တရုတ်- မြန်မာဆက်ဆံရေးနဲ့ပတ်သက်တဲ့ ဒီကဗျာလေးရဲ့ မြန်မာဘာသာပြန်ကို ဖတ်ဖူးနေတာ ကြာပြီ။ တရုတ်စာသားကိုတော့ သမ္မတကြီး ဦးဝင်းမြင့် ရွတ်ပြမှ သိရတော့တယ်။
တရုတ်ခေါင်းဆောင်ကြီး တစ်ဦးဖြစ်သည့် မာရှယ်ချိန်ယိကိုယ်တိုင်စပ်ဆိုခဲ့သော ကဗျာထဲကစာသားကဲ့သို့“ကျွန်ုပ်က မြစ်ညာမှာနေ၍ ၊ အဆွေက မြစ်ခြေမှာနေကာတစ်ရေတည်းကိုသောက်ကြတဲ့” (ဝေါ်ကျုကျန်းကျစ်ထို၊ နင်ကျုကျန်းကျစ်ဝေ၊ကုန့်ယင်အိကျန်းရွှေ) ဆွေမျိုးပေါက်ဖော်များ ဖြစ်ကြပါကြောင်း။
( မိန့်ခွန်းကောက်နှုတ်ချက်)

အိုဘားမားရဲ့ ချစ်ကြည်ရေးခရီးစဉ်

၂၀၀၁ ခုနှစ် တရုတ်သမ္မတ ကျန်စီမင်းရဲ့ မြန်မာနိုင်ငံချစ်ကြည်ရေးခရီးစဉ်အပြီး နှစ်နှစ်ဆယ်နီးပါး ကြာမှ တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့အခါ အင်န်အယ်လ်ဒီ ပါတီကိုထောက်ခံသူတွေက အင်မတန်အရေးပါတဲ့ သံတမန်ရေးရာအောင်မြင်မှုကြီး အဖြစ် ချီးမွမ်း ကြတယ်။
အစဉ်အလာ မဟာမိတ်နိုင်ငံခေါင်းဆောင်တစ်ယောက် နှစ်ဆယ်နီးပါးကြာမှ ချစ်ကြည်ရေးခရီး ပြန် လာနိုင်တာကို ဂုဏ်ယူကြတယ်ဆိုရင်
သမ္မတဦးသိန်းစိန်ခေါင်းဆောင်တဲ့ ပြည်ခိုင်ဖြိုး အစိုးရတာဝန်ယူချိန်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီး ထဲက တစ်ကြိမ်မှာ ချစ်ကြည်ရေးခရီး မလာဘူးတဲ့၊ ၁၉ ၈၈ ခုနှစ် နောက်ပိုင်း မှာ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဦးဆောင်ချမှတ်ခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ သမ္မတ အိုဘားမား တစ်ယောက် မြန်မာနိုင်ငံကို နှစ်ကြိမ်တိတိ လာရောက်လည်ပတ်ခဲ့တာကိုလည်း ပြည်ခိုင်ဖြိုးပါတီထောက်ခံသူတွေ ဂုဏ်ယူသင့်တာပေါ့။
လက်ရှိသမ္မတ ထရမ့် ကတော့ မြောက်ကိုရီးယားနယ်စပ်မျဉ်းကို ဖြတ်ကျော်ခြေချခဲ့ပေမယ့် နေပြည်တော်ဘက်ကို လှည့်မကြည့်သေးဘူး။

“တွေ့ဖန်များသော်ခင်၊ ခင်ဖန်များသော်ရင်း”


တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ “နှစ်ပေါင်းထောင်ချီ ကြာမြင့်သော ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေးကို ဆက်လက်ပုံဖော်မည့် စာမျက်နှာသစ်များ” ခေါင်းစဉ်ဖြင့် ရေးသားထားသည့် ဆောင်းပါးကို ဇန်နဝါရီ ၁၆ ရက်ထုတ် မြန်မာ နိုင်ငံ ပြည်တွင်း နေ့စဉ် သတင်းစာ သုံးစောင် ဖြစ်သော မြန်မာ့ အလင်း ၊ ကြေးမုံ နှင့် The Global New Light of Myanmar တို့မှာ ဖော်ပြခဲ့တယ်။
အဲဒီဆောင်းပါးအပြည့်အစုံကိုပဲ တရုတ်နိုင်ငံ ဆင်ဝှာသတင်းဌာန ဖေ့စ်ဘွတ်စာမျက်နှာမှာ ပြန်လည်ဖော်ပြခဲ့ပါတယ်။
ဒီဆောင်းပါးမှာ သမ္မတရှီက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ် အသီးသီးမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုခဲ့မှုများနဲ့အနာဂတ် လုပ်ဆောင်သင့်တဲ့အချက်များကို ဦးစားပေးရေးသားထားပါတယ်။
ဆောင်းပါး အဆုံးသတ်မှာတော့
တရုတ်-မြန်မာ နှစ်နိုင်ငံလုံးမှာ
“တွေ့ဖန်များသော်ခင်၊ ခင်ဖန်များသော်ရင်း” ဟူသော တူညီသည့်ဆိုရိုးစကား ရှိတယ်၊
ဒါ့ကြောင့် နှစ်ပေါင်း ထောင်ချီကြာမြင့်သော ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး သံစဉ်သစ်များကို ဆက်လက်ပုံဖော်သွားမယ်လို့
ရေးသားထားပါတယ်။
ဒီဆိုရိုးစကားကတော့ တရုတ် – မြန်မာချစ်ကြည်ရေးမှာ ဆွေမျိုးပေါက်ဖော် ဆိုတဲ့ စကားလုံးလိုပဲ သမိုင်းတွင်မယ့် စကားဖြစ်လာမယ် ထင်ပါတယ်။

အရင် အစိုးရ အဆက်ဆက်ကတော့ နိုင်ငံခြားခေါင်းဆောင်တွေရဲ့ ခရီးစဉ် တွေမှာ “xx အားလှိုက်လှဲစွာကြိုဆိုပါ၏“ လို့ရေးတယ်လို့ပဲ မှတ်သားမိ ပါတယ်။ ဓာတ်ပုံ ဆိုရင်လည်း နှစ်နိုင်ငံ ခေါင်းဆောင်တွေပုံကို ယှဉ်တွဲပြီး ဖော်ပြတာများပါတယ်။
အခု ပိုစတာကတော့ မြန်မာနိုင်ငံမှာလား၊ တရုတ်နိုင်ငံမှာလား မကွဲပြားဘူး။ နေပြည်တော်မှာ စိုက်ထူထားတာဆိုရင်တော့ အင်န်အယ်လ်ဒီအစိုးရလက်ထက်မှာ တရုတ် – မြန်မာ ချစ်ကြည်ရေး တစ်ဆင့်တက်ပြီလို့ ယူဆရမှာပဲ။
ဦးသိန်းစိန် အစိုးရလက်ထက်မှာ တရုတ်ကြောက်အစိုးရလို့ ဝေဖန်ခံရတယ်။ အခု သမ္မတဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာတော့ တရုတ်ချစ် အစိုးရ လို့ပြောလို့ရတဲ့အထိ ချစ်ကြည်ရေး အဆင့်တိုးမြှင့်လာပြီလို့ ပြောနိုင်မယ်ထင်ပါတယ်။

ကျဆိမ့် ရင်ထဲဆိမ့်

တပ်မတော်သားမှန်ရင် တပ်သားသစ်သင်တန်း၊ ဗိုလ်သင်တန်းက စပြီး လက်ဖက်ရည်နဲ့ ကြီးပြင်းခဲ့ရတယ်။ လက်ဖက်ရည်ရယ် ၊ ကုလားပဲရယ်၊အာမီရမ်ရယ်ဟာ စစ်သားတွေရဲ့ ဘဝအစိတ် အပိုင်းပဲ။ ကျွန်တော့်ဘဝမှာ လက်ဖက်ရည်မကြိုက်တဲ့ စစ်သားလို့ မတွေ့ဘူးဖူး။ လက်ဖက်ရည် မကောင်းလို့ကော်ဆဲတဲ့စစ်သားပဲရှိတယ်။

တပ်မတော်မှာတာဝန်ထမ်းဆောင်ချိန်က တစ်ချို့တပ်ခွဲတွေမှာ လက်ဖက်ရည်ဖျော်တာ တကယ်ကောင်းတဲ့ ရဲဘော်တွေရှိတယ်။ တပ်မတော်အချိုခြောက်ကို စိတ်ရှည်လက်ရှည်နှပ်ပြီး ဖျော်တာ အပြင်ဆိုင်တွေလက်ဖျားခါလောက်တယ်။

အဲဒီလို လက်ဖက်ရည်တစ်ခွက်၊ နနွင်းဝါဝါ နဲ့ကြော်ထားတဲ့ ထမင်းကြော်တစ်ပွဲနဲ့ မနက်ခင်း ကို စလိုက်ရရင်တော့ ဘယ်ပြောကောင်းမလဲ။ စစ်ကြောင်းနဲ့ချီတက်ရတဲ့အခါ နယ်မြေအခြေအနေက လည်းပေးတယ်ဆိုရင် အရာရှိတွေ လက်ဖက်ရည်ကောင်းတဲ့တပ်ခွဲမှာ စုကြတာပဲ။ တစ်နေကုန် ချီ တက်ပြီးလို့ စခန်းချပြီဆိုတာနဲ့ လက်ဖက်ရည်တစ်ခွက်များသောက်လိုက်ရရင် မောသမ ျှ အကုန် ပြေတာပေါ့။

ပြန်ကြားရေးရောက်တော့ ပြန်/ဆက်မှာ အရင်က လက်ဖက်ရည်ဖျော်ခဲ့ဖူးတဲ့ ဝန်ထမ်းတစ်ယောက် နဲ့ ကြုံဖူးတယ်။ အရင်က ရန်ကုန်ပလက်ဖောင်းမှာ ခုံခင်းပြီးရောင်းခဲ့ဖူးတဲ့သူဆိုတော့ သူ့လက်ရာ ကလည်း အတော်ကောင်းတယ်။

လက်ဖက်ရည် ကောင်းကောင်းဆိုတာ ဆိုင်ကြီးတာ၊ ခမ်းနားတာ နဲ့ မဆိုင်ဘူး။ လက်ဖက်ခြောက် အမျိုးအစား ၊လက်ဖက်ခြောက်နှပ်တာ ၊ အချိုရည်စပ်တာ နဲ့ ဖျော်ပုံဖျော်နည်းအပေါ်မှာပဲ မူတည် တယ်။ ကျွန်တော်ကတော့ လက်ဖက်ရည်ဆိုင်ကြီးလေ လက်ဖက်ရည်ကောင်းကောင်းရဖို့ ခက် လေလို့ထင်တယ်။ လက်ဖက်ရည်ဆိုင်မှာ မုန့်တွေ၊ အစားအသောက်တွေမျိုးစုံအောင်တွဲရောင်း တာလည်း လက်ဖက်ရည် အရသာပျက်တယ်လို့ ခံယူတယ်။

လက်ဖက်ရည်သက်သက် ၊ လက်ဖက်ရည်ကောင်းကောင်း ၊ လက်ဖက်ရည်ကို ဇိမ်ခံ သောက် လို့ရတဲ့ ဆိုင်တစ်ဆိုင် ရွှေတိဂုံဘုရား၊ အရှေ့ဘက်မုခ် ပိုက်လုံးလမ်းက မိုးမခ မွန်ထမင်းဆိုင်နား မှာ ရှိတယ်။

ဒီဆိုင်ဟာ ဆိုင်းဘုတ်မရှိဘူး၊ မသိရင် ကွမ်းယာဆိုင်လိုလို၊ သော့ပြင်တဲ့ဆိုင်လိုလိုနဲ့ ကျော်သွား မယ့်ဆိုင်။ ဒီဆိုင်မှာ စားပွဲထိုးမရှိဘူး၊ အဖျော်ဆရာလည်းသူ၊ စားပွဲထိုးလည်း သူပဲ။ ဒီဆိုင်မှာ သစ်သားခုံလေးတစ်လုံးနဲ့ ခွေးခြေနှစ်လုံးပဲဆန့်တယ်။ လက်ဖက်ရည်သောက်သုံးသူတွေက သစ် သားခုံနဲ့ ခွေးခြေလေးတွေယူပြီး မျက်နှာချင်းဆိုင် ဘုန်းကြီးကျောင်းအုတ်စည်းရိုးအရိပ်မှာ ထိုင်ရ တယ်။ ဒါမှမဟုတ် သူ့ဆိုင်နောက်က လှေကားထစ်နဲ့ အောက်ဖက်ကို ဆင်းသွားတဲ့လမ်းကြား လေးထဲမှာထိုင်ရတယ်။

အရှေ့ဘက်မုခ် အာဇာနည်ဗိမာန်လမ်းကနေ ပိုက်လုံးလမ်းအတိုင်း ဆင်းလာရင် ညာဘက်မှာ စိန် ပန်းကျောင်းတိုက်ဆိုတဲ့ ဆိုင်းဘုတ်ရှိတယ်။ အဲဒီကျောင်းနဲ့မျက်နှာချင်းဆိုင်ဈေးတန်းရဲ့ ထိပ်ဆုံး မှာ လက်ဖက်ရည်ဆိုင်ရှိတယ်။ လက်ဖက်ရည်ဆိုင်က သူများဆိုင်ရှေ့မှာ အဖီဆွဲပြီး ဖွင့်ထားတာ။

ဆိုင်ရှေ့မှာ Wave Money ဤဆိုင်တွင်ငွေလွဲှပါဆိုတဲ့ ပိုစတာရယ်၊ Mytelpay ဆိုတဲ့ ပိုစတာရယ်၊ ဘာရေးထားမှန်းမသိတဲ့ မြွေရေခွံအိတ်ရယ် နဲ့နေကာလုပ်ထားတယ်။ ဒ့ါကြောင့် မသိတဲ့လူဆိုရင် ဆိုင်ကို ကျော်သွားမှာပဲ။ ဆိုင်ရှေ့မှာ ရှိတဲ့ သစ်သားဘီရိုအပုလေးဟာ လက်ဖက်ရည်ဖျော်တဲ့ ကောင်တာလည်းဖြစ်တယ်၊ ငွေသိမ်းစားပွဲလည်းဖြစ်တယ်။ ဆိုင်ရဲ့ ပစ္စည်းအားလုံးကို သိမ်းဆည်း ထားတဲ့ စတိုခန်းလည်းဖြစ်တယ်။ ဆိုင်ပိုင်ရှင်က ရေတာရှည်လမ်းသစ်ကနေ လာဖွင့်တာ။

လက်ဖက်ရည်သောက်တဲ့ခွက်ကတော့ ပုံစံမျိုးစုံပဲ။ ဝယ်ထားတာရှိသလို လက်ဆောင်ရထားတွေ လည်းရှိပုံရတယ်။ တစ်ခုတည်းသော စားပွဲမှာ ကျွန်တော့်အရင်ရောက်နေတဲ့သူက အပြာရောင်ခွက် နဲ့ သောက်ရတယ်။ ကျွန်တော်က ခွက်အဖြူနဲ့သောက်ရတယ်။

ရေနွေးကြမ်းအတွက်ကတော့ ဓာတ်ဘူးတွေဘာတွေမရှိဘူး။ နို့ဆီခွက်နဲ့ထည့်ပေးတယ်။ အဲဒီ အတိုင်းသောက်ရင်သောက်၊ ဒါမှမဟုတ် လက်ဖက်ရည်သောက်ပြီးတဲ့ခွက်ကို ရေနွေးကြမ်းနဲ့ ကျင်း ပြီးသောက်ပေါ့။ ဒီလို နို့ဆီခွက်နဲ့ ထည့်ပေးတာမြင်တော့ ငယ်ငယ်က ကာကာဆိုင်မှာ လက် ဖက်ရည်ပါဆယ်သွားဝယ်တဲ့အခါ နို့ဆီခွက်နဲ့ထည့်ပေးတာကို သတိရမိတယ်။ ဆေးလိပ်သောက် သူများအတွက်တော့ ဆိုင်ရှေ့တိုင်မှာ ဂတ်စ်မီးခြစ်တစ်လုံးတွဲလောင်းဆွဲပေးထားတယ်။ ဒါကလည်း အုန်းဆံကြိုးမီးရှို့ပေးထားတဲ့ခေတ်ကို သတိရစရာပဲ။

ဒီဆိုင်လေးရဲ့ အဓိက ဖောက်သည်တွေကတော့ တက္ကစီကားဆရာတွေပဲ။ ကားဆရာတွေက ကားကို ရွှေတိဂုံပိဋကတ်တိုက်ဘေးအရိပ်မှာထိုး၊ ကားကြားမှာ ခွေးခြေလေးတွေနဲ့ ထိုင်ပြီး သောက်ကြတယ်။ ရွှေတိဂုံဘုရားက ဝန်ထမ်းတွေ၊ ဒီပတ်ဝန်းကျင်ကလူတွေလည်း ဒီဆိုင်လေး ရဲ့ ဖောက်သည်တွေပဲ။ အများစုကတော့ ပါဆယ်ဆွဲကြတယ်လို့ဆိုတယ်။

ကျွန်တော်ကို လမ်းညွှန်တာလည်း တက္ကစီကားဆရာပါပဲ။ ကျဆိမ့်တစ်ခွက် သောက်ခဲ့တယ်။ တကယ်လည်း ရင်ထဲဆိမ့်သွားခဲ့တယ်။ အခုတစ်လော စိတ်ချမ်းသာစရာတွေ၊ ရင်အေးစရာတွေ များနေတဲ့အချိန်မှာ လက်ဖက်ရည်ဆိုင်ကောင်းကောင်းလေးတစ်ဆိုင်ကိုတွေ့လိုက်ရတာ အချိုပေါ် သကာလောင်းတာပဲ။

ပကာသန မလိုဘူး။ လက်ဖက်ရည်ကောင်းကောင်းတစ်ခွက်ပဲသောက်ချင်တယ်ဆိုရင်တော့ ပိုက်လုံးလမ်းက အမည်မဲ့ဆိုင်လေးကို သွားကြည့်ပါ။

ရွှေတိဂုံ အရိပ်အောက်မှာ (၄)

မိုးညှင်းစံကျောင်း

ရွှေတိဂုံ အောက်ပစ္စယံ မင်းကွန်းဝိပဿနာကျောင်းကနေ ထွက်လာရင် ရန်ကုန်ဘိုးဘိုးကြီး နတ်ကွန်းကို သွားတဲ့လမ်းလေးရှိတယ်။ အဲဒီလမ်းလေးဘေးမှာ မောင်ဝိတ်ဓမ္မာရုံရှိတယ်။ ဓမ္မာရုံ ကို ကျော်လိုက်တဲ့အခါ “မိုးညှင်းစံကျောင်းတိုက်” ဆိုတဲ့ ဆိုင်းဘုတ်ရှိတယ်။ ကျောင်းတိုက် အဝင် မုခ်ဦးမှာ “ အောင်မြင်ချမ်းသာ လာဘ်မိုးရွာဘုရား၊ မိုးညှင်းစံကျောင်း” ဆိုတဲ့ ဆိုင်းဘုတ်ရှိတယ်။

ကျွန်တော်ရောက်တဲ့အချိန်မှာ ဆရာတော်မရှိဘူး။ ကျောင်းမှာရှိတဲ့ သံဃာငယ်တွေကလည်း ကျောင်းတိုက်သမိုင်းကို ပြောပြနိုင်သူမရှိဘူး။ ကျောင်းသမိုင်းနဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ လည်း မရှိဘူးလို့ပြောတယ်။ မှတ်တမ်းမှတ်ရာ ထိန်းသိမ်းမှုနဲ့ပတ်သက်ရင် အားနည်းလေ့ရှိတဲ့ ကျွန်တော်တို့ ရဲ့ အလေ့အထကို ဒီမှာလည်းတွေ့ရတယ်။

ကျောင်းတိုက်အဝင်မုခ်ဦးရဲ့ အပေါ်ဘက်မှာတော့ “ ပြွန်တံရာမြို့ သူဋ္ဌေးဦးဆင်ကြီး သူဋ္ဌေးကတေါ် ဒေါ်ဒေါ်နှင်း ညီမ၊ မမစိန်၊ သားဝတ်လုံတော်ရ မောင်ချန်ထွန်း သ္မီး ဝတ်လုံကတေါ် ၊ ခင်ခင်သိန်းနှင့် ခင်မမကြီးတို့ကောင်းမှု၊” လို့စာတမ်းထိုးထားတယ်။ ကျောင်းတိုက်မျက်နှာစာ ပြူတင်းပေါက် အပေါ်နံရံမှာလည်း “ ပဲခူးပိုင်၊ ဒိုက်ဦးမြို့၊ သူဋ္ဌေးဦးဘရင် သူဋ္ဌေးကတေါ် ဒေါ်မိန်းကလေးတို့ ကောင်းမှု” လို့ စာတမ်းထိုးထားတယ်။ ဒီစာတမ်းနှစ်ခုပဲ မူလအလှုရှင်တွေလို့ ခန့်မှန်းရတယ်။ ကျန်တဲ့အလှုရှင်တွေက ၁၉၉၉ ခုနှစ်နောက် ပိုင်းမှ လှုဒါန်းသူတွေပါ။ ကျောင်းတိုက် တည် ဆောက် တဲ့ ခုနှစ်ရှာမတွေ့ဘူး။ အလှုရှင်စာတမ်းပါ အရေးအသားတွေအရတော့ ဒုတိယကမ္ဘာစစ်မဖြစ်မီ ကိုလိုနီခေတ်ကတည်ဆောက်လှုဒါန်းတယ်လို့ပဲ ယူဆမိပါတယ်။

ကျောင်းအတွင်းပိုင်းမှာ ဝေဿန္တရာဇာတ်တော်နဲ့ မဟော်သဓာဇာတ်တော် ပန်းချီကားတွေရှိတယ်။ ပန်းချီကားတွေမှာ “ဆရာခင် သားများ ကုမ္ပဏီ ကံထရိုက်တာ” လို့ စာတမ်းထိုးထားတယ်။ ဆရာ ခင်သားများကုမ္ပဏီ ဆိုတဲ့ စာတမ်းကို အနောက်ဘက်မုခ် စောင်းတန်းဝဲယာနံရံက အလှုရှင် ကျောက်ပြားတွေမှာလည်းတွေ့ဖူးတယ်။ အဲဒီခေတ်ကာလက ဘာသာရေးအဆောက်အဦတွေနဲ့ ပတ်သက်ရင် နာမည် ရတဲ့ လုပ်ငန်းရှင်ဖြစ်မယ်ထင်တယ်။ ကျောင်းတိုက်အတွင်း ပြူတင်း တံခါး တွေ ၊ မှန်တွေက မူလလက်ရာတွေပါ။ မှန်တွေက ပန်းခက်တွေနဲ့ ရောင်စုံမှန်တွေ၊ တံခါး ဘောင်တွေပေါ်က ကဒေါင်းရုပ်တုတွေကလည်း လက်ရာမြောက်လှပါတယ်။

မူလကျောင်းတိုက်နောက်ဘက်မှာတော့ ဆွမ်းချက်ဆောင်၊ ဆွမ်းစားဆောင်တွေတိုးချဲ့ထား တယ်။ ဝါတွင်း/ဝါပ ဥပုသ်စောင့်သူတွေရှိတယ်။ သင်္ကြန်တွင်းမှာ တရားစခန်းဖွင့်တယ်။ “ဤကျောင်း ဆောင်အတွင်း ကွမ်းမစားခြင်း၊ ဆေးလိပ်မသောက်ခြင်းဖြင့် ကုသိုလ်ယူပါ” ဆိုတဲ့ စာတမ်းတစ်ခု တွေ့တယ်။

မိုးညှင်းစံကျောင်းရဲ့ ထူးခြားချက်က “ အောင်မြင်ချမ်းသာ လာဘ်မိုးရွာဘုရား” ဖြစ်ပါတယ်။ ဒီ ရုပ်ပွားတော်ကြီးက မူလရှိတဲ့ ရုပ်ပွားတော်မဟုတ်ပါဘူး။ နိုင်ငံခြားသားတစ်ဦး ရှေးဟောင်းပစ္စည်း ဆိုင်က ဝယ်ယူလာခဲ့တဲ့ ဦးခေါင်းတော်ကို အလှုရှင်တစ်ဦးက ဦးခေါင်းတော်နဲ့ အချိုးညီတဲ့ ကိုယ် လုံးတော် ထုလုပ်ပူဇော်ထားတာဖြစ်ပါတယ်။ ပန်းပုဆရာအမည်ကို မသိရဘူး။ ဒါပေမယ့် ဦးခေါင်းတော်နဲ့ ကိုယ်လုံးတော်ကတော့ အချိုးကျပြီးကြည်ညိုဖွယ်ရာဖူးတွေ့ရပါတယ်။ ဦးခေါင်း တော် ရရှိတဲ့ နှစ်ကိုလည်းရေးမထားဘူး။ ရုပ်ပွားတော်ကို ပင့်ဆောင် အနေကဇာတင်တဲ့ ရက် ကိုတော့ ၃၀-၄-၂၀၁၄ လို့မှတ်တမ်းတင် ထား ပါတယ်။ ( ဘုရားသမိုင်းအပြည့်အစုံကို ဓာတ်ပုံတွင်ကြည့်ပါ။ )

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်မြို့တော်အခြေအနေကို အခု လိုသုံးသပ်ပြောကြားလိုက်တဲ့အကြောင်း စံတော်ချိန်သတင်းမှာ ဖော်ပြထားပါတယ် –
၁။ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) အစိုးရသက် တမ်း နောက်ဆုံးနှစ်အတွင်း တိုးတက်လာ ပြီး ရာသီဥတု ကောင်းမွန်လာတယ်။
၂။ လူတွေရဲ့စိတ်ရင်း၊ စိတ်ဓာတ်တွေ သာယာပြီး အေးချမ်းလို့ရာသီဥတုလည်း ကောင်းလာတာ ဖြစ်တယ်။
စကားအရာမှာတော့ မန္တလေးဟာ ရန်ကုန်ကို လိုက်လို့မမီတော့ဘူး။

ရွှေတိဂုံ အရိပ်အောက်မှာ (၃)

မင်းကွန်းဝိပဿနာ

ဖွားသဲနု ဇရပ်က ပြန်ထွက်၊ ဘယ်ဘက်လမ်းလေးအတိုင်းတက်လိုက်ရင် အောက်ပစ္စယံပတ်လမ်း ကို ရောက်တယ်။ ဒီလမ်းလေးကတော့ အုတ်စီလမ်း၊ အလယ်မှာ စကျင်ကျောက်ပြားတွေခင်း ထားတယ်။ ညာဘက်အခြမ်းမှာ မြေယာရှုခင်းအလှဆင်ထားတယ်။ ဘယ်ဘက်အခြမ်းမှာ ဂေါပက အဖွဲ့ရဲ့ရွှေပြားကြိတ်စက်ရုံရှိတယ်။ ဝန်ထမ်းအိမ်ယာနှစ်ထပ်လိုင်းခန်းရှိတယ်။ ဓမ္မဗိမာန် နှစ်ထပ် အဆောက်အဦတစ်ခုရှိတယ်။

အဲဒါတွေကို ကျော်သွားတဲ့အခါ ဘယ်ဘက်အခြမ်းမှာ “ မူလ မင်းကွန်း ဝိပဿနာ ကမ္မဋ္ဌာန်းဌာန” လို့ ရေးထားတဲ့ အဝါရောင် ဆိုင်းဘုတ်တစ်ခုရှိတယ်။ အဲဒီဆိုင်းဘုတ်ဘေးမှာ ကျေးဇူးရှင် သထုံမြို့ မူလမင်းကွန်း ဇေတဝန် ဆရာတော်ဘုရားကြီး၏ သြဝါဒ” လို့ ခေါင်းစဉ်တပ်ပြီး-

“အသစ်ကို မကြံလင့် ၊ အဟောင်းကို မပြန်လင့်
ဖြစ်အောင်မပြုလင့် ၊ ပျက်အောင်မပြုလင့်
ဖြစ်တိုင်း-ပျက်တိုင်း ထင်အောင်ရှု
ဖြစ်အောင်ပြု လောဘ ၊ ပျက်အောင်ပြု ဒေါသ
ဖြစ်တိုင်း ပျက်တိုင်းမသိ မောဟ”

လို့ ဖော်ပြထားတဲ့ ဆိုင်းဘုတ်ကြီးရှိတယ်။

မင်းကွန်းဇေတဝန်ဆရာတော် ( ၁၂၃၀ – ၁၃၁၆) ဆိုတာ သတိပဋ္ဌာန တရားကို လူအများနားလည် စတင်ဟောကြားခဲ့၊ ကိုယ်တိုင်လည်း လက်တွေ့ကျင့်ကြံခဲ့တဲ့ ဆရာတော်ကြီးအဖြစ်ထင်ရှားပါ တယ်။ အဲဒီခေတ်ကာလမှာ “ သွား-သွားတယ်မှတ်၊ ရပ်-ရပ်တယ်မှတ်၊ ထိုင်-ထိုင်တယ်မှတ်၊ အိပ် (လျောင်း) – အိပ်(လျောင်း) တယ်မှတ်” လို့ ပါဠိမဖက် မြန်မာစကားသက် သက်နဲ့ ဟောတဲ့အခါ အဆန်းထွင်တယ်ဆိုပြီး သံဃာတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ ဝေဖန်ကဲ့ရဲ့တာကို ခံခဲ့ ရ ပါတယ်။ သတိပဋ္ဌာန် တရားတော်ကို နားမလည်နိုင်သေးတဲ့သူများက သွား- သွားတယ်မှတ် ဆိုတဲ့ စကားကို လှောင် ပြောင်ခဲ့ကြတယ်။ နောင်မှာတော့ သတိပဋ္ဌာန်တရားကို လက်တွေ့ကျင့်ကြံအားထုတ်တဲ့ ဒကာများရဲ့ ပင့်ဆောင်မှုကြောင့် အညာကနေ အောက်ပြည်ကို စုန်ဆင်းခဲ့ပြီး ၁၂၇၆ ခုနှစ် သထုံမြို့မှာ မင်းကွန်းဇေတဝန်ကျောင်းကိုတည်ထောင်တရားပြခဲ့တာဖြစ်ပါတယ်။

မင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီးရဲ့ တပည့် ဆရာတော်ဦးဝိသုဒ္ဓက ရန်ကုန် အင်းစိန်၊ ဗိုလ်ကုန်းမှာ မူလမင်းကွန်းဝိပဿနာ ကမ္မဋ္ဌာန်းဌာန ကို တည်ထောင်တယ်။ ၁၉ ၄၉ ခုနှစ် အင်းစိန် တိုက်ပွဲကာလမှာ ဆရာတော်က ရွှေတိဂုံစေတီတော် ရေကြည်တော်ဝတ်အသင်းကို ပြောင်းရွှေ့ ပြီး သီတင်းသုံးရတယ်။ အဲဒီလိုသီတင်းသုံးနေရင်းနဲ့ အောက်ပစ္စယံ အခုလက်ရှိနေရာမှာ သစ်ပင် တွေ၊ ချုံတွေကို ရှင်းပြီး ယာယီမဏ္ဍပ်လေးနဲ့ သတိပဋ္ဌာန်တရားပြတယ်။

အဲဒီလို တရားပြတဲ့အခါ သွား-သွားတယ်မှတ်၊ ရပ်-ရပ်တယ်မှတ် စသည်ဖြင့် တရားဟောနေတာကို ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဘရီကကြားတော့ “ ဒါ တရားဟောတာမဟုတ်ဘူး၊ လူအလုပ်ကို လုပ် နေတယ်” လို့ပြောပြီး ရွှေတိဂုံစေတီတော်ကနေ ဖယ်ရှားဖို့လုပ်တယ်။ ဒါပေမယ့် ဆရာတော် က ဦးဘရီကို ခဏလောက် ကိုယ်တိုင်ကျင့်ကြည့်ပါဆိုပြီး တရားပြတယ်။ အဲဒီလို တရားထိုင် ကြည့်ပြီး တဲ့နောက် ဦးဘရီက နောက်နေ့မှာ ဇနီးဖြစ်သူ ဒေါ်လှဖူးကို ခေါ်လာပြီး အတူတရားထိုင်တယ်။ သုံး ရက်တရားထိုင်ပြီးတဲ့နောက်မှာတော့ ဦးဘရီက သတိပဋ္ဌာန်တရားစခန်းဖွင့်နိုင်ဖို့အတွက် ဒီနေရာ မှာ ကျောင်းဆောက်ပြီးလှုဒါန်းခဲ့တယ်။

ကျောင်းဝင်းထဲမှာ “ရာဇဝတ်ဝန်မင်း ဦးဘရီ ၊ မင်းကတော် ဒေါ်လှဖူး သားသ္မီးတစ်စုကောင်းမှု” လို့ စာတမ်းထိုးထားတဲ့ ကျောင်းဆောင်တစ်ခုရှိတယ်။ အဲဒီကျောင်းဆောင်ဘေးမှာ အုတ်ဓမ္မာရုံတစ် ဆောင်ကိုလည်း ဦးဘရီက ဆောက်လုပ်လှုဒါန်းထားတယ်။ အဲဒီဇရပ်မှာတော့ “ သာသနာတော် သက္ကရာဇ် ၂၄၉ ၉ ခု- ၂၅၀၀ ခု ၊ ၁၃၁၇ ခု ကဆုန် လ္ဆုပ် ၈ ရက်နေ့တွင် မူလမင်းကွန်း ရဟန္တာကိုယ်တော်ကြီးကိုယ်စား မိတ္ထီလာ-တောင်ပုလုဆရာတော်၊ ရန်ကုန် မင်းကွန်း ဦးဝိသုဒ္ဓဆရာ တော်နှစ်ပါး အုဋ္ဌ်မြစ်ချတော်မူသည်။ ဝန်မင်း ဦးဘရီ ၂၅-၆-၁၉ ၅၅” လို့ ရေးထားတဲ့ ကျောက် ပြား တစ်ချပ်ကပ်ထားပါတယ်။

ပထမကျောင်းတိုက်ရှေ့နံရံနဲ့ကပ်လျက်နေရာမှာ ထုံးဖြူသုတ်ထားတဲ့ ကျောက်ပုံတစ်ခု ရှိတယ်။ ကျောက်ပုံ ဘယ်ညာမှာ ဆင်ရုပ်နှစ်ခုရှိတယ်။ နောက်ဘက်ကျောင်းနံရံမှာတော့ “ ဆင်နှစ်ကောင် အမှတ်အသားနေရာသည် ရန်ကုန်ဆရာတော်ကြီး ဦးဝိသုဒ္ဓ ဝိပဿနာ သတိပဋ္ဌာန် တရားများ စတင် ဟောကြားခဲ့သည့် အထိမ်းအမှတ် ပလ္လင်နေရာဖြစ်ပါသည်။ ရိုသေမှုဖြင့် ကုသိုလ်ယူပါ။” လို့ ရေးထားတဲ့ကျောက်ပြားတစ်ချပ် ရှိတယ်။ ဒါပေမယ့် ကျောက်ပုံပေါ်မှာ သွပ်ပြား အဟောင်း တွေပုံထားတယ်။ ကျောင်းပြင်နေဆဲ ကာလဖြစ်လို့ထင်ပါတယ်။ ဒီအဆောက်အဦ နှစ်ခုက မူလ ပထမအဆောက်အဦတွေပါ။ အခုတော့ ကျောင်းဝင်းထဲမှာ ကျောင်းတိုက် အသေးလေးတွေ အများ ကြီးဖြစ်နေပြီ။ နောက်ဘက်မှာလည်း နှစ်ထပ်ဆောင်တစ်ခု တိုးချဲ့ဆောက်နေတယ်။ ရွှေတိဂုံစေတီ တော် ဝတ္တကမြေထဲမှာ နောက်ထပ်အဆောက်အဦသစ်တွေ တိုးချဲ့ဆောက်တာနဲ့ပတ်သက်ရင် တိကျတဲ့ မူဝါဒတစ်ခုရှိသင့်ပြီလို့ ခံစားမိတယ်။

လက်ရှိကျောင်းထိုင်ဆရာတော်က ဦးဝိလာသပါ။ တတိယမြောက် ကျောင်းထိုင်ဆရာတော် ဖြစ် ပါ တယ်။ ကျောင်းဝင်း ဘေးမှာ“ ရွှေတိဂုံထီးတော်သစ် တင်လှုပွဲ အထိမ်းအမှတ် မောင် ဝိတ် ဓမ္မာရုံ ရှိတယ်။ ၁၉ ၉ ၉ ခုနှစ် မှာ လှုဒါန်းတယ် လို့ ရေးထားတယ်။ အဲဒီဓမ္မာရုံမှာ ဆရာတော် ဦးဆောင် ပြီး လစဉ် ၇ ရက် တရားစခန်း၊ တစ်ရက် တရားစခန်းတွေဖွင့်ပါတယ်။

မွန် ထမင်းဆိုင်


မင်းသိင်္ခ စာတစ်ပုဒ်မှာ ရွှေတိဂုံစေတီတော်ပေါ်မှာ ပုတီးစိတ်တဲ့အချိန်က အရှေ့ဘက် စောင်းတန်းက အလွန်ကောင်းသော မွန်ထမင်းဆိုင်မှာ ထမင်းစားတဲ့ အကြောင်း ဖတ်ခဲ့ ဖူးတယ်။
ဒါ့ကြောင့် အရှေ့ဘက်စောင်းတန်းမှာ မွန်ထမင်းဆိုင်ရှိလားလို့မေးတော့ မရှိဘူး၊ အရှေ့ဘက် မုခ် နားက ပိုက်လုံး လမ်း မှာတော့ မွန်ထမင်းဆိုင်ကောင်းကောင်းရှိတယ်ဆိုလို့ ရောက်သွားခဲ့တယ်။ ဆိုင်ခန်းကျဉ်းပေမယ့် သပ်ရပ်သန့်ရှင်းတယ်။ ဈေးနှုန်းတွေကလည်း သင့်တင့်ပါတယ်။
ပိုက်လုံးလမ်းဆိုတာက တောင်ဘက်မုခ်ကနေ အာဇာနည်ဗိမာန်လမ်းအတိုင်းလာရင် ညာ ဘက်က ရွှေတ ိဂုံ စေတီတော် ပိဋကတ်တိုက်သို့လို့ ဆိုင်းဘုတ်တတ်ထားတဲ့လမ်းကို ပြောတာပါ။
ဆိုင်ဖွင့်တာ ၂၀၀၈ မှာဆိုတော့ ဆရာမင်းသိင်္ခပြောတဲ့ဆိုင်တော့မဟုတ်ဘူး။ ဒါပေမယ့် ငါးပြေမ ချက်ကတော့ အတော်ကောင်းတယ်။ သရက်သီးနဲ့ချက်ထားတဲ့အတွက် ငါးပြေမရဲ့ စိမ့်တဲ့ အရ သာနဲ့ အချဉ်လေးနဲ့ တွဲလိုက်တော့ ဘာပြောကောင်းမလဲ။ ဆိုင်တိုင်းမှာ မရနိုင်တဲ့ ကြက်အချင်းတိုင် ဟင်းလည်း ကောင်းတယ်။ ကျွန်တော်ကတော့ ငါးပြေမ ရယ်၊ကြက်အချင်းတိုင်ရယ်၊ ဟင်းနှစ်မျိုးနဲ့ အပီအပြင်ဆွဲခဲ့တယ်။

ရွှေတိဂုံ အရိပ်အောက်မှာ (၂)


ကရင်လူမျိုး စာကြည့်ပိဋကတ်တိုက်
ရွှေတိဂုံ စေတီတော် တောင်ဘက်မုခ် က နေ အာဇာနည် ဗိမာန်လမ်း အတိုင်းလာရင် အရှေ့ဘက် မုခ် ယာဉ်ရပ်နားကွင်းနဲ့ မျက်နှာချင်းဆိုင်နေရာလောက်မှာ“ ရွှေတိဂုံစေတီတော် ပိဋကတ်တိုက် သို့” ဆိုတဲ့ ဆိုင်းဘုတ်နဲ့ လမ်းကြားလေးရှိတယ်။ ရွှေတိဂုံဘုရားကလာတဲ့ ဂျိုးဖြူပိုက်ကြီးရှိလို့ အဲဒီလမ်းကြားလေးကို ပိုက်လုံးလမ်းလို့ ခေါ် တယ်။ အဲဒီလမ်းကြားလေးက တစ်လမ်းမောင်း၊ ဗဟန်း(၃) လမ်းဘက်က ဝင်ရတယ်။ အာဇာနည် ဗိမာန် လမ်းဘက်က ဝင်လို့မရဘူး။ ဒီလမ်းကြားလေး အတိုင်းသွားရင် စိန်ပန်းကျောင်းတိုက်ဆိုတဲ့ ဘုန်းတော်ကြီးကျောင်းရဲ့ နံရံမှာ ရွှေတိဂုံစေတီတော် ဝတ္တကမြေနယ်နမိတ်လို့ စာတမ်းထိုးထားတယ်။ ရွှေတိဂုံ စေတီတော် ရဲ့ ဝတ္တကမြေဟာ ဒီကျောင်းနံရံမှာ ဆုံးတယ်ဆိုတဲ့ သဘောပေါ့။
အဲဒီ ပိုက်လုံးလမ်းအတိုင်းဆင်းသွားတဲ့အခါ စိန်ပန်းကျောင်းတိုက်မရောက်ခင် ညာ ဘက်မှာ လမ်းကြားလေးတစ်ခု ရှိတယ်။ အဲဒီ လမ်းကြားလေးအတိုင်းဝင်သွားရင် ကရင်လူမျိုး စာကြည့် ပိဋကတ်တိုက်ကိုရောက်တယ်။
အဝင်၀ မုခ်ဦးမှာ “ ဦးကျော်ထွန်း ဥက္ကဋ္ဌ၊ သမ္မာသမ္ဗုဒ္ဓဘာသာ ကရင်လူမျိုး စာကြည့် ပိဋကတ်တိုက်” လို့ ရေးထားတယ်။ အဝင်၀ ညာဘက်မှာ ပိဋကတ်တိုက် တည်ဆောက်ရတဲ့ သမိုင်း ကို ရေးထိုးထားတဲ့ ကျောက်စာရှိတယ်။ ကျောက်စာရေးထိုးတဲ့ နှစ်က ကောဇာက္ကရာဇ် ၁၂၉ ၇ ခုနှစ်။ ကျောက်စာတိုက်ကို သံပန်းနဲ့ သေသေချာချာ ကာထားတယ်။ တိုက်နံရံမှာ တော့ ကောဇာသက္ကရာဇ် ၁၂၉ ၂ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက်၊ နေ့ ၁၂ နာရီ ၅ မိနစ်မှာ ရှေးဦး ပန္နက် စိုက်ထူတဲ့အကြောင်း ဂြိုလ်ခွင်နဲ့တကွ တိတိကျကျ ရေးသားထားတဲ့ကျောက်ပြားတစ်ချပ် ကပ်ထားတယ်။
ကရင်လူမျိုးစာကြည့်ပိဋကတ်တိုက် အလှုရှင်က မအူပင်မြို့နယ် တရုတ်လပ်ကျေးရွာဇာတိ ဦး စောကျော်ထွန်း၊ဒေါ် နော်ကြာနွယ်ပါ။ သာမန်လယ်သမားလေးဘဝကနေ ကြိုးစား လုပ်ကိုင်ရင် လယ်ပိုင်ရှင် ဖြစ်လာတယ်။ မအူပင်မှာ သာသနိကအဆောက်အဦတွေလှုဒါန်းတယ်။ နောက်တော့ မအူပင်ကနေ ရန်ကုန် အလုံ၊ စူပါပင်လမ်းကို ပြောင်းရွှေ့လာတယ်။ ရန်ကုန် ရောက် တော့လည်း ညောင်ရမ်းဆရာတော်ဘုရားကြီး ဦးရေဝတရဲ့ ကျမ်းစာအုပ်ကို ရိုက်နှိပ်လှုဒါန်းသလို မင်္ဂလာတောင်ညွှန့်မြို့နယ် မြရာကုန်း ရွှေကျင်ကျောင်းတိုက်မှာလည်း နှစ်ထပ်သိမ်ကျောင်း တစ် ဆောင်လှုဒါန်းခဲ့တယ်။
နောက်တော့ ရွှေတိဂုံစေတီတော်မှာ ရေမလုံလောက်တာကို တွေ့တဲ့အတွက် ရေရရှိရေး အတွက် လှုဒါန်းဖို့ ကြိုးစားတယ်။ အဲဒီအချိန်က ဂေါပက အဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ လှုလို့မရ ဘူး။ ဂေါပကအဖွဲ့က ဂေါပက အဖွဲ့စည်းမျဉ်းနဲ့အညီ ပိဋကတ်တိုက်ဆောက်မယ်ဆိုရင် မြေပေး မယ်ဆိုတာနဲ့ အခုနေရာမှာ ကရင်လူမျိုးစာကြည့်ပိဋကတ်တိုက်ကို ကောဇာသက္ကရာဇ် ၁၂၉ ၂ မှာ ပန္နက်ချတယ်။ ၁၂၉ ၃ မှာစတင်ဆောက်လုပ်တယ်။ ၁၂၉ ၄ ခုနှစ်နွေရာသီမှာ ပြီးတယ်။ မြေကွက် အကျယ်က ၈၅ ပေပတ်လည်၊ အဆောက်အဦအမြင့်က ပေ ၅၀ လို့ ဆိုတယ်။ အဆောက်အဦ ဆောက်တာ ၅၄၃၇၀ကျပ်၊ ၉ ပဲ ၊၆ ပြားကုန်တယ်။
အလှုရှင် ဦးစောကျော်ထွန်း နဲ့ ဒေါ် နော်ကြာနွယ်တို့က ၂၁၅၀၀ ကျပ်မတည်တယ်။ ကျန်တဲ့ အလှုရှင်တွေထဲမှာ ၅ ကျပ်နဲ့ အထက်လှုဒါန်းသူ ၂၅ ဦးရှိတယ်။ အများဆုံးလှုဒါန်းတာက ၅၃၁၀ ကျပ်။ ၅ ကျပ်အောက် လှုဒါန်း သူ အရေအတွက်တော့ မသိရဘူး။ဒါပေမယ့်ငါးကျပ်အောင် လှုဒါန်းသူတွေထံစုစုပေါင်း ၈၃၁ ကျပ်၊ ၉ ပဲ ၊ ၆ ပြား ရတယ်လို့ ဖော်ပြထားတယ်။
ပိဋကတ်တိုက်ကို ဆောက်တဲ့အချိန်မှာ ရန်ကုန်ကို ဘုရားဖူးလာတဲ့ ကရင်တိုင်းရင်းသားများပါ တည်းခိုနေထိုင်နိုင်ဖို့အတွက်ပါ ရည်ရွယ်ပြီး သုံးထပ်ဆောက်တယ်။ အောက်ဆုံးထပ်က လူပုဂ္ဂိုလ် တွေတည်းခိုဖို့၊ အလယ်ထပ်က သံဃာတော်တွေတည်းခိုဖို့ နဲ့အပေါ် ဆုံးထပ်က ပိဋကတ်တော် တွေထားဖို့ဖြစ်ပါတယ်။ ပိသုကာက မအူပင်မြို့နယ် လယ်ကိုင်းရွာသား ဦးဘိုးဦး နဲ့ ပန်းရန် ဦးမောင်ကလေးတဲ့။
ပိဋကတ်တိုက်တော်တွေကို အပေါ်ထပ် အခန်းရဲ့အလယ်မှာ ဘုံအဆင့်နဲ့ထားတယ်။ ပိဋကတ်တော်တွေထားတဲ့နေရာကို မှန်ကာထားတယ်။ အောက်ခြေမှာ နတ်မင်းလေး ပါး စောင့်တယ်။ အပေါ်ဆုံးမှာ ဗုဒ္ဓရုပ်ပွားတော်နဲ့ ရဟန္တာ ပုံတော်တွေရှိတယ်။ ရွှေတိဂုံ စေတီတော်ကို မျက်နှာမူထားတဲ့ဘက်မှာ ဘုရားခန်းရှိတယ်။ ပိဋကတ်တော်တွေ ထားတဲ့နေရာအပေါ်တည့်တည့် ပြဿဒ်မှာ အလင်းဝင်ပေါက်လုပ်ထားတယ်။
အလယ်ထပ်မှာတော့ ခန်းမကြီးရှိတယ်။ ပတ်လည်မှာ အခန်းတွေဖွဲ့ထားတယ်။ သံဃာတော်တွေ တည်းခိုဖို့ ရည်ရွယ်ထားပုံရတယ်။ ခန်းမကြီးအလယ်မှာ တိုင်လုံးကြီးတစ်ခုရှိတယ်။ ကနုတ်ပန်း တွေနဲ့ အလှဆင်ထားတယ်။ကားလမ်းက ဝင်ရင် အလယ်ထပ်ကိုရောက်တယ်။ အောက်ဆုံးထပ်က ကမ်းပါးစောင်းမှာဆောက်ထားတော့ မြေအောက်ခန်းလို ဖြစ်နေတယ်။
အောက်ဆုံးထပ်ကလည်း ဒီလိုပုံပဲ၊ အလယ်မှာ တိုင်လုံးကြီးနဲ့ ခန်းမတစ်ခုရှိတယ်။ ဘေးပတ်ဝန်း ကျင်မှာ အခန်းလေးတွေဖွဲ့ထားတယ်။ ဒီအောက်ထပ်မှာ ဧည့်သည် ၂၀၀ လောက်အထိ တည်းခို ဖူးတယ်လို့ သိရတယ်။
ဒီအဆောက်အဦတစ်ခုလုံးမှာကြမ်းခင်းတွေကို သံယက်မကြီးတွေနဲ့ တည်ဆောက်ထားတယ်။ တိုင်ဆိုလို့အလယ်တိုင်တစ်ခုပဲရှိတယ်။ ဒီတိုင်တစ်လုံးတည်းထည့်ပြီးတည်ဆောက်ရတဲ့ အကြောင်းအရင်းကလည်း စိတ်ဝင်စားဖို့ကောင်းတယ်။
ဒီအဆောက်အဦးဆောက်မယ့်နေရာမှာ ကျွန်းပင်ကြီးတစ်ပင်ရှိတယ်။ မြေရှင်းတော့ ဒီကျွန်းပင် ကြီးကို လှဲဖို့ လုပ်တိုင်း တစ်ခုခုဖြစ်တယ်။ သက်ဆိုင်ရာတွေနဲ့ မေးမြန်းတော့ ကျွန်းပင် စောင့် မောင်နှမက ဝင်ပူးပြီး သူတို့အတွက်နေစရာပေးရင် မနှောင့်ယှက်တော့ဘူး လို့ ပြောတယ်။ ဒါနဲ့ ဒီအဆောက်အဦမှာပဲ ဆက်ပြီးစောင့်ရှောက်ပါ၊သူတို့အတွက်နေစရာပေးပါ့ မယ်လို့ တောင်းပန်ပြီး ကျွန်းပင်ကြီးအစား အလယ်တိုင်လုံးကြီးတစ်လုံးကို ထည့်ဆောက်ပေး ခဲ့တယ်။
အဲဒီတိုင်ကြီးက အောက်ထပ်ကနေ အပေါ်ဆုံးထပ်အထိရှိတယ်။ အပေါ်ထပ်ရောက် တော့ ပိဋကတ်တော်တွေထည့်တဲ့ စင်ဖြစ်သွားတယ်။ အလယ်ထပ်မှာ ထည့် ထားတဲ့ပန်းခက်တွေက ကျွန်းရွက်တွေကို သရုပ်ဖော်ထားတာလို့ ဆိုတယ်။ သဘောက တော့ ကျွန်းပင်ကြီးကို ခုတ်လိုက်ရတဲ့အတွက် အစားပြန်ထိုးပေးထားတာပေါ့။
အလှုရှင်ဦးစောကျော်ထွန်းက စာကြည့်ပိဋကတ်တိုက်တင်မဟုတ်ဘူး။ ကရင်တိုင်းရင်းသား ရဟန်းတော်တွေ သီတင်းသုံးဖို့ ကရင်ပရိယတ္တိ စာသင်တိုက်ကိုလည်း ပိုက်လုံးလမ်း နဲ့ ဗဟန်း (၃) လမ်းထောင့်နားလေးမှာ ဆောက်လုပ်လှုဒါန်းခဲ့တယ်။ အဲဒီကျောင်းဆောက်မယ်ဆိုတော့ ရေ ပိုက်လုံးနဲ့နီးတဲ့အတွက် ခွင့်မပြုသင့်ဘူးဆိုပြီး ကန့်ကွက်မှုတွေရှိခဲ့တယ်။ အဲဒီကိစ္စက မြန်မာ ဥပဒေပြုလွှတ်တော် နဲ့ ဘုရင်ခံ အဆင့်မှာတင် မပြီးပြတ်ပဲ အင်္ဂလန် ပါလီမန်အထိရောက်သွား ခဲ့တယ်။ အင်္ဂလန်ပါလီမန်က ဘာသာရေးအတွက် အသုံးပြုခွင့်ရှိကြောင်းဆုံးဖြတ်လိုက်မှ ၁၂၉ ၇ ခုနှစ်မှာဆောက်လုပ်ခွင့်ရတယ်။
စာသင်တိုက်ကို ပန္နက်ချတာက အဲဒီခေတ်က ဝန်ကြီး ဘကြီးဘဘေ နဲ့ ဒေါက်တာသိန်းမောင်တို့ ပါ။ ကုန်ကျစရိတ်က ရှစ်သောင်းကျပ်၊အလှုရှင်တွေထည့်ပြီး လိုတဲ့ငွေကို ဦးစောကျော်ထွန်းက တာ ဝန်ယူခဲ့တယ်လို့ဆိုတယ်။ ဒီမြေဂရန်အတွက် မြူနီစပါယ်ကိုပေးသွင်းရတဲ့ငွေက ၁၅၄၂ ကျပ်ဖြစ် ပြီး မြေခွန်ကင်းလွတ်ခွင့်ရတယ်လို့ သိရပါတယ်။
ပိဋကတ်တိုက်လည်း ပြီးပြီ၊ စာသင်တိုက်လည်းပြီးပြီဆိုတဲ့အခါ ဒီအဆောက်အဦနှစ်ခုလုံး ရေရှည် တည်တံ့ဖို့အတွက် “သမ္မာသမ္ဗုဒ္ဓဘာသာကရင်အမျိုးသားအဖွဲ့” ကို ၁၂၉ ၇ ခုနှစ်မှာပဲ ဖွဲ့စည်း ခဲ့ ပါတယ်။ အခုအချိန်အထိ ပိဋကတ်တိုက်နဲ့ စာသင်တိုက်ကို ဒီအဖွဲ့ကပဲ ထိန်းသိမ်းစောင့်ရှောက် လ ျှက်ရှိပါတယ်။ ဒီအဖွဲ့က ဒီအဆောက်အဦနှစ်ခုရဲ့ ဂေါပကအဖွဲ့လည်း ဖြစ်ပါတယ်။
အခု ပိဋကတ်တိုက်မှာ နေထိုင်ပြီး ထိန်းသိမ်းစောင့်ရှောက်နေတာ ဖထီး ဦး စောကျော်ရင်၊ ညောင်တုန်းမြို့ နယ် ညောင်ရွာဇာတိ၊ အသက် ၇၁ နှစ်ရှိပြီ။ ဒါပေမယ့် ပေါ့ပါးသွက်လက်နေတုန်းပဲ။ ဖထီးက ၂၀၁၀ ထဲက စပြီး တာဝန် ယူခဲ့ တယ်။ အဲဒီအချိန်က ပိဋကတ်တိုက်အခြေအနေက အတော်ပျက်စီးယိုယွင်း နေ ပြီ။ အဲဒါကြောင့် အလှုခံပြီး ပြုပြင်ထိန်းသိမ်းမှုတွေလုပ်ခဲ့ရတယ်။ ကုန်ကျစရိတ်သက်သာအောင် လို့ ကန်ထရိုက်မအပ်ဘဲ ရွာက တူသားမောင်မယ်တွေကို ခေါ်ပြီး လုပ်ခဲ့ရတယ်။ အခုတော့ ပိဋကတ်တိုက်အဆောက်အဦက သပ်သပ်ရပ်ရပ်ဖြစ်နေပါပြီ။
ပိဋကတ်တိုက်မှာ ဝါတွင်းဆိုရင် အဘိဓမ္မာသင်တန်းရှိတယ်။ တရားစခန်းရှိတယ်။ တစ်နှစ်ပတ်လုံး လစဉ် လရဲ့ ဒုတိယပတ်မှာ သံဃာတော်ငါးပါးနဲ့ သီလရှင်ငါးပါးကို ဆွမ်းကပ်တယ်။
ပိဋကတ်တိုက်မှာ ရှေးဟောင်းဓာတ်ပုံတွေရှိတယ်။ “သမ္မာ သမ္ဗုဒ္ဓဘာသာ ကရင်အမျိုးသားအဖွဲ့” ကို အင်္ဂလိပ်ဘာသာနဲ့ရေးသားထားတဲ့ ဓာတ်ပုံနှစ်ပုံရှိတယ်။ အဲဒီ ဓာတ်ပုံ ထဲက မုခ်ဦးက အခုမြင်နေရတဲ့ မုခ်ဦး နဲ့မတူဘူး။ ပိုပြီးလက်ရာမြောက်တယ်။
နောက်တစ်ခါ “ OFFICE STAFF OF THE PRINCIPAL, UNIVERSITY COLLEGE , RANGOON” နဲ့ “ Group Photograph of the University College Office Staff taken on the Retirement of U Ne Dun, A.T.M, K.S.M as Bursar” လို့ရေးထားတဲ့ ဓာတ်ပုံနှစ်ပုံရှိတယ်။ ၁၉ ၂၃ ခုနှစ် လို့ရေးထားတဲ့ အမျိုးသားတစ်ဦးထိုင်နေတဲ့ပုံရှိတယ်။ အလှုရှင် ဦးစောကျော်ထွန်းရဲ့ ပုံလို့ ယူဆရပါတယ်။ အဲဒီဓာတ်ပုံတွေက ကိုလိုနီခေတ် ရုံးဝန်ထမ်းတွေ၊ အရပ်သားတွေရဲ့ ဝတ်စားဆင်ယူမှုတွေကို ဖော်ပြနေပါတယ်။
ဒီဘက်ခေတ်မှာတော့ ပိဋကတ်စာပေတွေကို ပုံနှိပ်မူအဖြစ် နဲ့ ရော၊ ဒစ်ဂျစ်တယ်အဖြစ်နဲ့ရော အလွယ်တကူရှာဖွေဖတ်ရှုနိုင်နေပြီဖြစ်တဲ့အတွက် သီးခြားလာပြီး ဖတ်ရှုသူမရှိတော့ဘူး။ ဒါပေ မယ့် ပိဋကတ်တိုက်ဟာ နယ်ဘုရားဖူးတွေအတွက် တည်းခိုဆောင်အဖြစ် ရှိနေဆဲပါပဲ။ အလားတူ နယ် ကဆေးလာကုတဲ့သူတွေလည်း တည်းခိုခွင့်ပေးပါတယ်။ တည်းခိုသူတွေအတွက် လိုအပ်တဲ့ စောင် ၊ ခြင်ထောင်၊ ခေါင်းအုံးတွေလည်းရှိတယ်။ စားရေးသောက်ရေးကတော့ မိမိအစီအစဉ်နဲ့မိမိပေါ့။ ဒါကတော့ ပိဋကတ်တိုက်စတည်ထောင်ချိန်ထဲက ရှိတဲ့ အစဉ်အလာကောင်းဖြစ်ပါတယ်။
အလွန်ခေတ်မီ၊အမြင်ကျယ်တဲ့ အလှု့ဒါယက ဦးစောကျော်ထွန်းကတော့ ၁၉ ၄၅ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူတို့ဇနီးမောင်နှံရဲ့ ဓာတ်ပုံကိုတော့ ပိဋကတ်တိုက်အလယ် ထပ်မှာ တွေ့နိုင်ပါသေးတယ်။