန်းကလည်း ဒီလိုပဲ။ ဒါ့ကြောင့် အခု တရုတ်အစိုးရက တောရိုင်း တိရိစ္ဆာန်ရောင်းဝယ်တာ၊ စားသောက်တာ ကို တားမြစ်ဖို့ ဆောင်ရွက်နေပြီ။ ကျန်တဲ့ အာရှဒေသ နိုင်ငံတွေကလည်း တရုတ်နိုင်ငံအတိုင်း လုပ်ဖို့လိုလာပြီ။

နိုင်ငံတကာအဖွဲ့အစည်းများ

ဒီကပ်ရောဂါဘေးဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့တို့လို နိုင်ငံ တကာအဖွဲ့အစည်းတွေရဲ့ အရေးပါမှုကို ပြသခဲ့တယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ အနောက်အုပ်စု နိုင်ငံအတော်များ များက ဒီအဖွဲ့အစည်းတွေကို အပိုအလုပ်တွေလို့မြင်ခဲ့ကြတယ်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ဆိုရင် နှစ်စဉ်ဘတ်ဂျက်ဖြတ်တောက်ခံရတာ ဆယ်စုနှစ်တစ်ခုလောက် ရှိ ခဲ့ပြီ။ အခုတော့ ရောဂါတိုက်ဖျက်ရေးမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ စီးပွားရေးနလံပြန်ထူအောင် ဆောင် ရွက်ရေးမှာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့တို့က ရှေ့ဆောင်နေရပြီ။

ပြည်သူ့ကျန်းမာရေးစနစ်

ဒီကပ်ဘေးဟာ နိုင်ငံတိုင်းမှာ ခိုင်မာပြီးထိရောက်တဲ့ ပြည်သူ့ကျန်းမာရေးစနစ် တစ်ခုရှိဖို့ လိုတယ်ဆို တာကို တပ်လှန့်လိုက်တာပဲ။ ဟောင်ကောင်၊ တိုင်ဝမ်၊ စင်္ကာပူ နဲ့ တောင်ကိုရီး ယား နိုင်ငံတွေရဲ့ ပြည်သူ့ကျန်းမာရေးစနစ်ကောင်းမွန်မှုဟာ ဗိုင်းရပ်စ်ကာကွယ်၊ ထိန်းချုပ် ၊ ကုသရေး မှာ အဓိကအခန်းကပါခဲ့တယ်။

နိုင်ငံ့ခေါင်းဆောင်များ

နိုင်ငံ့ခေါင်းဆောင်တွေဟာ သိပ္ဗံဆိုင်ရာ အချက် အလက်တွေ၊ ခိုင်မာတဲ့ကိန်းဂဏန်းတွေ၊ ကျိုးကြောင်းဆီလျော်တဲ့ ဆုံးဖြတ်ချက်တွေ ကို အခြေခံပြီး ဆုံးဖြတ်ရမယ် ဆိုတာကို ဗိုင်းရပ်စ် ရောဂါက သက်သေပြလိုက်တာပဲ။ စိတ်ကူးယဉ်တဲ့၊ မဖြစ်နိုင်တဲ့ အချက်အလက်တွေကို အခြေ ခံ ပြီးဆုံးဖြတ်ခဲ့တဲ့နိုင်ငံတွေက ပေးဆပ်မှုကြီးမားခဲ့တယ်။

လူမှုဆက်ဆံရေး

အခု ကပ်ဘေး အတွင်းမှာ နိုင်ငံရဲ့ လူမှုအသိုင်းအဝန်းထဲမှာ သဟဇာတဖြစ်မှု ၊ ယုံကြည်မှု၊ အပြန်အလှန်အကူအညီပေးမှု တွေအားကောင်းနေမှ အရေးပေါ်အခြေအနေ ကိုရင်ဆိုင်လို့ရတယ်ဆိုတာ ပိုနားလည်လာကြ တယ်။ အစိုးရနဲ့ ပြည်သူကြား အပြန် အလှန်ယုံကြည်မှု ရှိဖို့ အရေးကြီးတယ်ဆိုတာကိုလည်း သဘောပေါက်လာကြတယ်။

စားနပ်ရိက္ခာဖူလုံရေး

နိုင်ငံတစ်နိုင်ငံဟာ မိမိနိုင်ငံရဲ့ စားနပ်ရိက္ခာတွေအတွက် အရင်းအမြစ်တစ်ခုတည်းကို မှီခိုနေရရင် အန္တရာယ်များတယ်၊ စွန့်စားမှုများတယ်ဆိုတာကို တွေ့လာရတယ်။ စားနပ်ရိက္ခာဖူလုံမှုလို့ ပြောရင် စားနပ်ရိက္ခာရှိတယ်လို့ပြောရုံနဲ့ မလုံလောက်ဘူး။ ပြည်သူတွေ လက်လှမ်းမီ တဲ့ဈေးနှုန်းလည်းဖြစ်ရမယ်၊ အလွယ်တကူဝယ်ယူနိုင်ရ မယ်၊ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အဟာရပြည့်စုံရမယ် ဆိုတဲ့အချက်သုံးချက်နဲ့လည်း ညီညွတ်ရမယ်ဆိုတာကို မြင်လာကြ တယ်။

ဂလိုဘယ်လိုက်ဇေးရှင်း

ပြီးခဲ့တဲ့ နှစ်တွေမှာ တံခါးပိတ်ဝါဒီတွေ၊ အထီးကျန်နေထိုင်ရေးဝါဒီတွေကို နိုင်ငံတကာ ကုန်သွယ် ရေးစနစ်ကို ဆန့်ကျင်ခဲ့ကြ၊ ဂလိုဘယ်လိုက်ဇေးရှင်းကို အပြစ်တင်ကြတယ်။ အခု ကပ်ဘေး မှာ နိုင်ငံတိုင်းက ရောဂါကူးစက်မှုကို ကာကွယ်ဖို့အတွက် နယ်စပ်တွေ၊ လေကြောင်းပျံသန်းမှုတွေ ကို ပိတ်ပင်လိုက်တဲ့အခါ ဘယ်လောက်ဒုက္ခရောက်တယ်ဆိုတာ မြင်ခဲ့ရတယ်။ ဒါ့ကြောင့် ကမ္ဘာကြီး ဟာ ခွဲခြားလို့မရအောင်ဆက်စပ်နေတယ်နေတယ်ဆိုတာကို လက်ခံရတော့မယ်။

စင်္ကာပူ ဗိုင်းရပ်စ်ကာကွယ်ရေးနောက်ဆုံးအခြေအနေ

ဒီနေ့ညနေ စင်္ကာပူစံတော်ချိန် ညနေ ၄ နာရီမှာ စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းက စင်္ကာပူ န။ိုင်ငံ ဗိုင်းရပ်စ် ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းစဉ်များနဲ့ပတ်သက်ပြီးနောက်ထပ် တိုးမြှင့်လုပ် ဆောင်မယ့် အခြေအနေတွေကို ပြည်သူလူထုအား ရှင်းလင်းတင်ပြခဲ့ပါတယ်။

သူ့မိန့်ခွန်းထဲက အရေးကြီးတဲ့အချက်တွေကတော့

၁။ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းမှာ ရောဂါ ကူးစက်သူ တစ်နေ့ကို ငါးဆယ်နဲ့ အထက်ရှိခဲ့တယ်။ အစပိုင်းမှာ ရောဂါကူးစက်ခံရသူအများစုဟာ ပြည်ပကနေ ပြန်လာတဲ့ စင်္ကာပူနိုင်ငံသားတွေ ဖြစ် တယ်။

၂။ ဒါပေမယ့် ပြီးခဲ့တဲ့ အပတ်က စပြီး ပြည်တွင်းမှာ ကူးစက်သူတွေပိုများလာတယ်။

၃။ အရေးကြီးတာက အစိုးရအနေနဲ့ ရောဂါဖြစ်ပွားမှုကို နောက်ကြောင်းပြန်ခြေရာခံလိုက်နိုင်ဖို့ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် ကူးစက်သူထက်ဝက်ကျော်ဟာ ဘယ်နေရာကနေ၊ ဘယ်သူ့ဆီကနေ ကူးစက်ခဲ့တယ်ဆိုတာ အဖြေရှာမတွေ့သေးဘူး။

၄။ ဒါ့ကြောင့် ရောဂါရှိမှန်းမသိဘဲ သွားလာနေသူတွေရှိနေတယ်။ ဒီလူတွေက သူတို့ကိုယ်တိုင် မသိလိုက်ဘဲ ရောဂါဖြန့်ချိနေမိတယ်ဆိုတာသေချာတယ်။

၅။ ပြီးခဲ့တဲ့ရက်တွေမှာ ပြည်ပက အလုပ်သမားတွေနေထိုင်တဲ့အဆောင်တွေနဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာတွေမှာ ရောဂါကူးစက်သူတွေတွေ့ရတယ်။ ဒါဟာ စိုးရိမ်ဖို့ကောင်းတယ်။ တစ်ယောက်ကနေ တစ်ရာ ကူးစက်သွားနိုင်တယ်။ ဒါ့ကြောင့်နောက်ထပ် တင်းကျပ်တဲ့ စည်းကမ်း တွေ သတ်မှတ်ဖို့လိုလာပြီ။

၆။ အရေးကြီးတဲ့ စီးပွားရေးကဏ္ဍ၊ ဝန်ဆောင်မှုလုပ်ငန်း၊ စားသောက်ဆိုင်များ၊ ဈေးများ၊ ဈေးဝယ် စင်တာများ၊ ဆေးခန်းများ၊ ဆေးရုံများ၊ ရေ/လ ျှပ်စစ် ဓာတ်အားကဲ့သို့သော လုပ်ငန်းများ၊ ပို့ဆောင် ဆက်သွယ်ရေး၊ ဘဏ်လုပ်ငန်းတွေ ကလွဲရင် ကျန်တဲ့လုပ်ငန်းတွေ ရပ်နားထားရမယ်။

၇။ မဟာဗျူဟာအရ အရေးကြီးတဲ့ ကုန်ထုတ်လုပ်ငန်းတွေ၊ ကမ္ဘာ့ဈေးကွက်အတွက်လိုအပ် တဲ့ ကုန်ထုတ်လုပ်ငန်းတွေ ဆက်လက်လည်ပတ်နေမယ်။

၈။ ဆက်လက်လုပ်ကိုင်နေမယ့် လုပ်ငန်းတွေအားလုံး လူတစ်ဦးနဲ့ တစ်ဦး ခွဲခြားထားရမယ့် အကွာ အဝေးကန့်သတ်ချက်ကို အတိအကျလိုက်နာရမယ်။

၉ ။ ဒီအချက်တွေကို လာမယ့် အင်္ဂါနေ့ ( ဧပြီ ၇ ရက်) မှ စပြီးအကောင်အထည်ဖော်မယ်။

၁၀။ ကျောင်းတွေ၊ တက္ကသိုလ်တွေ ဟာ အိမ်ကနေ သင်ယူတဲ့အစီအစဉ်ကို အကောင် အထည် ဖော်ရမယ်။ ဒီအပတ်ထဲမှာ ဒီအစီအစဉ်ကို စမ်းသပ်လေ့ကျင့်မှုတစ်ရက်လုပ်မယ်။ လိုအပ်ချက်တွေ ကို ပြန်ပြုပြင်မယ်။

၁၁။ ပညာရေးဝန်ကြီးဌာနက လာမယ့် ဗုဒ္ဓဟူးနေ့ ( ဧပြီလ ၈ ရက်) နေ့က စပြီး ဒီအစီအစဉ် ကို အကောင်အထည်ဖော်နိုင်ဖို့ ကျောင်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်မယ်။

၁၂။ မူကြိုကျောင်းတွေ၊ ကလေးထိန်းဂေဟာတွေပိတ်မယ်။ ဒါပေမယ့် အလုပ်လုပ်နေရတဲ့ မိဘ တွေတွက် သီးခြားစီစဉ်ပေးမယ်။

၁၃။ ဖြစ်နိုင်သမ ျှ အိမ်မှာပဲနေပါ။ မိသားစုဝင်မဟုတ်သူတွေနဲ့ စုဝေးစကားပြောတာ စားတာ မလုပ်ပါနဲ့။ ကိုယ့်မိသားစုဝင်တွေနဲ့ပဲလုပ်ပါ။ မဖြစ်မနေ ဆောင်ရွက်ရမယ့် အလုပ်တွေ အတွက်ပဲ အပြင်ထွက်ပါ။

၁၄။ အလုပ်လုပ်တဲ့အခါ၊ ဈေးဝယ်တဲ့အခါ၊ စားစရာသွားဝယ်တဲ့အခါ၊ ပန်းခြံထဲမှာ လမ်းလေ ျှာက် အားကစားလုပ်တဲ့အခါ သတ်မှတ်အကွာအဝေးအတိုင်း နေထိုင်ပါ။

၁၅။ တစ်ဦးနဲ့တစ်ဦးခပ်ဝေးဝေးနေတာ အကောင်းဆုံး ကာကွယ်တဲ့ နည်းလမ်းပဲ။ လုပ်ဖို့ ခက်မှန်း သိတယ်။ ဒါပေမယ့် မလုပ်လို့မရဘူး။

၁၆။ စားနပ်ရိက္ခာအတွက် စိတ်မပူနဲ့ ၊ အလုံအလောက်ရှိတယ်။ ကြောက်လန့်ပြီး ဝယ်ဖို့ မလို ဘူး။ စားသောက်ဆိုင်တွေ မပိတ်ဘူး။ ဆိုင်မှာ စားလို့မရတာပဲရှိမယ်။ ဝယ်ပြီး အိမ်မှာစားလို့ရတယ်။

၁၇။ လာမယ့် တနလာၤနေ့မှာ နောက်ထပ် စီးပွားရေး ကူညီမှုအစီအစဉ် ဘတ်ဂျက်ကို လွှတ် တော်မှာ တင်ပြမယ်။

ကိုးကား ။ စီအင်န်အေ သတင်းဌာန၏ ဝန်ကြီးချုပ်မိန့်ခွန်းအပြည့်အစုံ

အကုန်သိသတင်းဌာနရဲ့ ဗိုင်းရပ်စ် ကျိန်စာ

မနေ့က အကုန်သိသတင်းဌာနရဲ့ သတင်းအစီအစဉ် အပြီးမှာ သတင်းတင်ဆက်သူ ဒေါ်ကေကေ ခင်က အခုလို ပြောကြားခဲ့တယ်။

“ဒီတင်ဆက်မှုကတော့ ဒီမှာပဲ ပြီးဆုံးပါပြီ။ တစ်နိုင်ငံလုံး ဗိုင်းရပ်စ်ရောဂါ ကပ်ဆိုးကြီးကနေပြီးတော့ ကင်းဝေးပြီး ကျန်းမာဘေးကင်းကြစေဖို့ ဆုတောင်းပေးလိုက်ပါတယ်။ လူသားစိတ်မရှိတဲ့သူတွေ၊ စိတ်ဓာတ်ယုတ်ညံ့တဲ့သူတွေ ကတော့ ကပ်ရောဂါနဲ့ အတူ လွင့်ပါးသွားစေဖို့အတွက် ဆန္ဒပြု လိုက်ပါတယ်ရှင် ၊ ကျွန်မ ကေကေခင်ပါ။”

သတင်းသမားတစ်ယောက် သတင်းတင်ဆက်မှု အဆုံးမှာ ကျိန်စာတိုက်တဲ့ သဘောပြောဆို တာဟာ သတင်းသမားတစ်ယောက်ရဲ့ လူမဆန်မှုကို ပြသလိုက်တာပဲ။

အခုအချိန်ဟာ ဗိုင်းရပ်စ်ရောဂါကပ်ဆိုးကြောင့် သေဆုံးသွားသူတွေရှိတယ်၊ ကြေကွဲနေရတဲ့ မိသားစုဝင်တွေရှိတယ်။ ကုသဆဲ၊ စောင့်ကြည့်ခံနေရဆဲလူနာတွေရှိတယ်။ သူတို့အတွက် ပူပင်သောက ရောက်နေတဲ့ မိသားစုဝင်တွေရှိတယ်။ ဒီရောဂါကူးစက်မှာကို စိုးရိမ်နေတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေရှိတယ်။

အကုန်သိသတင်းဌာန ၊ သတင်းတင်ဆက်သူ ဒေါ်ကေကေခင်ရဲ့ ဆုတောင်းစကားဟာ အဲဒီ သူတွေအားလုံးကို စော်ကားလိုက်တာပဲ။ ဒေါ်ကေကေခင်ပြောတဲ့အတိုင်းဆိုရင် သေဆုံးသူတွေ၊ ရောဂါကူးစက်ခံရသူတွေက သူပြောတဲ့ လူသားစိတ်မရှိသူ၊ စိတ်ဓာတ်ယုတ်ညံ့သူတွေဖြစ်ကုန် တော့မှာပေါ့။

ဒေါ်ကေကေခင်အနေနဲ့ သူလက်မခံနိုင်တဲ့ အဖွဲ့အစည်းတစ်ခု၊ ပုဂ္ဂိုလ်တစ်ယောက်ကို ဝေဖန်လို့ရတယ်။ အဲဒီလို ပြော လို့ရတယ်။ ဒါတောင်မှ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရဲ့ သတင်းမီဒီယာကျင့်ဝတ် ၁.၃ မှာ ဖော်ပြထားတဲ့ ရုပ်သံ ထုတ်လွှင့်သူများသည် မိမိ၏ အာဘော်များကို ထည့်သွင်း ထုတ်လွင့်မှု မပြုသင့် ဆိုတဲ့အချက်ကို ချိုးဖောက်ရာရောက်ပါတယ်။ သို့သော်ခံစားချက်ကို နားလည်ပြီး ခွင့် လွှတ်ပေးလို့ ရကောင်းရနိုင်ပါတယ်။

အခုပြောကြားချက်ကတော့ သေဆုံးသူတွေ၊ ရောဂါ ခံစားနေရသူတွေ၊ စိုးရိမ်ပူပန်နေသူတွေ အား လုံးကို စော်ကားလိုက်တာပဲ။ ဒါဟာ သတင်းမီဒီယာကောင်စီရဲ့ သတင်းမီဒီယာကျင့်ဝတ် ၁၂.၁ မှာ ဖော်ပြထားတဲ့ ရုန့်ရင်းကြမ်းတမ်းသော ၊ ညစ်ညမ်းသော ၊ ယုတ်ညံ့သော စကားလုံးတွေကို မလိုအပ်ဘဲ မသုံးရဘူးဆိုတဲ့ ကျင့်ဝတ်ကို ဖောက်ဖျက်လိုက်တာလည်းဖြစ်ပါတယ်။

ကျွန်တော်အနေနဲ့ တာဝန်သိတဲ့ ၊ ကျင့်ဝတ်နဲ့ အညီလုပ်ငန်းဆောင်ရွက်နေတဲ့ သတင်းမီဒီယာ သမားတွေဘက်က ရပ်တည်ဖို့ အသင့်ရှိတယ်။ ဒါပေမယ့် ဒေါ်ကေကေခင် နဲ့ အကုန်သိ သတင်း မီဒီယာတို့ရဲ့ လုပ်ဆောင်ချက်လို သတင်းမီဒီယာလောကတစ်ခုလုံးရဲ့ ကျင့်ဝတ်ဆိုင်ရာ အဆင့်အတန်းကို ပြည်သူတွေ နားလည်မှု လွဲမှားအောင်လုပ်လိုက်တဲ့ ကိစ္စကိုတော့ လုံးဝလက်မခံ ပါဘူး။ ရှုံ့ချပါတယ်။

သတင်းမီဒီယာကောင်စီအနေနဲ့လည်း ကျန်တဲ့ကိစ္စတွေမှာ သဘောထားကြေညာချက်ထုတ်ပြန် သလို အခုကိစ္စမှာလည်း ကောင်စီရဲ့ သဘောထားကိုထုတ်ပြန်ပေးမယ်လို့ မေ ျှာ်လင့်ပါတယ်။

အကုန်သိသတင်းဌာန၊ သတင်းတင်ဆက်သူ ဒေါ်ကေကေခင်ရဲ့ ပြောကြားချက်ကို အောက်ပါ လင့်ခ်မှာ နားထောင်နိုင်ပါတယ်။

ဗိုင်းရပ်စ် နဲ့ နိုင်ငံ့ခေါင်းဆောင်တွေ

ကိုရိုနာ ဗိုင်းရပ်စ် တစ်ကမ္ဘာလုံးနီးပါးကို ပျံ့နှံ့သွားချိန်မှတော့ နိုင်ငံတိုင်းက ပြည်သူတွေ ကြားမှာ မေးခွန်းနှစ်ခုပေါ်လာတယ်။

ပထမတစ်ခုက “ ဒီကပ်ရောဂါဘေးကြီးဘယ်တော့ပြီးမှာလဲ”

နောက်မေးခွန်းတစ်ခု “ တရုတ်မှာ စဖြစ်နေတာသိနေတာပဲ။ ဘာ့ကြောင့် ကြိုတင်ပြင်ဆင်မှုတွေ မလုပ် ခဲ့တာလဲ ”

ပထမမေးခွန်းအတွက်တော့ အဖြေမရှိသေးဘူး။

ဒုတိယမေးခွန်းကတော့ ရောဂါ ကူးစက်ခံနေရတဲ့ နိုင်ငံတိုင်းက ခေါင်းဆောင်တွေ အသည်းအသန်ဖြေရှင်းနေရတယ်။ အထူးသဖြင့် ကျန်းမာရေး ကဏ္ဍလိုအပ်ချက်တွေအတွက် လုံလောက်အောင်ကြိုတင်ပြင်ဆင်မထားခဲ့တဲ့ အချက်က ဖြေရှင်းဖို့ အခက်ဆုံးဖြစ်နေတယ်။

ဒီလိုအချိန်မှာ ၂၀၂၀ ဖေဖော်ဝါရီနဲ့မတ်လ တွေအတွင်းမှာ ဗိုင်းရပ်စ်ရောဂါ ကူးစက်နဲ့မှု နဲ့ပတ်သက်ပြီး ပေါ့ပေါ့တန်တန် ပြောခဲ့တဲ့စကားတွေ၊ ပေါ့ပေါ့တန်တန် သဘောထားလုပ်ဆောင်ခ ဲ့ တဲ့ အပြုအမှုတွေဟာ နိုင်ငံ့ခေါင်းဆောင်တွေအတွက် အရှက်ကွဲဖို့ဖြစ်လာခဲ့တယ်။

အဲဒီလို ဖြစ်ခဲ့သူတွေထဲမှာ ထင်ရှားတဲ့ခေါင်းဆောင်တွေကတော့

၁။ ဖေဖော်ဝါရီလ နှောင်းပိုင်းမှာ အမေရိကန်သမ္မတ ထရမ့်က ဗိုင်းရပ်စ်အန္တရာယ် ဟာ ဒီမိုကရက်တွေ လုပ်ကြံ ချဲ့ကား ပြော ဆိုနေတာပါလို့ဆိုခဲ့တယ်။

၂။ မတ်လဆန်းမှာ ဗြိတိသ ျှ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကတော့ သူကတော့ ဘယ်သူနဲ့ မဆို လက်ဆွဲနှုတ်ဆက်မှာပဲ၊ ဆေးရုံမှာတောင်လက်ဆွဲနှုတ်ဆက်ရဲတယ်လို့ ပြောခဲ့တယ်။ အခုတော့ သူ လည်း ရောဂါကူးစက်နေတဲ့အတွက် သီးခြားကန့်သတ်ထားခံရတယ်။

၃။ ဘရာဇီးလ်သမ္မတ ဘိုလ်ဆိုနာရို ကတော့ ဗိုင်းရပ်စ်ရောဂါဟာ တုတ်ကွေးပါပဲ လို့ ပြော တယ်။ ပြီးတော့ ဘရားဇီလ်းပြည်သူတွေက ညစ်ညစ်ပတ်ပတ်နေတာ ကျင့်သားရနေတော့ ရောဂါ ပိုး ကူးဖို့မဖြစ်နိုင်ဘူးလို့ဆိုတယ်။ သူ့ကျန်းမာရေးဝန်ကြီးက လူစုလူဝေး မလုပ်ဖို့ပြောတဲ့ကြား က လူထုနဲ့တွေ့ပြီး အသက်ကြီးတဲ့ သူတွေကလွဲရင် ကျန်တဲ့ပြည်သူတွေ အပြင်ထွက်အလုပ်လုပ်ဖို့ တိုက်တွန်းခဲ့တယ်။အခုတော့ ဘရာဇီးမှာ ဧပြီ ၁ ရက်နေ့ထိ ရောဂါကူးစက်သူ ၆၈၃၆ ဦးရှိပြီး ၂၄၀ သေ ဆုံးခဲ့တယ်။ ဘရားဇီးလ်လွှတ်တော် ထဲမှာတော့ အမတ်တစ်ချို့က သမ္မတ ကို တာဝန်မဲ့တဲ့ အလုပ် တွေလုပ်လို့ ပြစ်တင်စွပ်စွဲပြီး ရာထူးက ဖယ်ရှားဖို့ ကြိုးစားနေတယ်။

၄။ မတ်လ ဆန်းမှာ တူရကီသမ္မတ အာဒိုဂန်က တူရကီမှာ ရောဂါကူးစက်သူ တစ်ယောက်မှ မရှိ ဘူးလို့ ကြွားခဲ့တယ်။ အခု ရောဂါကြောင့်သေတဲ့သူ နှစ်ရာကျော်သွားပြီ။

၅။ မတ်လ ၁၇ ရက်နေ့မှာ ရုရှားသမ္မတ ပူတင်က ရောဂါကူးစက်မှုအခြေအနေကို ထိန်းနိုင်တယ် လို့ အာမခံခဲ့တယ်။ အခု တစ်နိုင်ငံလုံးနီးပါးကို Lockdown လုပ်လိုက်ရပြီ။

ဥရောပ ကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen ကတော့ နိုင်ငံရေးခေါင်းဆောင်တွေဟာ ကိုရို နာဗိုင်းရပ်စ် အန္တရာယ်ကို လေ ျှာ့တွက်ခဲ့ကြပါတယ်လို့ ဝန်ခံခဲ့တယ်။

ဒ့ါကြောင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြီးပြီးသွားရင်တောင် နိုင်ငံ့ခေါင်းဆောင်တွေဟာ “ ဘာ့ကြောင့်လဲ” ဆိုတဲ့ မေးခွန်းကို နှစ်အတော်ကြာကြာ ဖြေနေရဦးမှာသေချာတယ်။

ကိုးကား။ မတ် ၁၈ စထရိတ်တိုင်းမ် သတင်းစာ၊ ဧပြီ ၁ နယူးယောက်တိုင်းမ် သတင်းစာ၊ ဧပြီ ၂ စီအင်န်အေ သတင်းဌာန

ဗိုင်းရပ်နဲ့ ဝါရှင်တန်မြို့တော် အတွေ့အကြုံ

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန် ဒီစီ မြို့တော်ဝန်က မတ်လ ၂၅ ရက်နေ့ကနေ ဧပြီလ ၂၄ ရက်နေ့အထိ လူထုအတွက် မဖြစ်မနေ လိုအပ်တဲ့ ဆိုင်တွေ၊ စီးပွားရေးလုပ်ငန်းတွေက လွဲပြီး ကျန်တဲ့ ဆိုင်တွေ လုပ်ငန်းတွေကို ပိတ်ဖို့ အမိန့်ထုတ်ခဲ့တယ်။ အဲဒီအမိန့်မှာ ဆက်ဖွင့်ထားနိုင်တဲ့ လုပ်ငန်းတွေနဲ့ ပိတ်ထားရမယ့် လုပ်ငန်းတွေကို အခုလို ခွဲခြားသတ်မှတ်ထားတာတွေ့ရတယ် ။ ( လုပ်ငန်းအမျိုးအစား အမည်တွေကို ကိုယ့်နိုင်ငံနဲ့နီးစပ်တဲ့ အသုံးအနှုန်းတွေနဲ့ ဆီလျော်အောင် ဘာသာပြန်ထား ပါတယ်။ )

ဖွင့်လှစ်နိုင်သောလုပ်ငန်းများ

၁။ ကားပြင်အလုပ်ရုံ နဲ့ ကားအပိုပစ္စည်းအရောင်းဆိုင်များ။
၂။ ဘဏ်များ၊
၃။ စက်ဘီးအရောင်းဆိုင်နဲ့ စက်ဘီးပြင်ဆိုင်များ။
၄။ ကလေးစောင့်ရှောက်ရေးဂေဟာများ။
၅။ စားနပ်ရိက္ခာ ၊ အိမ်သုံးပစ္စည်း ၊ လူသုံးကုန်ပစ္စည်း နဲ့ အဖျော်ယမကာ အရောင်းဆိုင်များ။
၆။ ဆေးရုံ၊ ဆေးခန်း ၊ ဆေးပစ္စည်းအရောင်းဆိုင် ၊ သွားဆေးခန်း။
၇။ တိရိစ္ဆာန်ဆေးကုခန်း၊ ထိန်းသိမ်းစောင့်ရှောက်ရေးဌာန။

ပိတ်ထားရမည့်လုပ်ငန်းများ

၁။ တစ်အိမ်တက်ဆင်းဈေးရောင်းခြင်း။
၂။ အားကစားခန်းမများ၊ ကျန်းမာရေးကလပ်များ၊ အနှိပ်ခန်းများ။
၃။ ဆံသဆိုင်၊ အလှပြင်ဆိုင်၊ ဆေးမှင်ကြောင်ထိုးသည့်နေရာများ။
၄။ အဝတ်အထည်ဆိုင်များ။
၅။ ရုပ်ရှင်ရုံ၊ ဇာတ်ရုံ နဲ့ နိုက်ကလပ်များ။
၆။ ခရီးသွားလမ်းညွှန်လုပ်ငန်းများ။
၇။ စားသောက်ဆိုင်၊ ကော်ဖီဆိုင်များ။ ( ပါဆယ် နှင့် အိမ်အရောက်ပို့စနစ်ကို ခွင့်ပြု)

ဒါ့အပြင် ဧပြီလ ၁ ရက်နေ့ကစပြီး ပြည်သူတွေအနေနဲ့ အိမ်မှာပဲနေထိုင်ဖို့ အမိန့်ထုတ် ခဲ့တယ်။ ဆေးကုသဖို့၊ စားနပ်ရိက္ခာဝယ်ဖို့၊ ဖွင့်လှစ်ခွင့်ရှိတဲ့ လုပ်ငန်းတွေမှာ အလုပ်လုပ် ကိုင် ဖို့ နဲ့ အစိုးရ ဌာနတွေမှာ တာဝန်ထမ်းဆောင်ဖို့အတွက်ပဲ အပြင်ထွက်ခွင့်ရှိတယ်။ အဲဒီစည်း ကမ်း တွေကို ချိုးဖောက်ရင် ထောင်ဒဏ် သုံးလ ၊ ဒဏ်ငွေ ဒေါ်လာ ငါးထောင်အထိ အပြစ်ပေးခံရ မှာဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်တာနဲ့ပတ်သက်ပြီး ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက် တစ်ကျောင်းတစ်ဂါထာ အမိန့်တွေထုတ်နေမယ့် အစား ဗဟိုက နေ တိတိကျကျ သတ်မှတ်ပေးထားတာ နမူနာယူစရာပါပဲ။

ကိုးကား။ ဖောက်စ် သတင်းဌာန , https://coronavirus.dc.gov

ဗိုင်းရပ်စ် နဲ့ အိန္ဒိယအတွေ့အကြုံ(၂)

မတ်လ ၂၄ ရက်နေ့မှာ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီက မတ်လ ၂၅ ရက်နေ့ ည ၁၂ နာရီအချိန်က စပြီး တစ်နိုင်ငံလုံးမှာ ၂၁ ရက်ကြာ သွားလာမှုတွေ ကန့်သတ်မယ်၊ အားလုံးအိမ်ထဲမှာပဲ နေရမယ်။ စားနပ်ရိက္ခာ နဲ့ ဆေးဆိုင်တွေ၊ အစိုးရက သတ်မှတ်ထားတဲ့ စက်ရုံ၊အလုပ်ရုံ နဲ့ရုံးတွေပဲဖွင့်ရမယ်လို့ အမိန့်ထုတ်ခဲ့တယ်။

အဲဒီ အမိန့်ဟာ နယူးဒေလီ ၊ မွန်ဘိုင်း နဲ့မြို့ကြီးတွေမှာရောက်နေတဲ့ သန်းချီတဲ့ ကျေးလက် က အလုပ်သမားတွေ အတွက် လုံလောက်တဲ့ပြင်ဆင်ချိန်မပေးခဲ့ဘူး။ သွားလာမှု ကန့်သတ်တာနဲ့ တစ်ချိန်ထဲမှာ လူစီးရထားလို အများပြည်သူပို့ဆောင်ရေးတွေပါ ရပ်သွား တဲ့အတွက် ရွှေ့ပြောင်းလုပ်သားတွေ ဟာ မြို့ကြီးတွေမှာ အလုပ်မရှိ၊ စားစရာမရှိနဲ့ ပိတ်မိနေတယ်။ ဒီလူအများစုက တစ်နေ့လုပ် မှ တစ်နေ့စားရတဲ့သူတွေ၊ လှေဦးစို မှ ဝမ်းစို တယ်ဆိုတဲ့သူတွေ။

အခုတော့ ဒီအလုပ်လက်မဲ့တွေက စစ်ပြေးဒုက္ခသည်တွေလို အဝေးပြေးလမ်းမကြီးတွေ အတိုင်း လမ်းလေ ျှာက်ပြီး ဌာနေပြန်နေကြတယ်။ စေတနာရှင်တစ်ချို့က ကားနဲ့သယ်ပေးတယ်။ တစ်ချို့က လမ်းမပေါ်ထွက်ပြီး စားစရာတွေ မ ျှဝေပေးတယ်။ ဒါပေမယ့် မလုံလောက်ဘူး။ လူတွေက ကီလိုမီတာ လေးရာ ၊ငါးရာ ခရီးကို နေ့စဉ်ရက်ဆက်လမ်းလေ ျှာက်ပြန်ရတဲ့ အတွက် လမ်းမှာ အမောဆို့တာ၊ ပန်းဖျားဖျားတာ၊ သေဆုံးတာတွေလည်း ဖြစ်လာတယ်။

လုံလောက်တဲ့ စီမံမှုတွေမရှိဘဲ သွားလာမှုကန့်သတ်ချက်တွေကို အကောင်အထည်ဖော်ခဲ့တယ် လို့ အပြစ်တင်ခံနေရတဲ့ ဝန်ကြီးချုပ် မိုဒီကတော့ မနေ့ ( မတ် ၂၉ ) ရက်နေ့က တစ်နိုင်ငံလုံး ကို ရေဒီယို မိန့်ခွန်းပြောပြီး တောင်းပန်ခဲ့တယ်။

ဝန်ကြီးချုပ်က “ အခုလို ပြင်းထန်တဲ့ အရေးယူမှုတွေလုပ်ဆောင်ခဲ့မှုကြောင့် ပြည်သူတွေအတွက် အထူး သဖြင့် ဆင်းရဲနွမ်းပါးသူတွေ အတွက်အခက်အခဲတွေဖြစ်ခဲ့ရတာကို တောင်းပန်ပါတယ်၊ ကျွန်တော့်ကို စိတ်ဆိုးဒေါသထွက်နေတယ်ဆိုတာလည်း သိပါတယ်။ ဒါပေမယ့် ဒီစစ်ပွဲကို နိုင် အောင်တိုက်ဖို့အတွက် အခုလို မလုပ်လို့မရပါဘူး” လို့ပြောခဲ့တယ်။

တစ်ဆက်တည်းမှာပဲ အိန္ဒိယအစိုးရက ဒေါ်လာ ၃၂ ဘီလျံ အကူအညီပေးရေး အစီအစဉ်ကို ကြေညာခဲ့တယ်။ ဝန်ကြီးချုပ် မိုဒီရဲ့ အကူအညီပေးရေးအစီအစဉ်မှာ ဝင်ငွေနည်းသူနဲ့ ဆင်းရဲနွမ်းပါးသူ သန်း ၈၀၀ ကို တစ်လ ဂျုံ သို့မဟုတ် ဆန် ငါး ကီလို နဲ့ ပဲ တစ်ကီလို နှုန်းနဲ့ သုံးလ အခမဲ့ပေးမယ်၊ လယ်သမားတွေအတွက် ရူပီး နှစ်ထောင်တစ်လုံးတစ်ခဲတည်း ထောက်ပံ့ပေးမယ် ဆိုတဲ့ အချက် တွေပါဝင်တဲ့အတွက် အလုပ်လက်မဲ့တွေအတွက်တော့ အတိုင်းအတာတစ်ခုအထိ အထောက်အကူဖြစ်မှာပါ။

ဒါ့အပြင် ရောဂါတိုက်ဖျက်ရေးမှာ ရှေ့တန်းက တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေး ဝန်ထမ်း တစ်ဦးချင်းအတွက် ရူးပီး ငါးသန်း တန် ကျန်းမာရေးအာမခံထားပေမယ့် အစီအစဉ်လည်း ပါဝင် ပါတယ်။
ဒါပေမယ့် အခုသုံးမယ့်ငွေပမာဏာဟာ အိန္ဒိယ ဂျီဒီပီရဲ့ ၁% သာရှိတဲ့အတွက် အခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် မလုံလောက်ဘူးလို့ဝေဖန်ခံရတယ်။ ဒါ့အပြင် အိန္ဒိယ လူဦးရေ ၁.၃ ဘီလျံရဲ့ တစ်ဝက်နီးပါးက ဆင်းရဲနွမ်းပါးသူတွေဖြစ်တဲ့အတွက် အခု အစီအစဉ်ဟာ ဆင့်ပါးစပ် နှမ်းပက် သလိုပဲလို့လည်း ထောက်ပြခဲ့တယ်။

ဒါ့အပြင် ဝေဖန်ထောက်ပြသူတွေက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အစားအသောက် သာ မဟုတ်ဘူး။ လက်ရှိငှားနေတဲ့အိမ်တွေ၊ အဆောင်တွေမှာ ဆက်လက်နေထိုင်ခွင့်ရရေး လည်း လုပ်ပေးရမယ်။ အဲဒီလိုမလုပ်တဲ့အတွက် မြို့ကြီးတွေမှာ ဆက်မနေနိုင်ဘဲ နယ်တွေကို အစုလိုက် အပြုံလိုက် ပြန်နေတာဟာ ရောဂါပိုပျံ့အောင် လုပ်သလိုဖြစ်နေတယ်လို့ ဝေဖန်ခဲ့တယ်။

အိန္ဒိယနိုင်ငံရဲ့ အတွေ့အကြုံက Lockdown လုပ်မယ်ဆိုရင် လုံလောက်တဲ့ အုပ်ချုပ်ထောက်ပံ့မှု အစီအစဉ်တွေ ကြိုတင်စီစဉ်ဖို့လိုတယ်ဆိုတာကို မီးမောင်းထိုးပြလိုက်တာပါပဲ။

ကိုးကား ။ မတ် ၂၉ နယူးယောက်တိုင်းမ်သတင်းစာ၊ စထရိတ်တိုင်းမ် သတင်းစာနဲ့ စီအင်န်အေ သတင်းဌာန

ဗိုင်းရပ်စ် နဲ့ မလေးရှားစီးပွားရေး

မတ်လ ၂၇ ရက်နေ့မှာ မလေးရှားအစိုးရက အမေရိကန် ဒေါ်လာ ၅၈ ဘီလျံ ( ရင်းဂစ် ၂၅၀ ဘီလျံ) ရှိတဲ့ စီးပွားရေး နလံထူမှု အစီအစဉ်ကို ကြေညာခဲ့တယ်။ ဒီပမာဏဟာ မလေးရှား ဂျီဒီပီရဲ့ ၁၇% ဖြစ်ပါတယ်။

အဲဒီအစီအစဉ်မှာ ကျန်းမာရေးဝန်ဆောင်မှုပေးနေသူတွေကို ကူညီထောက်ပံ့ရေး၊ အလတ် စားနဲ့ အသေးစားစီးပွားရေးလုပ်ငန်းတွေကို ကူညီရေး နဲ့ ပြည်သူတစ်ဦးချင်းကို တိုက်ရိုက် ထောက်ပံ့မှုဆိုပြီး အပိုင်းသုံးပိုင်းပါတယ်။ အဓိက အချက်တွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်-

၁။ ၂၅၀ ဘီလျံမှာ လူထု သက်သာချောင်ချိရေးအတွက် ရင်းဂစ် ၁၂၈ ဘီလျံသုံးမယ်။ အဲဒီမှာ ကျန်းမာရေး ဝန်ထမ်းများအတွက် သီးခြားထောက်ပံ့မှုတွေပါတယ်။ စီးပွားရေးလုပ်ငန်းတွေကို အထောက်အကူပေးဖို့ ရင်းဂစ် ဘီလျံ ၁၀၀ သုံးမယ်။ စီးပွားရေး အဆောက်အအုံခိုင်မာဖို့၊ အင်အားတောင့်တင်းဖို့အတွက် နှစ် ဘီလျံ သုံး မယ်။ ကျန်တဲ့ ဘီလျံ ၂၀ က ဖေဖော် ဝါရီလ ၂၇ ရက်နေ့က (အဲဒီအချိန်က ) ဝန်ကြီးချုပ် မဟာ သီယာ ကြေညာခဲ့တဲ့ စီးပွားရေး နလံထူမှု အကူအညီအစီအစဉ်အတွက် သုံးမယ်။

၂။ ကျန်းမာရေးဝန်ကြီးဌာနအတွက် နောက်ထပ် ရင်းဂစ် သန်းငါးရာထောက်ပံ့မယ်။ ကျန်း မာရေး ဝန်ထမ်းတွေအတွက် လစဉ် အထူးထောက်ပံ့ကြေး ရင်းဂစ် ၆၀၀ ကို ဧပြီ လ ၁ ရက် နေ့က စပြီးပေးမယ်။

၃။ သွားလာမှု ကန့်သတ်ထားချိန်မှာ ပြည်သူတွေ အင်တာနက်အခမဲ့သုံးနိုင်ဖို့ ရင်းဂစ် သန်း ၆၀၀ သုံးမယ်။

၄။ စားနပ်ရိက္ခာစုဆောင်းဖြန့်ဝေခြင်းနဲ့ စိုက်ပျိုးရေး မတည်ငွေအတွက် ရင်းဂစ် သန်း ၁၀၀ သုံးမယ်။

၅။ အငှားကားမောင်းသူတွေအတွက် တစ်လုံးတစ်ခဲတည်းထောက်ပံ့ငွေ ရင်းဂစ် ၅၀၀ ပေးမယ်။

၆။ ရဲ နဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းတွေအတွက် အထူးထောက်ပံ့ကြေးတစ်လ ရင်းဂစ် ၂၀၀ ပေးမယ်။

၇။ တစ်လ ဝင်ငွေ ရင်းဂစ် ၄၀၀၀ အောက် ဝင်ငွေရှိသူတွေအတွက် တစ်လုံးတစ်ခဲတည်းထောက်ပံ့ငွေ ရင်း ဂစ် ၁၆၀၀ ကို နှစ်ရစ်ခွဲပေးမယ်။

၈။ အဆင့်မြင့်ပညာရေးကျောင်းက ကျောင်းသားတွေအတွက် တစ်လုံးတစ်ခဲ တည်း ထောက်ပံ့ ငွေ ရင်းဂစ် ၂၀၀ ပေးမယ်။
၉ ။ အမျိုးသားကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်အောက်က ထောက်ပံ့ကြေးပေးနိုင်ဖို့ ရင်းဂစ် ၁၀ ဘီလျံလျာထားတယ်။

၁၀။ လ ျှပ်စစ်မီတာခတွေနဲ့ အစိုးရပိုင်တိုက်ခန်းငှားရမ်းခတွေကို ခြောက်လ လေ ျှာ့ပေး မယ်။

မလေးရှားဝန်ကြီးချုပ်ကတော့ လယ်သမား၊ အငှားယာဉ်မောင်း၊ လမ်းဘေးဈေးသည် က အစ ဘယ်သူ့ကိုမှ ပစ်မထားဘူး လို့ ကတိပေးခဲ့တယ်။

ဒါ့အပြင် ဝန်ကြီးချုပ် နဲ့ ဝန်ကြီးတွေက လူထုစီးပွားရေးအခက်အခဲကို စာနာတဲ့အနေနဲ့ လစာ နှစ်လစာကို ကိုဗစ် ၁၉ တိုက်ဖျက်ရေးရန်ပုံငွေကို ထည့်ဝင်မယ်လို့ ကြေညာခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ ဒီနေ့အထိ ရောဂါကူးစက်သူ ၂၃၂၀ ဦးရှိပြီး ၂၇ ဦးသေဆုံးခဲ့ပါတယ်။ အရှေ့ တောင်အာရှနိုင်ငံတွေထဲမှာ ထိခိုက်မှုအများဆုံးနိုင်ငံဖြစ်ပါတယ်။

မလေးရှားနိုင်ငံရဲ လူဝင်၊လူထွက်၊ ခရီးသွားလာမှု ကန့်သတ်ချက်က မူလသတ်မှတ်ချက်အရ မတ် ၃၁ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပေမယ့် အခုတော့ နောက်ထပ် နှစ်ပတ်တိုးပြီး ဧပြီလ ၁၄ ရက်နေ့ အထိ သတ်မှတ်ထားပါတယ်။

ကိုးကား။ စီအင်န်အေ သတင်းဌာန၊ http://www.businessinsider.sg

ဗိုင်းရပ်စ် နဲ့ ပြောရေးဆိုခွင့်

၂၀၁၃ ခုနှစ် သြဂုတ်လ နေပြည်တော်မှာ အမေရိကန်နိုင်ငံက မီဒီယာကျွမ်းကျင်သူ မာဂရိတ် ဆူလီဗန် ဆိုတဲ့ အမျိုးသမီးတစ်ယောက် ဝန်ကြီးဌာနတွေက သတင်းထုတ်ပြန်ရေးတာဝန်ယူမယ့် အရာရှိကြီး တွေကို သင်တန်းပို့ချတယ်။ သူက အိမ်ဖြူတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန စတဲ့ အရေးကြီးတဲ့ဌာနတွေမှာ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်အဖြစ်တာဝန်ထမ်းဆောင်ဖူးတယ်။ ကိုယ် တိုင်ကလည်း စာနယ်ဇင်းသမားဖြစ်တဲ့အပြင် သတင်းနဲ့စာနယ်ဇင်းအတတ်ပညာ မဟာဘွဲ့ကို ရ ထားတဲ့သူဖြစ်ပါတယ်။

သူက ကျွန်တော့်ကို ပြောရေးဆိုခွင့်ရှိသူ အဖြစ်တာဝန်ယူတဲ့အခါ လိုက်နာရမယ့် အချက်သုံးချက် ကို ပြောပြခဲ့တယ်-

၁။ သည်းခံ ၊ သည်းခံ ၊ သည်းခံ

ပြောရေးဆိုခွင့်ရှိသူဆိုတာ အစိုးရ ၊ မီဒီယာ နဲ့ ပြည်သူ သုံးပွင့်ဆိုင်ကြားမှာ နေရတယ်။ လိုအပ်ချက်က တစ်ယောက်တစ်မျိုး မတူဘူး။ အဲဒါကိုလည်း သည်းခံ။ နောက်တစ်ခါ လူ တစ်ယောက်နဲ့တစ်ယောက် နောက်ခံဘဝ၊ ပညာ၊ တွေးခေါ်ပုံ မတူဘူး။ ဒါ့ကြောင့် ကိုယ်ပြော တာကို နားမလည်ရကောင်းလားလို့ စိတ်မဆိုးရဘူး၊ သည်းခံ။ နောက်ဆုံးကတော့ သတင်းထောက်ဆိုတာ အရာရာကို မေးခွန်းထုတ်ဖို့ ၊ သံသယနဲ့ ချဉ်းကပ်ဖို့ ဆိုတဲ့အလုပ်ကို လုပ်နေတဲ့သူတွေ၊ ကိုယ်ပြောတာကို လက်မခံလို့ ဆိုပြီး စိတ်မတိုနဲ့၊သည်းခံ။

၂။ အဖြေတွေကို သတိထား

လူတွေက မေးခွန်းတွေကို သတိမရဘူး။ အဖြေတွေကိုပဲ သတိရတယ်။ အဖြေတွေကပဲ မှတ်တမ်း ဝင်သွားတယ်။ သတင်းထုတ်ပြန်ရေးမှာ အူကြောင်ကြောင် ရူးနှမ်းနှမ်း မေးခွန်းဆိုတာ မရှိဘူး။ အူ ကြောင်ကြောင် ရူးနှမ်းနှမ်း အဖြေ ဆိုတာပဲ ရှိတယ်။ ဒါ့ကြောင့် မမေးသင့်တဲ့ မေးခွန်းမေးတယ် ဆို ပြီး စိတ်မတိုနဲ့။

၃။ ဆရာနှစ်ယောက်

ပြောရေးဆိုခွင့်ရှိသူဆိုတာ ကိုယ့်ဌာနကိုယ်ပဲတာဝန်ခံရတယ်၊ သမ္မတ (သို့ ) ဝန်ကြီးက ကိုယ့်ဆရာ ပဲ လို့ ထင်နေရင်မှားတယ်။ ပြောရေးဆိုခွင့်ရှိသူကို သမ္မတ ( သို့ ) ဝန်ကြီးက ခန့်ပေ မယ့် သူ့မှာ အစိုးရရယ်၊ မီဒီယာရယ်ဆိုတဲ့ဆရာနှစ်ယောက်ရှိတယ်။ အစိုးရက ပြောချင်တဲ့ အချက်တွေကို မီဒီယာတွေ သိအောင်ပြောပြရသလို မီဒီယာတွေ သိချင်တဲ့ သတင်းတွေကို အစိုးရ ဆီကနေ ရအောင်တောင်းပေးရတယ်။ ဒါ့ကြောင့် မီဒီယာတွေက သတင်းမေးရင် စိတ်မတိုနဲ့ ။

အရေးပေါ်အခြေအနေ ဆိုရင် လူတွေက သတင်းအချက်အလက်တွေ ပိုသိချင်တယ်။ ခိုင်မာတဲ့ အရင်းအမြစ်တွေဆီက သတင်းအချက်အလက်တွေမရတဲ့ အခါ ကောလာဟလ သတင်းတွေက နေရာယူလာတယ်။ အဲဒီလို မဖြစ်အောင် အစိုးရက သတင်းတွေကို မှန်မှန် နဲ့ မြန်မြန်ထုတ်ပေး ရ တယ်။ ဒီအလုပ်ကို အဓိက တာဝန်ယူရတဲ့သူတွေက သတင်းထုတ်ပြန်ရေး အရာရှိ တနည်းအား ဖြင့် ပြောရေးဆိုခွင့်ရှိသူတွေပေါ့။

အစိုးရ အဖွဲ့ ဒါမှမဟုတ် ဝန်ကြီးဌာနတစ်ခုရဲ့ ပြောရေးဆိုခွင့်ရှိသူအလုပ်က အရေးပေါ်အခြေအနေ နဲ့ပတ်သက်ပြီး အစိုးရ ဘာလုပ်နေသလဲ၊ လက်ရှိအခြေအနေကဘယ်လိုလဲ၊ နောင် ဘာလုပ်ဖို့ စီ စဉ်ထားသလဲဆိုတာတွေကို မီဒီယာပလက်ဖောင်းမျိုးစုံကနေ လူထုဆီရောက်အောင်လုပ်ပေးရ တာပဲ။ အဲဒီလို လုပ်တဲ့အခါမှာ သတင်းစာရှင်းလင်းပွဲလို အခမ်းအနားကနေ ဖုန်း၊ ရုပ်သံ နဲ့ဖြေတာ အလယ်၊ လူမှုမီဒီယာတွေပေါ်က ကိုယ်တိုင်ဖြန့်ဝေတာအဆုံးအားလုံးလုပ်ရတယ်။

နိုင်ငံအတော်များများမှာ ပြောရေးဆိုခွင့်ရှိသူဆိုတာ သူ့ရုံးအဖွဲ့နဲ့ သတင်းထုတ်ပြန်ပေးတဲ့အလုပ် ပဲ သီးခြားလုပ်တယ်။ မြန်မာနိုင်ငံမှာက ပြောရေးဆိုခွင့်ရှိသူဆိုတာ မူလတာဝန်ဝတ္တရားအပေါ်မှာ အပိုဆောင်းပေးတာ။ သူ့မှာ သီးခြားရုံး နဲ့ အထောက်အကူပြုဝန်ထမ်းမရှိဘူး။ ဒီလိုပဲ ကိုယ်နဲ့ နီး စပ်ရာလူတွေကို ဆွဲလွဲပြီး အရပ်ကူပါ လူဝိုင်းပါ လုပ်ရတာပါ။

ဒါဟာ သာမန်အချိန်မှာ ပြဿနာမဟုတ်ပေမယ့် အရေးပေါ်အခြေအနေလို အချိန်နဲ တစ်ပြေးညီ သတင်းလည်းထုတ်ရ၊ ကိုယ့်မူလအလုပ်လည်း လုပ်ရ၊ အခြားဌာနတွေကလည်း မကူဆိုတဲ့အချိန် မျိုးမှာ ပြောရေးဆိုခွင့်ရှိသူအတွက် ဖိအားအလွန်ကြီးတယ်။ အဲဒီအခါမျိုးမှာ ဒေါသဖြစ်တာတွေ၊ ပေါက်ကွဲတာတွေ ဖြစ်တတ်တယ်။

ဒါပေမယ့် ပြောရေးဆိုခွင့်ရှိသူ တာဝန်ယူထားပြီးဆိုရင်တော့ ဒီ လို တုန့်ပြန်လို့မရဘူး။ပြောရေးဆိုခွင့် ရှိသူက စိတ်တိုဒေါသထွက်ပြီး မပြောသင့်၊မရေးသင့်တာ ကို ရေး မိ၊ ပြောမိရင် အစိုးရ ကြိုးစားထားသမ ျှ ရေစုံမျောသွားပါလိမ့်မယ်။

ဒါ့ကြောင့် ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ရေးတာဝန်ယူထားသူများ ကျွန်တော့်ကို မစ္စဆူလေဗန် သင်ပေးခဲ့တဲ့အချက်သုံးချက်လုံး မလိုက်နာနိုင်ရင်တောင် “သည်းခံ ၊ သည်းခံ ၊ သည်းခံ ” ဆိုတဲ့အချက်လေးတော့ နှလုံးသွင်းထားကြဖို့ တိုက်တွန်းချင် ပါတယ်။

ရန်ကုန်မြို့လယ်

ဒီနေ့ မနက် ဆယ်နာရီလောက်က ပစ္စည်းတစ်ချို့ဝယ်ဖို့ ၂၇ လမ်း၊ ၂၈ လမ်းဘက် ရောက် သွားတယ်။

ဗိုလ်ချုပ်လမ်း၊ ဆူးလေ ဘုရားလမ်း ကားရှင်းတယ်။ အနော်ရထာ၊ မဟာဗန္ဓုလ ၂၈ လမ်း ၊ ၂၇ လမ်းတစ်ဝိုက်မှာ ကားကျပ်ဆဲ၊ ကားရပ်ဖို့နေရာခက်နေဆဲပဲ။ ကားကို ဟိုတယ်/ခရီး ရုံးဟောင်း ရှေ့မှာ သွားရပ်ပြီးလမ်းပြန်လေ ျှာက်ရတယ်။

မဟာဗန္ဓုလ လမ်း ဘယ်ညာ ပလက်ဖောင်းတွေပေါ်မှာတော့ လူနည်းနည်းရှင်းတယ်။ ကွန်က ရစ်မြောင်းလုပ်နေတဲ့ ၊ ဓာတ်ကြိုးနဲ့မလွတ်တဲ့ အပင်တွေကို ခုတ်နေတဲ့ စည်ပင်ဝန်ထမ်းတွေ၊ တွေ့တယ်။ မြို့တော်ကြီး ရပ်မသွားဖို့ အခြေခံအကျဆုံးအလုပ်တွေကို လုပ်နေသူတွေပေါ့။ လူမသိတဲ့ သူရဲကောင်းတွေပဲ။ စည်ပင်ဝန်ထမ်းတွေသာ တစ်ပတ်လောက် အမှိုက်မသိမ်းနိုင် ရင် ရန်ကုန်မြို့ဘာဖြစ်သွားမလဲလို့ တွေးကြည့်မိတယ်။

ပလက်ဖောင်းပေါ်မှာ Mask တပ်ထားသူတွေတော်တော်များတယ်။ ဒါပေမယ့် လူတစ်ယောက် နဲ့တစ်ယောက် သုံးပေခွာနေရမယ်ဆိုတဲ့ စည်းကမ်းချက်ကို မသိတဲ့သူ ဒါမှမဟုတ် သိရက် နဲ့ မလိုက်နာတဲ့သူအတော်များတယ်။ ပုခုံးဖက်သွားနေသူတွေရှိတယ်။ ပူးကပ်ထိုင်နေသူတွေရှိတယ်။

လက်ဆေးဖို့ကတော့ လူတိုင်းသတိရှိကြတယ်။ ဆိုင်တိုင်းလိုလိုမှာ လက်သန့်စင်ဆေးရည် ဘူး လေးတွေချပေးထားတယ်။ မှန်ပုံးနဲ့ ရောင်းတဲ့မျက်မှန်ဆိုင်လေးမှာတောင် ဆေးရည် ဘူး တော့ရှိတာပဲ။

၂၇ လမ်းဈေးကတော့ ထုံးစံအတိုင်း ကားနဲ့ လူ ပြည့်ကျပ်နေတာပဲ။ ဒီလမ်းထဲမှာ သုံးပေ ကွာ ဖို့ ဘယ်လို့မှ မဖြစ်နိုင်တဲ့အတွက် အထဲကိုမဝင်တော့ဘူး။ ၂၇ လမ်းထိပ်မှာ လက်သန့်စင်ဆေးရည် ထည့်တဲ့ဘူးလွတ်တွေ အိတ်ကြီးနဲ့ချပြီး လူတစ်စု ခွဲဝေနေကြတယ်။ ဒါတွေဟာ မီးပွိုင့်တွေမှာ ရောင်းနေတဲ့ အရည်အသွေးမမီတဲ့ လက်သန့်စင်ဆေးရည်တွေ ဖြစ်သွားမယ် ထင်တယ်။

လမ်းမကြီးပေါ်က ရွှေဆိုင်တစ်ချို့ ဖွင့်ထားတယ်။ တစ်ချို့ဆိုင်တွေက ဖွင့်ထားပေမယ့် ဘာမှ ခင်းမထားဘူး။ တစ်ချို့ဆိုင်က တံခါးတစ်ခြမ်းပဲဖွင့်ထားတယ်။ ရွှေကိုမလို ဆေး နဲ့ ဆပ်ပြာ သာ လိုသည်ဆိုတဲ့အချိန်မှာတော့ ရွှေဆိုင်တွေလည်း ရောင်းရမယ်မထင်ဘူး။ မျက်မှန်ဆိုင်တွေ လည်း ဒီလိုပဲ။

၂၈ လမ်းထဲမှာတော့ ရပ်ထားတဲ့ကားတွေများပေမယ့် လူနည်းပါတယ်။ ဓာတုပစ္စည်းတွေ၊ သန့်ရှင်း ရေးဆေးရည်တွေရောင်းတဲ့ဆိုင်တွေ ဖွင့်ထားတယ်။ ဒါပေမယ့် လူတွေ အရမ်း စုပြုံ ဝယ် တာတော့မရှိဘူး။ အဲဒီဆိုင်တွေမှာ ဒက်တောဆေးရည်တွေ ပေါပေါများများ ဝင်မလာခင်က သုံးရ တဲ့ ကာဘော်လစ်ဆီ ၊ ဖီနိုင်း စတဲ့ဆေးရည်တွေရှိတယ်။ ကိုယ့်ဘာသာကိုယ် ပိုးသတ်ဆေးဖျန်း မယ် ဆိုရင် စပ်လို့ရတဲ့ ဓာတုပစ္စည်းတွေရှိတယ်။ ဆပ်ပြာရည် လုပ်မယ်ဆိုရင်လည်း ဝယ်လို့ ရတယ်။ ရှော့ပင်းစင်တာတွေမှာမရှိရင် ဒီဆိုင်တွေကို အားကိုးလို့ရပါတယ်။

စားသောက်ဆိုင်တွေကတော့ စားတဲ့သူတော်တော်နည်းတယ်။ နေ့လယ်စာစားဖို့ စောနေ သေး တဲ့အတွက်လည်းဖြစ်နိုင်တယ်။

ရန်ကုန်မြို့လယ်ကတော့ နှလုံးခုန်သံနည်းနည်းနှေးနေပေမယ့် စည်းချက်မှန်နေဆဲပါ။