ပုဂံ အလှ နဲ့ဘ၀ (၁)

အောင်မင်္ဂလာ

ပုဂံကို သွားဖို့စီစဉ်တော့ အဝေးပြေးကားလိုင်းနဲ့ သွားဖို့ ဆုံးဖြတ်ခဲ့တယ်။ နေပြည်တော်မှာ နေ ချိန်ကတော့ အချိန်ကန့်သတ်ချက်မရှိဘူးဆိုရင် ရန်ကုန်ပြန်ရင် ရထားနဲ့ပြန်တယ်။ အမြန်လမ်း မ ကြီး ပြီးသွားတော့ အဝေးပြေးကား နဲ့သွား/ပြန်လုပ်တယ်။ ညဘက် ထွက် မနက်ရောက် ကား ပေါ်မှာ အိပ်သွား၊အဆင်ပြေတဲ့အတွက် ဒုတိယဝန်ကြီးဖြစ်တဲ့အထိ အဝေးပြေးကားနဲ့သွားခဲ့တာပဲ။ မှတ် မှတ်ရရ နောက်ဆုံးခရီးစဉ်က ၂၀၁၄ ခုနှစ် ဇူလိုင် ၂၉ ရက်နေ့ ရန်ကုန်ကနေ နေပြည်တော်ကို ပြန်ခဲ့တဲ့ခရီးစဉ် ပါ။ အဲဒီနေ့ညက အောင်မင်္ဂလာကားဂိတ်ကို သွားနေချိန်မှာပဲ ဝန်ကြီး ဦးအောင်ကြည် ပြန်ကြားရေး ဝန်ကြီးတာဝန်ကနေ အနားယူတာကို သိလိုက်ရတယ်။ ကျွန်တော် ဝန်ကြီးဖြစ်လာတော့ အကြောင်းအမျိုးမျိုး ကြောင့် အဝေးပြေးကားနဲ့ ခရီးမသွား ဖြစ်တော့ဘူး။

ခရီးစမယ့်နေ့မှာ ကျွန်တော်ရယ်၊ ညီဝမ်းကွဲတစ်ယောက်ရယ် ကားငှားပြီး အောင်မင်္ဂလာကားဂိတ် ကို ထွက်ခဲ့တယ်။ ကားက ည ကိုးနာရီကား။ ဂိတ်ကို ရှစ်နာရီအရောက် သွားပြီးလက်မှတ်ဖြတ်ရမယ်။ ဒီတော့ မြောက်ဥက္ကလာ လမ်းက ကားကျပ်မယ်လို့တွက်ပြီး ခြောက်နာရီခွဲအိမ်ကထွက်တယ်။ ဖြစ်ချင်တော့ ကားသမားက မင်္ဂလာဒုံခရေပင်လမ်းဘက်က ပတ်မောင်းလိုက်တာ ခုနှစ်နာရီဆယ့်ငါးမိနစ်မှာ ကားဝင်းကိုရောက်သွားတယ်။

မန္တလာမင်း ကားဂိတ်မှာ အသွား/အပြန်လက်မှတ်ဖြတ်တယ်။ မန္တလာမင်းကို ပထမဆုံးအကြိမ် စီးဖူး တာပဲ။ နေပြည်တော်မှာတုံးကတော့ Elite, JJ ပဲ စီးဖြစ်ခဲ့တာ။ အရောင်းဝန်ထမ်းတွေ ဝန်ဆောင်မှုကောင်းပါတယ်။ ခရီးသည်စောင့်ဖို့ထိုင်ခုံတွေ၊ ကော်ဖီ၊ ရေနွေးတွေလည်း စီစဉ် ပေးထားတယ်။ ဒါပေမယ့် အောင်မင်္ဂလာကားဂိတ်ကိုဆောက်တဲ့အချိန်က ဟီးနိုးဘတ်စ် ကား လောက်နဲ့ ခရီးသွားတဲ့ခေတ်ဆိုတော့ ကားဂိတ်အခန်းက အခုလို အခြေအနေမှာ ကျဉ်းလွန်းတယ်။ သန့်စင်ခန်း နဲ့ နားနေတဲ့နေရာ ကပ်နေတော့ အနံ့အသက်လည်း မကောင်း လှဘူး။ သန့်ရှင်းရေးဝန်ထမ်းက စဉ် ဆက်မပြတ် အလုပ်လုပ်နေမှ အဆင်ပြေမယ်ထင်တယ်။

အချိန်စောနေတော့ ကားဂိတ်မှာ ပစ္စည်းအပ်ပြီး ကားဝင်းထဲ လမ်းလေ ျှက်တယ်။ ကျောပိုးအိတ် ကိုယ်စီနဲ့ သွားနေတဲ့ ကျွန်တော်တို့နှစ်ယောက်ဟာ ကိုဗစ်ကြောင့်အလုပ်ပြုတ်ပြီး ရွာပြန်မယ့် ပုံပေါက် နေလို့ထင်ပါရဲ့ “ ဘယ်ဂိတ်လဲ” “ လက်မှတ်ဖြတ်မလား” လို့ မေး တဲ့သူ အတော် များတယ်။ ကိုဗစ်ကြောင့် နှစ်ခုံ တစ်ယောက် စီးရ ပေမယ့် အောင်မင်္ဂလာဝင်းထဲက ကျွန်တော်မြင်ခဲ့တဲ့ လူဆယ်ယောက်မှာ ကိုးယောက်လောက်က နှာခေါင်းစည်း တပ်မထားကြဘူး။

အခုလို ခရီးသွားနည်းတဲ့အချိန်မှာတောင် အောင်မင်္ဂလာကားဝင်းဟာ ကားဂိတ်တွေ၊ စားသောက်ဆိုင်တွေ၊ စတိုးဆိုင်တွေ၊ အငှားကားတွေ၊ ရွှေကြို တွေ၊ ဟိုဟာ ဒီဟာတွေနဲ့ ပျားပန်းခတ် စည်ကား လှုပ်ရှားနေတုံးပဲ။ အောင်မင်္ဂလာကားဝင်းတည်ဆောက်ချိန်က သုံးခဲ့ တဲ့ ကားတွေ၊ ခရီးသည်အရေအတွက်တွေနဲ့ လက်ရှိအခြေအနေချိန်ကြည့်လိုက်ရင် အောင်မင်္ဂလာ အဝေးပြေးကားဝင်းကို ခေတ်နဲ့အညီဖြစ်အောင် ပြုပြင်မွန်းမံရမယ့်အခြေအနေကိုရောက်နေတာ သေချာပါတယ်။
ရန်ကုန်သူ၊ ရန်ကုန်သားတွေကို နိုင်ငံတကာအဆင့်မီ အိပ်မက်တွေမက် စေသူက အောင်မင်္ဂ လာ ကားဝင်းအကြောင်းပြောခဲ့လား၊ မပြောခဲ့ဘူးလား မမှတ်မိတော့ဘူး။ ခက်တာက “နိုင်ငံ တကာ အဆင့်မီ” ဆိုတဲ့စကားနဲ့ စီမံကိန်းတွေလုပ်လိုက်တိုင်း လက်ရှိ လုပ်ကိုင်စားသောက်နေသူေ တွ နေရာပျောက်မယ့်ကိန်းဆိုက်တာက များနေတာပဲ။

ည၉ နာရီမှာ ကားစထွက်တယ်။ ထုံးစံအတိုင်း ယာဉ်ပေါ်လိုက်အမျိုးသမီးဝန်ထမ်းလေး က နှုတ်ဆက်စကားနဲ့ ကားပေါ်မှာလိုက်နာရန် ကိစ္စတွေကို ပြောတယ်။ အဝေးပြေး ယာဉ်လိုင်း တိုင်း မှာ မြန်မာစကားကို မပီဝိုးတဝါး၊ မြန်မြန်ပြောအောင် တမင်လေ့ကျင့်ပေးထားတာများလားမသိဘူး။ ကားကတော့ ကိုဗစ်ကာလ ဆိုတော့ နှစ်ခုံစာပေးပြီးတစ်ယောက်ပဲထိုင်ရတာပေါ့။ ဒါပေမယ့် အင်တာနက်ပေါ်မှာတော့ ပြည်တွင်းခရီးစဉ်လေယာဉ်တွေမှာ ခုံပြည့်ထိုင်နေတာတွေ့ရပြန်တယ်။ ကိုဗစ် ၁၉ ရောဂါပိုးဟာ လေယာဉ်နဲ့ ကားခွဲခြားပြီး ကူးစက်တယ်လို့များ တွေ့ရှိ ထားသလား မသိဘူး။ နည်းနည်းတော့ လွဲနေတယ်။ ဒါပေမယ့် လွဲလွဲလေးပဲကောင်းပါတယ်လေ။

၁၁၅ မိုင်ရောက်တော့ ပိုင်အိုးနီးယားစားသောက်ဆိုင်မှာ ရပ်တယ်။ ၁၁၅ မိုင် ကားကြီး ကွင်းဘက်မှာ ရပ်တာမဟုတ်ဘူး။ ဖြူးမြို့ဘက်သွားတဲ့လမ်းအတိုင်းကွေ့သွားပြီး ဒေါ်မိုးလယ်တော အိမ် ဆိုတဲ့ ဆိုင်မှာ သွားရပ်တယ်။ တကယ်တော့ ဒီဆိုင်က ၁၁၅ မိုင် ပိုင်အိုးနီးယားဆိုင်ရဲ့ နောက် ဘက်မှာ ဆက်ပြီးဆောက်ထားတာပါ။ ၁၁၅ မိုင် ကားကွင်းမှာ ရပ်ပြီး လမ်းလေ ျှာက်ဝင်လာ လည်း ရတယ်။ ဒေါ်မိုး လယ်တောအိမ်ဆိုတာကတော့ ပိုင်အိုးနီးယား အဆင့်မြင့် ဗားရှင်းပေါ့။ ပန်းခြံ၊ တိရိစ္ဆာန်ရုံအငယ်လေး နဲ့ ကလေးကစားကွင်းလေးရှိတော့ နေ့ဘက်ခရီးသွားတဲ့ မိသားစုတွေ နားဖို့ ပိုအဆင်ပြေမှာပါ။ ကျွန်တော်ကတော့ ပိုင်အိုးနီးယားလက်ရာ နဲ့ ဝန်ဆောင်မှုကို အစပ် မတည့်လှတော့ ဒေါ်မိုးလယ်တောအိမ်ကိုလည်း ထူးပြီး ရင်မခုန်ဘူး။

၁၁၅ မိုင်ကထွက်တော့ အိပ်ပျော်သွားတယ်။ သီချင်းသံကြောင့်လန့်နိုးလာတယ်။ ဘိုဖြူရဲ့ သီချင်းတွေ၊ နာရီကြည့် တော့ သုံးနာရီခွဲ၊ ကားက အမြန်လမ်းမပေါ်ကခွဲထွက်ပြီး ကျောက်ပန်းတောင်းလမ်းပေါ် ရောက် နေပြီ။ သီချင်းက ကားဆရာဖွင့်ထားတာ။ အကျယ်ကြီးမဟုတ်ပေမယ့် ကားရှေ့ပိုင်း က တော့ ကောင်းကောင်းကြားရတယ်။ ဘေးက ယာဉ်အကူဝန်ထမ်းလေးကလည်း အသံတိတ် ငိုက်နေ၊ မနက်အစောကြီးလည်းဖြစ်၊ လမ်းကလည်း ကားနှစ်စီးရှောင်သာရုံလမ်း၊လှိုင်းက လည်း ရှိတယ်။ “ဒီလိုလမ်းမျိုးမြင်ဘူးလား” ဆိုပြီး လော်လို့ရတဲ့ BOT လမ်းလည်းမဟုတ် ဆိုတော့ ကားဆရာက သီချင်းဖွင့်ပြီး မငိုက်အောင် လုပ်နေရပုံရတယ်။

ဒီတော့ သီချင်းသံကြောင့် ပြန်အိပ်လို့မရပေမယ့်လည်း အခြေအနေကို နားလည်ပြီး သည်းခံပေး လိုက်တယ်။ ဒါပေမယ့် ပြဿနာက ကားဆရာဟာ သီချင်းနားထောင်ရုံတင်မဟုတ်ဘူး။ “ အေး မြတဲ့ဆောင်းတစ်ညမှာ မီးရောင်ထိန်ထိန် လူအများနဲ့ ” “ ဒီနေရာမှာ အရင်ကတွေ့နေ ကျပါ။ မမြင်တာကြာပြီ အရင်နှစ်များစွာပါ” စသည်ဖြင့် လိုက်ဆိုနေတယ်။ သူကြိုက်တဲ့ သီချင်း ကို ပြန်ပြန်ကျော့နေတယ်။ သူ့ဘာသာသူ မျက်စိ ကျယ်အောင် လုပ်နေတာဟာ ကျွန်တော်တို့ ညီအကိုနှစ်ယောက်ကိုပါ မျက်စိကျယ်စေခဲ့ပြီ။ ကား ဆရာဟာ ကြယ်စင်တို့၊ လမင်းတို့နဲ့ အတူ မိုက်ခဲနေရတယ်လို့စိတ်ကူးယဉ်ကောင်းယဉ်နေမယ်။ ဒါပေမယ့် ကျွန်တော်ကတော့ စိတ်ပျက် လှပြီ။

လက်ပံပျားရွာကို ဖြတ်တော့ မနက်လေးနာရီခွဲ၊ ကျွန်တော်ဟာ ဆောင်းညကို သုံးကြိမ်ဖြတ် သန်း၊ မြေနီလမ်းလေးကို နှစ်ကြိမ်လေ ျှာက်ခဲ့ပြီးတဲ့နောက် သည်းခံစိတ်တွေကုန်ဆုံးပြီး သီချင်းပိတ်ပေး ဖို့ တောင်းဆိုလိုက်ရတော့တယ်။

ညောင်ဦးမြို့အဝင် အဝေးပြေးကားဝင်းကိုရောက်တော့ မနက်ခြောက်နာရီထိုးပြီ ။ မန္တလာမင်း က တည်းခိုမယ့်နေရာတွေကို ကားအသေးတစ်စီးနဲ့လိုက်ပို့ပေးတယ်။ ကျွန်တော်ကတော့ တည်းခို မယ့်နေရာက လာကြိုတဲ့ကားနဲ့ပဲ ခရီးဆက်ခဲ့တယ်။ ဒီခရီးစဉ်ပြီးရင်လည်း မန္တလာမင်းနဲ့ပဲပြန် ရဦး မယ်။ ဆောင်းညတွေဖြတ်သန်း၊ မြေနီလမ်းကိုများထပ်လေ ျှာက်ရဦးမလားမသိဘူး။

အဝေးပြေးကားတစ်စီးပေါ်မှာ ခပ်ညံ့ညံ့ ဗီဒီယိုကား ဒါမှမဟုတ် သီချင်း သံ ကျယ်ကျယ်ကို ဖွင့်ထား တဲ့အခါ ကားဆရာက အလိုက် တသိ ပိတ်မပေး ဘူးဆိုရင် ဆင်းပြေးလို့လည်းမရတော့ မြန်မြန် ခရီးဆုံး ပါစေ လို့ ဆုတောင်းတာကလွဲရင် ဘာမှ လုပ်လို့မရဘူး။ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ် အချိန်မစေ့မချင်းခံနေရတဲ့ဘဝက အတော်ဆိုး တာပဲ။ ဒါပေမယ့် ဒီလိုအခြေအနေဟာ အဝေးပြေးကားစီးမှ ကြုံရတာမျိုးတော့မဟုတ်ဘူး။

ပုဂံမှာ ဘုရားဖူးဧည့်သည်တွေအလာများတဲ့ ဘုရား ၁၇ ဆူကို ဒီနေ့ ဇူလိုင် ၂၉ ကစပြီး ပိတ်လိုက်တယ်။ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလိုအပ်ချက်အရ လိုအပ်လို့ လုပ် ဆောင်တာကို အပြစ်မပြောလိုဘူး၊ လုပ်ပုံလုပ်နည်းကိုတော့ ဝေဖန်ချင်တယ်။

အခု ဆုံးဖြတ်ချက်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရုံးပိတ်ရက်သုံးရက်အတွင်း ပုဂံကို ဧည့်သည်အများအပြားလာရောက်ခဲ့တဲ့အခြေအနေကို မူတည် ပြီး ရုံးပိတ်ရက် လေးရက် ဧည့်သည်လာရောက်မှုကို ထိန်းချုပ်ချင်လို့ လုပ်တာလို့ပဲ နားလည်မိတယ်။

ဒါပေမယ့် ဇူလိုင် ၂၁ ကနေ ဇူလိုင် ၂၉ အထိ ကြားမှာ တစ်ပတ်အချိန်ရတယ်။ ဇူလိုင် ၁၉ ရုံးပိတ် ရက်အခြေအနေအရ ဘုရားတွေကို ပိတ်တော့မယ်ဆိုရင် ဇူလိုင် ၂၄၊ ၂၅ လောက်ထဲက လူသိရှင် ကြားကြေညာသင့်တယ်။ ပုဂံ၊ညောင်ဦးဒေသက ဟိုတယ်၊စားသောက်ဆိုင်၊ ခရီးသွားလုပ်ငန်း နဲ့ ဆက်စပ်အသက်မွေးသူတွေကို ကြိုတင်အသိပေးထားသင့်တယ်။ အခုတော့ ဇူလိုင် ၂၈ ည ၆ နာရီ ကျမှ အစည်းအဝေးလုပ်ပြီး ဂေါပကတွေကို ခေါ်အသိပေးတယ်ဆိုတော့ အတော်နောက်ကျနေပြီ။

အခုတော့

၁။ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ၊ ဈေးသည်တွေက ရုံးပိတ်ရက်လေးရက်အတွက် ကြိုတင် ပြင်ဆင်ထားပြီးနေပြီ။ ပစ္စည်းတွေဝယ်ပြီးနေပြီ။

၂။ ကိုယ်ပိုင်ကားနဲ့ခရီးမသွားနိုင်သူတွေက ကားလက်မှတ်ကြိုဝယ်၊ ကားကြိုငှားထားပြီးပြီ ။ ဇူလိုင် ၃၀ ညနေဆိုရင် စထွက်တော့မယ်။ ဘုရားတွေပိတ်တယ်ဆိုတော့ သွားရမလား၊နားရမလား ဆုံးဖြတ်ရတော့မယ်။

၃။ ဟိုတယ်၊ တည်းခိုခန်းကြိုငှားထားကြပြီ။ စရန်ပေးထားတဲ့သူတွေ စရန်ဆုံးမယ်။ စရန်မရှိတဲ့ သူတွေက ဘွတ်ကင်ဖျက်လိုက်ရင် ဟိုတယ်၊ တည်းခိုခန်းတွေက ကြိုတင်ပြင်ဆင်ထားတာတွေ အလကားဖြစ်ကုန်ပြီ။

တစ်ချို့ကတော့ ပုဂံမှာ ဘုရားတွေအများကြီး၊ ဒီဘုရားတွေမဖူးရလို့ ဘာမှမဖြစ်ဘူးလို့ ပြော ကောင်းပြောမယ်။ ဒါပေမယ့် ပြည်တွင်း ခရီးသွားတွေလာတာကိုက “ ဘုရားဖူး” ခရီးစဉ်။ တန်ခိုးကြီးဘုရားတွေဖူးရမှလာချင်တာ၊ ဒါ့အပြင် ကိုယ့်ယုံကြည်မှုအရ စွယ်တော်လေးဆူ ဖူးသလို မဖြစ်မနေ လုပ်မယ့် ကိစ္စတွေက ရှိသေးတယ်။ အဲဒါတွေလုပ်ဖို့ အခြေအနေမပေးရင် လာချင်မှာမဟုတ်ဘူး။

အများပြည်သူနဲ့ သက်ဆိုင်တဲ့ မူဝါဒချမှတ်တယ်ဆိုတာ တရုတ်နဂါးကသလိုပဲ။ ခေါင်းက တစ်ချက် လေး လှည့်တာပါဆိုပေမယ့် အမြီးဖျားက တစ်ပတ်ကြီးပြေးရတယ် ဆိုတာလောက်တော့ သိထားသင့်ပါတယ်။

စနေ ၄၆လမ်း၊ပန်းဆိုးတန်း

“ဗိုလ်ချုပ်ဈေး စနေနေ့ လည်လည်သွားကြ” ။ တစ်ချိန်ကတော့ စနေနေ့ မြို့ထဲသွားမယ် ဆိုရင် ဗိုလ်ချုပ်ဈေးသွားမှာလားလို့မေးကြတယ်။ အခုတော့ စနေ မှာ ဂျန်းရှင်းလား၊ တိုင်းမ်စီတီးလား။
ဒီတစ်ပတ်စနေမှာ မိုးမရွာဘူး။ စနေ မှာ စွေရွာမိုးလိုပဲ မစဲပဲတစ်စိမ့်စိမ့်ချစ်မယ် ဆိုတဲ့ သီချင်း ဆိုလို့မရဘူး။ မိုးမရွာ ရာသီဥတုကောင်းတော့ စနေမှာ ထမင်းကြော်စားဖို့ထွက်ခဲ့တယ်။

ကျွန်တော်စွဲမက်တဲ့ “ထမင်းကြော်” နှစ်မျိုးရှိတယ်။ မနက်စာ၊ ညလယ်စာ စားတဲ့ ထမင်းကြော် အတွက်ဆိုရင် နနွင်းဝါဝါ နဲ့ ၊ ဒါမှမဟုတ် ကြာညို့နိုင်နိုင်နဲ့ ကြော်ထားတဲ့ ထမင်း ကြော်၊ ကြက်ဥ ကို မွှေပြီးကြော်ထားပေမယ့် တစ်ဒယ်လုံးမှာ ကြက်ဥပါတယ်ဆိုတာသိနိုင်ရုံလောာက် လေးပဲ၊ ဆီ နည်းနည်း ၊ ခြောက်ခြောက်၊ မီးဖိုပေါ်မှာ အမြဲတင်ထားလို့ ဖြစ်ဖြစ် ဖြစ်ဖြစ် နဲ့ အသံမည်နေပြီး တစ်ခါ တစ်လေ ချိုးလေးကပ်နေတဲ့ ထမင်းကြော်။ အဲဒီထမင်းကြော်နဲ့ ငပိကြော်၊ ဒါမှမဟုတ် ဟင်း နဲ့ စားလိုက်လို့ကတော့ ဆွေမျိုးမေ့ပြီပေါ့။ ဒါက တပ်ထဲမှာရဲဘော်ကြော်တဲ့ထ မင်း ကြော်၊ ရန်ကုန်လမ်းဘေးဆိုင်တွေမှာ တွေ့ရတတ်တဲ့ ထမင်းကြော်ပေါ့။

နေ့လယ်စာအတွက်ဆိုရင်တော့ ဟိုတယ်ကြီးတွေ၊ စားသောက်ဆိုင်ကြီးတွေက နာမည်လှလှ ဆန်းဆန်းပေးထားတဲ့ ထမင်းကြော်မျိုးကို မကြိုက်ဘူး။ ဟိုးတစ်ချိန်က လေဟာပြင်ဈေးမှာ၊ နယ်မြို့တွေက တရုတ်စားသောက်ဆိုင်တွေမှာ စားရတဲ့ထမင်းကြော်မျိုး။ အသီးအရွက်တွေက မုန်လာဥနီ၊ ဂေါ်ဖီထုတ် စတာတွေကို သေးသေးလေးတွေ ထည့်ကြော်ထားတာ။ အသားက လည်း သီးခြားမဟုတ်ဘူး။ အကြော်ဆရာစားပွဲမှာ တန်းလန်းချိတ်ထားတဲ့ အသားကင် ၊ အခေါက်ကင်ထဲ လှီးထည့်ပေးလိုက်တာပဲ။ အချဉ်ပွဲဆိုတာကတော့ ကြက်သွန်နီ အကွင်းကြီးကြီးတွေပေါ်မှာ ငရုတ်ဆီ ဆမ်းပေးလိုက်တာ။ ထမင်းကြော်က ဆီတွေရွှဲအိနေတာမျိုးမဟုတ်ဘူး။ မီးပြင်းတိုက် ထားတဲ့ ဒယ်အိုးပေါ်မှာ ကြော်ထားလို့ မီးခိုးနံ့သင်းသင်း လေးနဲ့ ထွေးထွေးလေး စားလို့ကောင်း တယ်။

ဒီထမင်းကြော်ဟာ ငယ်ချစ်ဦး လို့ပြောနိုင်တယ်။ ကျွန်တော့်ဖခင်က ၁၉ ၆၇-၇၁ နှစ်ဆန်း အထိ ချင်းတွင်း မြစ်ဖျားက ခန္တီးမြို့လေးမှာ တာဝန်ထမ်းဆောင်ရတယ်။ အဲဒီအချိန်က ခန္တီးမြို့ဟာ ရွာကြီး သာသာပါ။ မြို့ရဲ့ တစ်ခုတည်းသော တရုတ်စားသောက်ဆိုင်က ဈေးနားက ဖိုးချန်း ခေါက်ဆွဲဆိုင်ပဲ။ မိသားစု မြို့ထဲရောက်လို့ ဖိုးချန်း ထမင်းဆိုင်မှာ ထမင်းကြော်၊ ခေါက်ဆွဲကြော် စားတယ်ဆိုတာ အလွန်ကြီးကျယ်ခမ်းနားတဲ့ ကိစ္စပဲ။

အဲဒီအချိန်က ခန္တီးမြို့ဟာ ဘယ်လောက်ခေါင်သလဲဆိုရင် ရုပ်ရှင်တောင်မှ မန္တလေးအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် ( အခုတော့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်) အစီအစဉ်နဲ့ လာပြမှာကြည့်ရတယ် အဲဒီလို လာပြရင် လေယာဉ်ကွင်းအစပ်မှာ ဒါမှမဟုတ် တပ်ထဲက ဘော်လုံး ကွင်းထဲမှာ ခုနှစ်ရက် ခုနှစ်လီ ဘုရားပွဲကျင်းပသလိုပြတာ။ အဲဒီအချိန်ဆိုရင် ဖိုးချန်းဆိုင်လည်း လာဖွင့်တယ်။

ဖိုးချန်းဆိုင်မှာ မီးပြင်းပြင်း ထိုးထား တဲ့ မီးဖိုပေါ် ကဒယ်အိုးကြီးတစ်လုံးရှိတယ်၊ အဲဒီဒယ်အိုးဟာ ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ အစိမ်း ကြော် စတဲ့ သူ့ဆိုင်က ရနိုင်တာ အားလုံး ကို ကြော်လှော်ချက်ပြုတ်တဲ့ တစ်ခုတည်း သော ပစ္စည်းပဲ။

ထမင်းကြော် ကြော်တော့မယ်ဆိုရင် ယောက်ချိုလို သစ်သားလက်ကိုင်ရိုးတပ် ခွက်ကြီးနဲ့ ရေပုံးထဲ ကရေကို ဒယ်ထဲ ခပ်ထည့်လိုက်တယ်။ ရှဲ ကနဲမြည်ပြီး အငွေ့တွေထောင်းထောင်းထသွားတယ်။ ပြီးရင် ဒယ်ချိုးတွေ၊ ဟင်းချိုးတွေနဲ့ မည်းညစ်နေတဲ့ အုန်းတံမျက်စည်းတိုလေးနဲ့ ရေကို ပက်ထုတ်ပစ် လိုက်တယ်။ ဒါဟာ ဟင်းလျာတစ်မျိုးအပြီး နောက်တစ်မျိုးချက်ဖို့အတွက် ပြင်ဆင်လိုက်တာပဲ။

ပြီးရင်တော့ ထမင်းအိုးအဖုံးကို ဖွင့်ပြီး သူ့ယောက်ချိုကြီးနဲ့ ထမင်းယူတယ်။ ဖိုးချန်းလို တရုတ် ဆိုင်တွေမှာ ဒီယောက်ချိုကြီးက အတိုင်းအတာစံပြုကရိယာပဲ။ ထမင်းကြော်တစ်ပွဲဆိုရင် တစ်ဇွန်း၊ နှစ်ပွဲဆိုရင် နှစ်ဇွန်း၊ ဆီဆိုရင်လည်း အဲဒီယောက်ချိုနဲ့ ပါတယ်ဆိုရုံလေး၊ ကြက်ဥဆိုရင်လည်း လက်တစ်ဖက်တည်းနဲ့ ယောက်ချိုအဖျားမှာ ဖတ်ကနဲ ခွဲပြီးဖောက်ထည့်လိုက်၊ အသီးအရွက်တွေ လှီးထည့်ထားတဲ့ ဇလုံထဲကနေ လှမ်းယူတော့လည်း ဒီယောက်ချိုနဲ့ပဲ။ ပြီးရင် ချိတ်ထားတဲ့ အသားကင်၊ အခေါက် ကင်အတွဲတွေကို ဓားမကြီးနဲ့ လှီး၊ စဉ့်နီတုံးပေါ်မှာ လိုချင်တဲ့အရွယ် ရအောင်တောက်တောက်စင်း၊ ပြီးရင် ဓားနဲ့လက်နဲ့ အသားတွေကို ညှပ်ယူပြီး ဒယ်အိုးထဲထည့်။ ပဲငံပြာရည်တွေ၊ ဆား၊ အချိုမှုန့်တွေထည့် အားလုံးစုံပြီ ဆိုတော့မှ ယောက်ချိုကြီးနဲ့မွှေ၊ လက်တစ်ဖက်က ဒယ်အိုးကို မပြီး ရှေ့တိုး၊ နောက်ငင်လုပ် တဲ့အခါလုပ်တယ်။ စိတ်ကြိုက်ဖြစ်ပြီဆိုတော့ ယောက်ချို ကြီးနဲ့ ကော်ပြီး ပန်းကန်ပေါ်ပုံတင်ပေးလိုက်တယ်။ နှစ်ပွဲ၊ သုံးပွဲစာကြော်ရင် တစ်ပန်းကန် တစ်ဇွန်း ကွက်တိပဲ။

အဲဒီအချိန်က စားခဲ့ရတဲ့ ထမင်းကြော်ဟာ နောင်ဘယ်နေရာ၊ ဘယ်မြို့ရောက်ရောက် မမေ့နိုင် တဲ့ ထမင်းကြော်ပုံစံပဲပေါ့။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကျွန်တော်နဲ့ မိတ်ဆွေနှစ်ယောက် ကမ်းနားလမ်းဘက်ကနေ ၄၆ လမ်း အတိုင်း အနော်ရထာလမ်းဘက်ကို လေ ျှာက်လာတော့ လမ်းဘေးဆိုင်လေးက ထမင်းကြော် နံံ့ ရတယ်။ အဲဒီအနံ့ဟာ ကျွန်တော်အလွန်ကြိုက်တဲ့ ထမင်းကြော်နံ့ပဲ။ အဲဒီနေ့က ထမင်းကြော် ဝင်မစားဖြစ်ပေမယ့် စိတ်ထဲမှာ တသသ ဖြစ်နေတယ်။ ဒီလိုနဲ့ စနေမှာ ထမင်းကြော် စားဖြစ် အောင် စားမယ်ဆိုပြီး ဟိုနေ့က ထမင်းကြော်နံ့နဲ့ ဆွဲဆောင်လိုက်တဲ့ ဆိုင်ဘက်ကို ထွက်လာခဲ့တယ်။

ဆိုင်က အနော်ရထာလမ်းနဲ့ ၄၆ လမ်းထောင့်မှာ။ ၄၆ လမ်းထဲ ချိုးဝင်လိုက်ရင် မြန်မာထမင်းဆိုင် ပြီး နောက်တစ်ဆိုင်ပဲ။ ပြည့်၀ ထမင်းပေါင်းဆိုင် မှ ရနိုင်သောအစားအစာများလို့ ဆိုင်းဘုတ်ချိတ်ထားတယ်။ သိမ်ဖြူလမ်း ၊ လမ်းငါးဆယ် မှာဆယ်နှစ်ကျော်နေခဲ့ပေ မယ့် ဒီဆိုင်လေးမှာ တစ်ခါမှ မစားဖြစ်ဖူး။

ကျွန်တော်ရောက်သွားတော့ နေ့လယ် တစ်နာရီကျော်နေပြီ။ ဒါပေမယ့် စားတဲ့သူတွေရှိနေဆဲပဲ။ ထမင်းကြော်တစ်ပွဲနဲ့ အခေါက်ကင်တစ်ပွဲမှာလိုက်တယ်။ ထမင်းပေါင်းဆိုင်ဆိုတဲ့အတိုင်း ဒီဆိုင်ရဲ့ လူကြိုက်အများဆုံးအစား အစာ ကတော့ ထမင်းပေါင်းဖြစ်မယ်ထင်တယ်။ အရင်ရောက် နေတဲ့သူတွေရော၊ နောက်လာတဲ့သူတွေ ပါ ထမင်းပေါင်းပဲမှာစားနေတာတွေ့တယ်။ ထမင်းပေါင်းကို ရိုးရိုး၊ အပူ စသည်ဖြင့် ခွဲမှာနေတာကြားရလို့မေးကြည့်တော့ ထမင်းပေါင်း ရိုးရိုးကတော့ ထမင်းပေါ်မှာ အချိုရည်နဲ့ အသင့်ချက်ပြီး အသား၊ အသီးအရွက်ကြော်တွေဆမ်းပေး လိုက်တာပေါ့။ အပူပေါင်းဆိုတာကတော့ အသားနဲ့ အသီးအရွက်တွေကို ဒယ်အိုးထဲမှာ ထည့်ကြော်ပြီးမှ အပေါ်က ဆမ်းပေးလိုက်တာ။

အကြော်ဆရာက တစ်ယောက်ထဲ၊ အမျိုးသားတစ်ယောက်၊ အမျိုးသမီးတစ်ယောက်က ဟင်း မှာတာ၊ ဟင်းပွဲချတာလုပ်ပေးနေတယ်။ အကြော်ဆရာကတော့ ဖိုးချန်းဆိုင်က တရုတ်ကြီး လိုပဲ ဒယ်အိုးနှစ်လုံးနဲ့ အလုပ်ရှုပ်နေတယ်။ ကြော်လှော်ချက်ပြုတ်နေတာကို ငေးကြည့်ပြီး စားရတာက လမ်းဘေးဆိုင်တွေရဲ့ အရသာပဲ။ ဒါပေမယ့် ပန်းကန်ခွက်ယောက်တွေ ဆေးတဲ့နေရာကိုတော့ မကြည့်နဲ့ပေါ့။ ကျွန်တော်ကတော့ လမ်းဘေးဆိုင်မှာစားတဲ့အခါ ပန်းကန်ဆေးတဲ့ ကိစ္စကို မမြင် ချင်ယောင်ဆောင်ထားလိုက်တာပဲ။ အဲဒါမှ စားရတာ စိတ်ဖြောင့်တယ်။ အရသာရှိတယ်။

ထမင်းကြော်ရောက်လာတယ်။ ငရုတ်ဆီဆမ်းထားတဲ့ ကြက်သွန်နီတစ်ပွဲလာချတယ်။ ဟင်း ချို ကတော့ ဝက်ခြေထောက်စွတ်ပြုတ်အရည်ပဲ။ ထမင်းကြော်က အတော်ကောင်းတယ်။ ကောင်း တယ်ဆိုတာက ကျွန်တော်ချဉ်ခြင်းတပ်တဲ့ ထမင်းကြော်ပုံစံအပြည့်အဝရတယ်၊ နောက်တစ်ခါ နေ့လယ်စာ ထမင်းကြော်စားချင်တယ်ဆိုရင် ထပ်လာစားဖို့ ဆုံးဖြတ်တဲ့ အထိ ကောင်းတယ် လို့ ဆိုလိုတာပါ။ အခေါက်ကင်ကတော့ ထူးထူးခြားခြားမဟုတ်ပါဘူး။ ဒီလိုဆိုင်တွေမှာ ရနေ ကြပုံစံ ပါပဲ။

ထမင်းကြော်စားပြီးတော့ ပန်းဆိုးတန်းဘက်ကို လေ ျှာက်တယ်။ စာအုပ်ဆိုင်တွေမွှေတယ်။ “လူရှောက်ချီရဲ့ ကွန်မြူနစ်ကောင်းတစ်ယောက် ဖြစ်မြောက်ရေး” ဘာသာပြန်စာအုပ်တွေ့လို့ ဝယ်တယ်။ “ပါတီဝင်တစ်ချို့မှာ အထမြောက်မှုနဲ့ အောင်မြင်မှုတို့ရဲ့ အားပေးမှုများကို မခံနိုင်ဘဲ အောင်မြင်မှုနဲ့ ယစ်မူးကြတယ်၊ ဒ့ါကြောင့် ထင်ရာစိုင်း၊ မော်ကြွား၊ ဗြူရိုကရက် ဆန်သွား ကြတယ်၊ ဒါထက်မက ယိမ်းယိုင်၊ ပုတ်သိုး၊ ပျက်ပြားလာပြီး မူလရှိပြီးသား တော်လှန်တဲ့ လက္ခဏာ ဟာလုံးလုံးကုန်ဆုံးတဲ့အထိ ဖြစ်ကြတယ်” “ သမိုင်းအဆက်ဆက် တော်လှန်ရေးသမားတွေဟာ အုပ်စိုးသူလူတန်းစားဖြစ်လာပြီးနောက် သူတို့၏ တော်လှန်တဲ့လက္ခဏာများပျောက်ဆုံး ကုန် ကာ နောက်ပြန်လှည့်ပြီး သွေးစုပ်ခံလူထုကို နှိပ်ကွပ်ကြတော့တယ်” ဆိုတဲ့ စာသားကို ဖတ်ပြီး လူရှောက်ချီရဲ့ ကြေကွဲဖွယ်ရာနိဂုံးကို တွေးမိတယ်။ အာဏာရှင်စနစ်ကို ဖျက်သိမ်းမယ်ဆိုတဲ့ ခေါင်းဆောင်တွေကိုယ်တိုင် အာဏာရလာတော့ အာဏာရှင်ဖြစ်သွားတာ တရုတ်နိုင်ငံတစ်ခု တည်းတော့မဟုတ်ပါဘူး။

ကုန်းကျော်တံတားအောက်ရောက်တော့ မျက်မှန်းတန်းမိနေတဲ့ ခြေသည်း၊လက်သည်း လှီးတဲ့ သူတွေက နှုတ်ဆက်တယ်။ ကိုဗစ်ကိုက်ခံရတဲ့အထဲမှာ သူတို့လည်းပါတယ်။ ခြေသည်း မရှည်သေးပေမယ့် သူတို့ကို အားပေးတဲ့အနေနဲ့ လှီးလိုက်တယ်။ ဒီတစ်ခါခြေသည်းလှီးတဲ့ သူ က ဇနီးမောင်နှံနှစ်ယောက်၊ သူတို့သမီးလေးကလည်း ပညာသင်နေပြီတဲ့။ ဒလဘက်က လာလုပ် တာ။ ဒီတံတားအောက်နဲ့ ပန်းဆိုးတန်းလမ်းတစ်လေ ျှာက်မှာ ဒီအလုပ်လုပ်နေတဲ့သူ လေးဆယ် နီးပါးလောက်ရှိတယ်။ အားလုံးလိုလိုက သူ့အဆက်နဲ့ သူ ပညာဆက်သင်ပြီးလုပ်နေကြတာ။

တစ်ချို့သူတွေကတော့ တံတားအောက်မှာ ခုံတစ်လုံးနဲ့ ခြေသည်း၊ လက်သည်းလှီး၊ နားက လော် နေတဲ့သူတွေက အထင်မကြီးဘူး။ စိတ်မချဘူး။ ဒါပေမယ့် သူတို့မှာ သူ တို့ဖောက်သည်နဲ့ သူတို့အိမ်အထိ သွားလုပ်ပေးနေရတဲ့သူတွေလည်း မနည်းဘူး။ ကျွန် တော့် အတွေ့အကြုံအရတော့ ခြေစွယ်ငုတ်တာမျိုးဆိုရင်တော့ ဒီလူတွေလုပ်ပေးတာ စိတ်အချရဆုံး၊ ပျောက်တာအမြန်ဆုံးပဲ။ နားထဲပိုးကောင်ဝင်တာမျိုးဆိုရင်လည်း ဒီလူတွေ လုပ်ပေးတာ အဟုတ် ပဲ။ သူတို့နဲ့ စကားပြောရင် စိတ်ဝင်စားစရာ အဖြစ်အပျက်လေးတွေအများကြီးကြားရတယ်။

ခြေသည်းလှီးပြီးတော့ ကိုယ်ပိုင်ဓားတစ်ချောင်းထားဖို့ ဆုံးဖြတ်ပြီး အပ်လိုက်တယ်။ စရန် ပေး ထားလိုက်တယ်။ ဘယ်တော့လာယူမလဲလို့မေးတော့ လုပ်သာထားပါဗျာ။ ကြုံတဲ့အခါ ဝင်ယူ မယ်လို့ ပြောခဲ့တယ်။ ပြေစာမလိုဘူး။ ရက်ချိန်းမလိုဘူး။ စည်းကမ်းတွေ၊ အထောက် အထားတွေမပါရင် အလုပ်မဖြစ်တော့သလိုဖြစ်နေတဲ့လောကကြီးမှာ တစ်ခါတစ်လေ ကြုံ သလို လုပ်ရတာလည်း အရသာပဲ။

အိမ်ပြန်ရောက်တော့ နေပူထဲမှာ လမ်းလေ ျှာက်တာများလို့ ရေငတ်လိုက်တာ။ သံပုရာသီး ရှိ တယ်ဆိုလို့ သံပုရာရည် ချဉ်ချဉ်၊ ငံငံဖျော်ခိုင်းလိုက်တယ်။ တစ်ခွက် သောက်တယ်။ အာသာမပြေဘူး။ နောက်တစ်ခွက်ထပ်ဖျော်ခိုင်းရတယ်။ သံပုရာရည် သောက်ရင်း တွန်းလှည်းနဲ့ ရောင်းတဲ့ သံပုရာရည်ကို သတိရတယ်။

လှည်းပေါ်မှာ ရေခဲခြစ်တဲ့ခုံ ရှိတယ်။လှည်း ပတ်လည် မှာ အရောင်တောက်တောက် အချိုရည်ပုလင်းတွေတင်ထားတယ်။ လှည်းအောက်က အံထဲမှာ စပါးခွံတွေဖုံးထားတဲ့ ရေခဲတုံးတွေထည့်ထားတယ်။ သံပုရာ ရည်လို့ ပြောလိုက်ရင် သစ်သားညှပ်ကြီးနဲ့ သံပုရသီးခြမ်းကို ညှစ်၊ ညိုညစ်ညစ် သကြား ရည်ကို ဆီချင်တဲ့မှုတ်လေးနဲ့ခပ်ပြီးထည့်၊ ဆားခွက်ထဲက ဆားနည်းနည်းကို ဇွန်းဖျားလေးနဲ့ ကော်ထည့်။ ရေခဲခြစ်တဲ့ခုံမှာ ရေခဲတုံး ကို တင်ပြီးခြစ်ချ၊ ပလတ်စတစ်ပုံးထဲက ရေခတ်ထည့်၊ အားလုံးသမပြီးခလောက်၊ ပြီးရင် ကိုင်းခွက်ကြီး ထဲမှာထည့်ပေးတဲ့ သံပုရာရည်ကို သောက် ချင်တယ်။

ဘဝမှာ ချစ်ခင်စွဲလမ်းခဲ့တဲ့အရာတွေအများကြီးရှိတယ်။ တစ်ချို့ကို တမင်သက်သက် မေ့ထား လိုက်တယ်။ တစ်ချို့ကတော့ အကြောင်းကြောင်းကြောင့် အနေဝေးပြီးမေ့သွားခဲ့တယ်။ ဒါပေမယ့် တကယ်မေ့သွားတာမဟုတ်ဘူး။ တိုက်ဆိုင်မှုရှိလာတဲ့အခါ လွမ်းတသသ ဖြစ်ရပြန်ရော။ ဒီလိုနဲ့ လာမယ့်စနေမှာ တွန်းလှည်းနဲ့ သံပုရာရည် ရှာသောက်ရဦးမယ်ထင်ပါရဲ့။

ဦးတင်အေး နဲ့ ဦးလှသိန်း (၃)

အစိုးရအဖွဲ့ဝင်များနဲ့ ရွေးကောက်ပွဲ

၂၀၂၀ ရွေးကောက်ပွဲနီးလာတဲ့အချိန်မှာ သမ္မတ ၊ ဒုတိယသမ္မတ ၊ ပြည်ထောင်စုဝန်ကြီး နဲ့ ဒုတိယ ဝန်ကြီးတွေဟာ ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေလုပ်ခွင့်ရှိသလား၊ မရှိဘူး လားဆိုတဲ့ ဆွေးနွေးမှုတွေပြန်ပေါ်လာတယ်။

ဒီလိုငြင်းခုန်မှုတွေဟာ ၂၀၁၅ ရွေးကောက်ပွဲအကြိုကာလမှာလည်းပေါ်ခဲ့တာပဲ။ မလုပ်သင့် ဘူးလို့ပြောတဲ့ဘက်မှာ အဓိက အင်အားစုက ၂၀၁၅ မှာ အင်န်အယ်လ်ဒီပါတီဖြစ်ပြီး ၂၀၂၀ မှာ ပြည်ခိုင်ဖြိုးပါတီဖြစ်နေတာပဲကွာတယ်။

အခြေခံဥပဒေ

အခြေခံဥပဒေမှာ သမ္မတ ၊ ဒုတိယသမ္မတ ၊ ပြည်ထောင်စုဝန်ကြီး နဲ့ ဒုတိယ ဝန်ကြီးတွေ နိုင်ငံရေးပါတီလုပ်ငန်းလုပ်တာ၊ရွေးကောက်ပွဲဝင်တာနဲ့ပတ်သက်တဲ့ ပြဋ္ဌာန်းချက်သုံးခုရှိတယ်။

ပုဒ်မ ၆၁ နဲ့ ၂၃၂ မှာက သမ္မတ ၊ ဒုတိယသမ္မတ ၊ ပြည်ထောင်စုဝန်ကြီး နဲ့ ဒုတိယ ဝန်ကြီးတွေဟာ နိုင်ငံရေးပါတီတစ်ခုခုရဲ့ အဖွဲ့ဝင်ဖြစ်ရင် ရွေးချယ်တင်မြှောက် ခြင်းခံရတဲ့နေ့ကစပြီး မိမိ ရာထူး သက်တမ်းအတွင်းမှာ ယင်းပါတီအဖွဲ့အစည်းရဲ့ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ လို့ ပြဋ္ဌာန်းထားတယ်။

အဲဒီပြဋ္ဌာန်းချက်အရ ဆိုရင် ပါတီတစ်ခုကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်ရင် ပါတီလုပ်ငန်းကို ဆောင်ရွက်ရာရောက်တဲ့အတွက် အခြေခံဥပဒေနဲ့ ဆန့်ကျင်နေတယ်။ သမ္မတ ၊ ဒုတိယသမ္မတ ၊ ပြည်ထောင်စုဝန်ကြီး နဲ့ ဒုတိယ ဝန်ကြီးတွေ မဲဆွယ်စည်းရုံးတာမလုပ်ရဘူး လို့ ပြောဆို နေ သူတွေက အဲဒီအချက်ကို ကိုင်ပြီးပြောနေတာဖြစ်ပါတယ်။

ဒါပေမယ့် ပုဒ်မ ၃၈ မှာ တော့ နိုင်ငံသားတိုင်းသည် ဥပဒေနဲ့အညီ ရွေးကောက်တင်မြှောက်ခွင့် နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည် လို့ ပြဋ္ဌာန်းထားတယ်။ ဒီတော့ သမ္မတ ၊ ဒုတိယသမ္မတ ၊ ပြည်ထောင်စုဝန်ကြီး နဲ့ ဒုတိယ ဝန်ကြီးတွေဟာလည်း နိုင်ငံသားတွေဖြစ်တဲ့ အတွက် ရွေးကောက်ပွဲ ဝင်ခွင့်ရှိတယ်၊ရွေးကောက်ပွဲ ဝင်မယ်ဆိုရင် အောင်နိုင်ရေးအတွက် စည်းရုံး လှုပ်ရှားခွင့်ရှိရမယ် ဆိုတဲ့သဘောဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ

ဒ့ါကြောင့်လည်း ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ (၂၀၁၀) ပုဒ်မ ၇ နဲ့ ပုဒ်မ ၁၇ တွေမှာ သမ္မတ ၊ ဒုတိယသမ္မတ ၊ ပြည်ထောင်စုဝန်ကြီး နဲ့ ဒုတိယ ဝန်ကြီးတွေဟာ အထွေထွေ ရွေးကောက်ပွဲ တစ်ရပ်ရပ်တွင် ပါဝင်ရွေးချယ်ခံမည့်သူ ဖြစ်ပါက နိုင်ငံသားတစ်ဦး အား ပေးအပ်ထားတဲ့ အခြေခံဥပဒေ ပုဒ်မ ၃၈ (က) မှာပါတဲ့ “ရွေးချယ် တင်မြှောက် ခံပိုင်ခွင့်” မဆုံးရှုံးစေဖို့အတွက် ရွေးကောက်ပွဲကျင်းပဖို့ ကြေညာတဲ့နေ့က စပြီး ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းများ နဲ့ နယ်မြေစည်းရုံးရေးလုပ်ငန်းများ ကို လုပ်ပိုင်ခွင့်ရှိတယ် လို့ ပြဋ္ဌာန်းထားပါတယ်။

၂၀၁၅ အငြင်းပွားမှု

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲနီးလာတဲ့အခါမှာ သမ္မတ ၊ ဒုတိယသမ္မတ ၊ ပြည်ထောင်စုဝန်ကြီး နဲ့ ဒုတိယ ဝန်ကြီးတွေ စည်းရုံးရေးလုပ်ငန်းလုပ်လို့ရ ၊ မရ ဆိုတဲ့ အငြင်းပွားမှုတွေပေါ်လာတယ်။ အင်န်အယ်လ်ဒီအပါအဝင် အချို့နိုင်ငံရေးပါတီများ၊ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက အခြေခံ ဥပဒေ ပုဒ်မ ၆၁ နဲ့ ၂၃၂ ပါပြဋ္ဌာန်းချက်အရ မလုပ်သင့်ဘူး လို့ ယူဆတယ်။ ဦးသိန်းစိန် အစိုးရ အဖွဲ့ကတော့ ပြည်ထောင်စုအစိုးရ အဖွဲ့ဥပဒေမှာခွင့်ပြုထားတဲ့အတွက် လုပ်ဆောင်လို့ရတယ် လို့ ယူဆတယ်။

ဒီလိုနဲ့ နောက်ဆုံး ရွေးကောက်ပွဲကော်မရှင်က အခြေခံဥပဒေပုဒ်မ ၃၈ နဲ့ ပြည်ထောင်စု အစိုးရ အဖွဲ့ ဥပဒေကို ကိုးကားပြီး ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းများ နဲ့ နယ်မြေစည်းရုံး ရေး လုပ်ငန်းများ လုပ်ဆောင်ခွင့်ရှိတဲ့အကြောင်း ၂၀၁၅ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့တယ်။

ဒီနေရာမှာ လူအတော်များများ သတိမထားမိတဲ့အဖြစ်အပျက်တစ်ခုဖြစ်သွားခဲ့တယ်။ ၂၀၁၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှာ ဦးရွှေမန်း ဥက္ကဌ လုပ်နေတဲ့ ပြည်သူ့လွှတ်တော်က ပြည်ထောင်စု အစိုးရ အဖွဲ့ ဥပဒေကို ပြင်ဆင်ဖို့ ဆွေးနွေးခဲ့တယ်။ အဲဒီပြင်ဆင်ချက်က ပြည်ထောင်စုအစိုးရ အဖွဲ့ ဝင်တွေ “ ရွေးကောက်ပွဲဆိုင်ရာ ပါတီ စည်းရုံးရေး လုပ်ငန်း” လုပ်ခွင့်ရှိတယ်ဆိုတဲ့ စာသား မှာ “ ပါတီ ” ဆိုတဲ့ စာသားကို ဖြုတ်ပြီး“ ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးရေးလုပ်ငန်း လုပ်ခွင့်ရှိ သည်” လို့ ပြင်ဖို့ ဖြစ်ပါတယ်။

အဲဒီလိုပြင်ဆင်လိုက်ရင် လက်ရှိ ပြည်ခိုင်ဖြိုးပါတီဥက္ကဌဖြစ်တဲ့ ဦးသိန်းစိန်နဲ့ ဝန်ကြီး၊ ဒုတိယဝန်ကြီး တွေဟာ ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်လို့မရတော့ဘူး။ ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးရေး လုပ်ငန်းတွေလုပ်လို့မရတော့ဘူး။ အခြားပါတီတစ်ခု အနေနဲ့လည်း လုပ်လို့မရတော့ဘူး။ တစ်သီး ပုဂ္ဂလိက အနေနဲ့ ပဲ ရွေးကောက်ပွဲ ဝင်ရတော့မှာဖြစ်ပါတယ်။

ဒါ့ကြောင့် အဲဒီလိုပြင်ဖို့ ကြိုးစားတာကို ပြည်ခိုင်ဖြိုးခေါင်းဆောင်တစ်ချို့နဲ့ ပြည်ခိုင်ဖြိုး လွှတ်တော် ကိုယ်စားလှယ်တစ်ချို့က မကြိုက်ဘူး။ တပ်မတော်သားကိုယ်စားလှယ်တွေကလည်း ဆန့်ကျင် တယ်။ ဒါပေမယ့် နောက်ဆုံးမဲခွဲတဲ့အခါမှာတော့ ဦးရွှေမန်းဘက်ကပဲ နိုင်သွားခဲ့တယ်။

သို့သော် အဲဒီဥပဒေပြင်ဆင်ချက်ကို အမျိုးသားလွှတ်တော်မှာဆွေးနွေး၊ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲရင် ပြည်ထောင်စုလွှတ်တော်မှာဆွေးနွေး အတည်ပြု၊ ပြီးရင် သမ္မတဆီပို့ ဆိုတဲ့ အဆင့်တွေ အထိပြီးအောင်မလုပ်နိုင်ဘဲ ရပ်သွားခဲ့တယ်။

ဒါပေမယ့် အစိုးရအဖွဲ့မှာရော၊ ပြည်ခိုင်ဖြိုးခေါင်းဆောင်တွေကြားမှာပါ ဦးရွှေမန်းဟာ အစိုးရ နဲ့ ပါတီ ညီညွတ်ရေးတည်ဆောက်ပြီး ရွေးကောက်ပွဲနိုင်အောင်လုပ်ရမယ့်အစား ဦးသိန်းစိန်ကို ဖယ်ရှားပြီး ဥက္ကဌ လုပ်ဖို့အတွက် ပိုအားထည့်နေတယ်လို့ သုံးသပ်မှုတွေပေါ်လာခဲ့တယ်။ ကျွန်တော့်အမြင်အရတော့ နောင်မှာ ဦးရွှေမန်းကို ခေတ္တဥက္ကဌ ရာထူးက ဖယ်ရှားတဲ့အဆင့် အထိ ရောက်ခဲ့ရတဲ့အကြောင်းတွေထဲမှာ ဒီကိစ္စလည်းပါနိုင်ပါတယ်။

၂၀၁၅ ဦးသိန်းစိန် ဆုံးဖြတ်ချက်

တကယ်တော့ သမ္မတ၊ ဝန်ကြီး၊ ဒုဝန်ကြီးတွေ ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်း လုပ် ခွင့်ရှိ၊ မရှိ ဆိုတဲ့အချက်နဲ့ပတ်သက်ပြီး အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှစ်ခုမှာ အချင်းချင်း ဆန့်ကျင်နေတဲ့ သဘောဖြစ်နေတာနဲ့ပတ်သက်ပြီး နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး က ဆုံးဖြတ်တာက အကောင်းဆုံးပါပဲ။

ဒါပေမယ့် လွှတ်တော်နဲ့ ပြဿနာတက်ပြီး အခြေခံဥပဒေခုံရုံးတစ် ခုလုံးနှုတ်ထွက်ရတဲ့ ကိစ္စဖြစ်ပြီးထဲက ခုံရုံးရဲ့ သမာသမတ်ကျမှုနဲ့ လွတ်လပ်မှုအပေါ် သံသယရှိ၊ ရွေးကောက်ပွဲကလည်း နီးနေပြီဆိုတော့ ခုံရုံး အဆုံးအဖြတ်ရယူဖို့ကိစ္စကိ ဘယ်သူမှ မစဉ်းစားတော့ဘူး။

အဲဒီအချိန်မှာ ဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့အတွင်းမှာလည်း ရွေးကောက်ပွဲဝင်မယ့်သူ နဲ့ မဝင်မယ့် သူဆိုပြီး နှစ်မျိုးရှိလာပါပြီ။ သမ္မတ ဦးသိန်းစိန်ကတော့မဝင်ဘူး။ ဒုသမ္မတ နှစ်ယောက်က ဝင်မယ်။ ဝန်ကြီးတွေထဲမှာလည်း အများစုက ဝင်ပြိုင်မယ်။ အနည်းစုကမဝင်ဘူး။ ကျွန်တော်ကတော့ မဝင်တဲ့ အထဲမှာပါတယ်

ဒီတော့ သမ္မတဦးသိန်းစိန်က ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလမှာ သမ္မတကနေ စပြီး ဒုတိယ ဝန်ကြီးအဆုံး အားလုံးလိုက်နာရမယ့်အချက်တွေကို အခုလိုသတ်မှတ်ပေးခဲ့တယ်။ ဒါဟာ လွတ်လပ်ပြီး တရားမ ျှတတဲ့ရွေးကောက်ပွဲဖြစ်စေဖို့အတွက် အစိုးရအဖွဲ့ဝင်များလိုက်နာရမယ့် ကျင့်ဝတ်တွေလို့လည်းပြောလို့ရပါတယ်။

၁။ ရွေးကောက်ပွဲ ဝင်မယ့် အစိုးရအဖွဲ့ဝင်တွေက မိမိ သက်ဆိုင်ရာမဲဆန္ဒနယ်မြေ မှာပဲ ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းတွေကို လုပ်ရမယ်။ အခြားဒေသမှာ မလုပ် ရဘူး။

၂။ အစိုးရအဖွဲ့ဝင်တွေအနေနဲ့ ပြည်ခိုင်ဖြိုးပါတီရုံးတွေ၊ ပြည်ခိုင်ဖြိုးပါတီက ဆောင်ရွက်တဲ့အခမ်း အနားတွေ မတက်ရဘူး။ ရွေးကောက်ပွဲဝင်မယ့် သူကတော့ ကိုယ်ပြိုင်မယ့် မဲဆန္ဒနယ်မှာ လုပ်ခွင့် ရှိတယ်။ အခြားဒေသတွေမှာမလုပ်ရဘူး။

၃။ ဝန်ကြီးဌာနတွေဟာ ရွေးကောက်ပွဲကော်မရှင်က တရားဝင်အကူအညီတောင်းခံတဲ့ အုပ်ချုပ်ရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စတွေကလွဲရင် ကျန်တဲ့ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ် တွေမှာ ပါဝင် ပတ်သက်မှုမပြုရဘူး။

ပြန်ကြားရေး

ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့တော့ အစိုးရအဖွဲ့ဝင် ကိုယ်စားလှယ်လောင်းတစ်ယောက်က သူ့ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်မြေမှာ ရွေးကောက်ပွဲ နဲ့ ဆက်စပ်တဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်ရင် နိုင်ငံပိုင် မီဒီယာတွေမှာ သတင်းမဖော်ပြဖို့သတ်မှတ်ပေးထားတယ်။ ဒါပေမယ့် နိုင်ငံတော် မူဝါဒတွေ၊ စီမံကိန်းတွေနဲ့ပတ်သက်တဲ့လုပ်ဆောင်ချက်ဆို ရင်တော့ ဖော်ပြလို့ရတယ်။

ပြည်ခိုင်ဖြိုးပါတီနဲ့ပတ်သက်ရင်တော့ ကော်မရှင်က ခွင့်ပြုတဲ့လုပ်ဆောင်ချက် ကလွဲရင် သတင်းဖော်ပြခြင်းမပြုဖို့သတ်မှတ်ထားတယ်။ ဥပမာ ပါတီမူဝါဒ ဟောပြောခြင်း

ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ အဲဒီအချက်တွေ အတတ်နိုင်ဆုံးလိုက်နာခဲ့တယ်။ ဒါပေမယ့် မိတ္ထီလာ လွင်ပြင်စိမ်းလန်းစိုပြေရေးနဲ့ပတ်သက်ပြီး သမ္မတ မိန့်ခွန်းမှာပါတဲ့ မိတ္ထီလာလွင်ပြင် အစိမ်းရောင်လွှမ်းရမယ်ဆိုတဲ့ စကားကို ကောက်နှုတ်ပြီး သတင်းခေါင်းစဉ်တတ်တဲ့ကိစ္စ မျိုး မှာတော့ ဦးသိန်းစိန်က ခေါ်ယူသတိပေးတာခံရဖူးတယ်။ (အဲဒါကလည်း ခရီးစဉ်သတင်းကို စိစစ် တည်းဖြတ် အတည်ပြုပေးတဲ့ ကျွန်တော့်တာဝန်ပါပဲ။ သတင်းစဉ်က အယ်ဒီတာတွေအပြစ် မဟုတ် ပါဘူး။ )

၂၀၂၀ ဘာလုပ်မလဲ

၂၀၂၀ ရွေးကောက်ပွဲမှာလည်း ရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၁ ရက်နေ့မှာ ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်တွေဟာ ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းများ နဲ့ နယ်မြေစည်းရုံးရေးလုပ်ငန်းများ ကို လုပ်ပိုင်ခွင့်ရှိတယ်လို့ ကြေညာချက်ထုတ်ခဲ့တယ်။ ဒါဟာ ၂၀၁၅ တုန်းက အတိုင်းဆောင်ရွက်တာပါပဲ။

သမ္မတ ဦးဝင်းမြင့်အနေနဲ့ ရွေးကောက်ပွဲဝင်မယ့် အစိုးရအဖွဲ့ဝင်တွေ ဘယ်လိုပုံစံနဲ့ စည်းရုံးရေး လုပ်ငန်းတွေလုပ်ရမယ်ဆိုတာမျိုးကို ညွှန်ကြားထားတာရှိ၊မရှိမသိရဘူး။ ဒါပေမယ့် သမ္မတ ဦးဝင်းမြင့် နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော် အင်န်အယ်လ်ဒီ ပါတီ ရုံးခွဲ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့တာကို တွေ့တော့ ၂၀၁၅ ရွေးကောက်ပွဲ အကြိုကာလ မှာ ရွေးကောက်ပွဲ ဝင် မယ့် အစိုးရအဖွဲ့ဝင်တွေသာ အဲဒီလို အခမ်းအနား မျိုးတက်ခဲ့ရင် ဘယ်လောက်ဝေဖန် ကြမလဲဆိုတာ စဉ်းစားကြည့်မိတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗိုလ်မှူးချုပ်သန်းထွန်း

အခု ဖေ့စ်ဘွတ်ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် အာဇာနည်နေ့ အခမ်းအနား မှာ ဖခင်ဖြစ်သူကို ကန်တော့ခွင့်မရဘူးဆိုပြီး ဗီဒီယိုဖိုင်တစ်ခုကို ကိုးကားပြီးပြောနေ ကြတယ်။ ( ပုံ ၁ ၊ ၂ နှင့် ၃) လွန်လွန် ကဲကဲဇတ်နာအောင် ပြောတတ်သူတွေကတော့

“ အမကြီး ကန်တော့ဖို့ အစီအစဉ်မရပါဘူး။ အခုပဲ ပန်းခွေချပြီး ပြန်ရပါမယ်” လို့ အစောင့်က အနားကပ်ပြောတယ် လို့တောင် ရေးကြသေးတယ်။ ရင်ပြင်ပေါ်မှာ နှစ်ယောက်တည်း ကပ်ပြော တဲ့စကားကို ဘယ်လိုကြားသလဲဆိုတာ စဉ်းစားစရာပဲ။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ပန်းခွေချတာမဟုတ်ပါဘူး။ ပန်းခြင်း တင်တာပါ။

အဲဒီဗီဒီယိုက ၂၀၁၆ အာဇာနည်နေ့ မတိုင်ခင်မှာလည်း ထွက်လာဖူးတယ်။ အဲဒီအချိန်တည်းက ဒေါ်အောင်ဆန်းစုကြည်ကို သူနဲ့အတူပါလာတဲ့ တပ်မတော်ထောက်လှမ်းရေးက ဗိုလ်မှူး သန်း ထွန်း အနေနဲ့ မကန်တော့ရဘူးလို့တားမယ်လို့မထင်ခဲ့ဘူး။ ဘာ့ကြောင့်လဲဆိုတော့

၁။ ဒေါ်အောင်ဆန်းစုကြည်ကို အဲဒီလို တားလို့မရဘူး။ တားရင်လည်း ဒေါ် အောင်ဆန်းစုကြည်က လက်မခံမှာမဟုတ်ဘူး။

၂။ ဖခင်ဖြစ်သူကို မကန်တော့စေချင်ဘူးဆိုရင် အစထဲက လုံခြုံရေးကို အကြောင်းပြပြီး ဂါရဝပြုခွင့် မပေးလို့ရတာပဲ။ ခေါ်လာပြီး လူကြားထဲရောက်မှ တားရင် ပြဿနာဖြစ်ဖို့ များတယ်ဆိုတာ ထောက်လှမ်းရေးဘက်ကလည်း စဉ်းစားမိမှာပဲ။

၃။ သူ့ကို ကန်တော့ဖို့တားမြစ်တယ်ဆိုတဲ့အကြောင်းကိုလည်း လက်လှမ်းမီသလောက် ရှာဖွေလေ့လာခဲ့တဲ့ ဒေါ်အောင်ဆန်းကြည်ရဲ့ မိန့်ခွန်းတွေ၊ ဆောင်းပါးတွေမှာ မတွေ့ဘူး။

၄။ ဗိုလ်မှူးချုပ်သန်းထွန်းကလည်း အဲဒီလိုလုပ်မယ့်သူမျိုးမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ စိတ်သဘောထားကို သိပြီး လေးလေးစားစားဆက်ဆံတဲ့အတွက် နှစ်ယောက်ကြားမှာ ဆက်ဆံ ရေးကောင်းပြီး ၁၉ ၈၉ ခုနှစ်ကနေ ၂၀၀၄ ခုနှစ် ထောက်လှမ်းရေးတပ်ဖွဲ့ကို ဖျက်သိမ်းတဲ့အချိန်ထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ ကြား မှာ ဆက်ဆံရေးတာဝန်ကို ယူခဲ့ရသူဖြစ်ပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဘာ့ကြောင့် မကန် တော့ပဲ ပြန်သွားသလဲဆိုတာတော့ စိတ်ဝင်စားတယ်။ ဒါကို ပြောနိုင်တာကလည်း ကာယကံရှင်ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗိုလ်မှူးချုပ်ဟောင်း သန်းထွန်း ( အဲဒီအချိန်က ဗိုလ်မှူးသန်းထွန်း ) ပဲရှိတယ်။

၂၀၁၈ ခုနှစ် စက်တင်ဘာလထဲရောက်တော့ ISEAS ရဲ့ မြန်မာ့နိုင်ငံရေး နှုတ်ပြောသမိုင်းမှတ်တမ်း ရယူမှုအစီအစဉ်ကနေ ဗိုလ်မှူးချုပ်ဟောင်းသန်းထွန်းကို မေးခွင့်ရတယ်။ သူ့မှတ်တမ်းက နှစ်ရက်ယူရတယ်။ ၇ နာရီ နီးပါးကြာတယ်။ အဓိကအားဖြင့်တော့ သူ့ထောက်လှမ်းရေးတပ်ဖွဲ့ဝင် ဘ၀ အတွေ့အကြုံတွေ ကို မှတ်တမ်းတင်ခဲ့တာပါ။ အဲဒီအထဲမှာ သူနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆက်ဆံရေးအကြောင်းတွေ အများကြီးပါပါတယ်။

အဲဒီလို မှတ်တမ်းရယူချိန်မှာ အာဇာနည်နေ့အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် မကန်တော့ ဘဲ ပြန်သွားတဲ့ ကိစ္စကိုလည်း ပြောပြခဲ့တယ်။ သူ့ပြောကြားချက် အကျဉ်းက အခုလိုဖြစ်ပါတယ်။

၁။ ဒေါ်အောင်ဆန်းစုကြည်က လှမ်းမေးလို့ အနားကို ကပ်ပြီးဖြေခဲ့တာ။ သူက သွားပြီး ကန်တော့လို့မရဘူးလို့ ပြောခဲ့တာမဟုတ်ဘူး။

၂။ အဲဒီလိုပြောရင်လည်း ဒေါ်အောင်ဆန်းစုကြည်က လက်ခံမှာမဟုတ်ဘူး။

၃။ အဲဒီနှစ်က ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးတက်တဲ့ နှစ်။ ခေါင်းဆောင်ကြီးတွေ ရဲ့ မိသားစု အချို့က လွမ်းသူ့ပန်းခွေချပြီးရင် ကန်တော့ကျတယ်ဆိုတာ သူသတိထားမိပုံမရဘူး။

၄။ အခမ်းအနားပြီးနောက်ပိုင်းမှာ အဲဒီလို ကန်တော့ကြလားလို့ မေးခဲ့တယ်။ နောက်နှစ်တွေ မှာ ကန်တော့တယ်။

၅။ အခြားသူကို အစောင့်မထည့်ဘဲ သူကိုယ်တိုင် ဝတ်စုံပြည့်နဲ့လိုက်သွားတာဟာ ဆက်ဆံရေး ကောင်းဖို့ ရည်ရွယ်လိုက်သွားတာဖြစ်တယ်။

ဗိုလ်မှူးချုပ်ဟောင်းသန်းထွန်းရဲ့ ဖြေကြားချက်အပြည့်အစုံ ကို ဓာတ်ပုံတွေမှာ ဖတ်ပါ။ ( ပုံ ၄ ၊ ၅ နဲ့ ၆)

ဒါကတော့ တပ်မတော်ထောက်လှမ်းရေးဘက်က လိုက်ပါလာသူရဲ့ ကိုယ်တိုင်ရှင်းလင်းချက်ပေါ့။ အခုလိုပြောတာ မှန် မမှန် ဆုံးဖြတ်ပေးနိုင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ပဲရှိတယ်။ အာဇာနည်နေ့ဇာတ်လမ်းကို ဖြန့်ချိနေသူတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် အနားထိ သွားနေတဲ့ သူတွေလည်းပါနေတော့ ကာယကံရှင်ကို မေးပြီး ပြည်သူသိအောင် ပြောပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

မှတ်ချက်။ ဗိုလ်မှူးချုပ်ဟောင်း သန်းထွန်းရဲ့ နှုတ်ပြောသမိုင်း အပြည့်အစုံကို ဖတ်ချင်တယ်ဆိုရင် တော့ စင်္ကာပူ ISEAS စာကြည့်တိုက်မှာလေ ျှာက်လွှာတင်ပြီး အသံ ကို နားထောင်လို့ရသလို လုံးကောက်မှတ်တမ်းကိုလည်း ဖတ်လို့ရပါတယ်။

“ Myanmar’s Political Transition and Lost Opportunities (2010-2016)”

Power သတင်းဂျာနယ်က ကျွန်တော့်စာအုပ် “ Myanmar’s Political Transition and Lost Opportunities (2010-2016)” စာအုပ်ကို မြန်မာဘာသာ ပြန်ဆိုနေမှုအခြေအနေနဲ့ အဲဒီစာအုပ်ထွက်ရင် ပွဲဆူမယ်လို့ ပြောနေတဲ့ အပေါ် မေးလို့ အခုလိုဖြေခဲ့ပါတယ်-

( ဂျာနယ်ကို ဖြေဖို့ကျန်သွားတဲ့အတွက် ထပ်ပြောချင်တဲ့စကားကတော့ စာအုပ်ပါရေးသားချက် တွေနဲ့ပတ်သက်ပြီး မကျေလည်သူတွေအနေနဲ့ (၁) အချက်အလက်နဲ့ ပြန်ရှင်း (၂) ကာယကံ ရှင်ကိုယ်တိုင်က ကျွန်တော့် တရားစွဲပြီး ဥပဒေအကြောင်းအရ ရင်ဆိုင်ဖြေရှင်း ဆိုတဲ့ နည်းလမ်း နှစ်ခုထဲက နှစ်သက်ရာကို ရွေးလို့ရကြောင်း ဆိုတဲ့ စကားပါပဲ။)

“ ကျွန်တော့်စာအုပ်ကို ကျွန်တော်က အင်္ဂလိပ်လိုရေးခဲ့တယ်။ ကိုယ်ရေးတဲ့ စာအုပ်ကို ကိုယ်ကိုယ် တိုင်ဘာသာပြန်ဖို့ တိုက်တွန်းတဲ့ လူတွေလည်းရှိတယ်။ ဒါပေမယ့် ကျွန်တော်က ကျွန်တော်ကိုယ် တိုင် ဘာသာပြန်ဖို့ ဆန္ဒမရှိဘူး။

ဘာ့ကြောင့်လဲဆိုတော့ ဒီစာအုပ်ကို ကျွန်တော်မူကြမ်းစတင်ရေးတုန်းက မြန်မာလို အကျဉ်းချုပ် ရေးတာ။ ပြီးတော့မှ အင်္ဂလိပ်လို ရေးတယ်။ ရေးတဲ့အခါမှာ တချို့စကားလုံးတွေက ( ကျွန်တော် မြန်မာလိုရေးထားတဲ့ စကားလုံးတွေက ) နည်းနည်းပြင်းထန်တယ်။ အဲဒါကို အခြေပြု ပြီးရေးလိုက်တဲ့ အင်္ဂလိပ်စကားလုံးကလည်း ပြင်းထန်တယ်။ ကျွန်တော့်စာအုပ်ကို တည်းဖြတ် ပေးတဲ့ ကြီးကြပ်တဲ့ ဆရာကြီး ရောဘတ်တေလာ နဲ့ ကျောင်းက အဖွဲ့တွေက သူတို့ ရဲ့ အယ်ဒီတာမူဝါဒနဲ့ မကိုက်လို့ပြန်ပြင်လိုက်တယ်။ သင့်လျော်တဲ့ စကားလုံးနဲ့ အစားထိုးပေး တာပေါ့။

( ဒါပေမယ့်) မူရင်းအဓိပ္ဗါယ်က ကျွန်တော့်ခေါင်းထဲမှာ ရှိနေတယ်။ ကျွန်တော် ဘာသာပြန်လိုက် လို့ရှိရင် အဲဒီစကားလုံးတွေ ပြန်သုံးမိရင်ဖြင့် မကောင်းဘူး။ မြန်မာ့နိုင်ငံရေးကို သေချာနားလည် တဲ့ သူတစ်ယောက်က ဘာသာပြန်မယ်ဆိုလို့ လွှဲပေးလိုက်တယ်။ သို့သော် ဘာတစ်ခုပဲ တောင်း ဆိုလဲဆိုတော့ သူပြီးသွားရင် ကျွန်တော်ပြန်ကြည့်မယ်လို့ ကျွန်တော်က တောင်းဆိုလိုက်တယ်။ သူဘာသာပြန်ထားတာသည် ကျွန်တော်ပြောတဲ့ ဆိုလိုချက်ကို ထင်ဟပ်လား၊ မထင်ဟပ်ဘူး လား၊ ကျွန်တော်ပြန်ကြည့်ချင်တာ။ ပထမအဆင့်တော့ ပြီးသွားပြီ။ သူပြန်ချောနေတယ်။ သူ ပြန် ချောပြီးရင် ဒုတိယအဆင့်ပြီးလို့ရှိရင်တော့ စာအုပ်ထုတ်တော့မယ်။ ဒါက စာအုပ် အခြေ အနေ။

ကျွန်တော့်စာအုပ်က အဓိက ပွဲဆူဖို့ရေးတာမဟုတ်ဘူး။ နောက်တစ်ခါ ဦးသိန်းစိန် အစိုးရရဲ့ အောင်မြင်မှုတွေအကြောင်း ရေးတာလည်းမဟုတ်ဘူး။ ကျွန်တော်ရေးတဲ့ စာအုပ်က ၂၀၁၀ နဲ့ ၂၀၁၆ ကြားထဲမှာ ကျွန်တော်တို့သည် ပြုပြင်ပြောင်းလဲရေးကို ဒီထက်ပိုပြီးတော့မှ လုပ်နိုင်တဲ့ အခွင့်အရေးတွေ ရခဲ့တယ်။ ဒါပေမယ့် အဲဒီအခွင့်အလမ်းတွေကို ကျွန်တော်တို့ မလုပ်နိုင်ခဲ့ ဘူး။ ဘာ့ကြောင့် မလုပ်နိုင်သလဲဆိုတာ ကျွန်တော်သင်ခန်းစာဖော်ထုတ်တာ။

သင်ခန်းစာဖော်ထုတ်တဲ့အခါမှာ အဲဒီတုန်းက အဓိက ဇာတ်ကောင်ဖြစ်တဲ့ ဦးသိန်းစိန် နဲ့ ဦးရွှေမန်း။ အဓိက ပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ အုပ်ချုပ်ရေးကိစ္စမှာ အဓိက လုပ်ရတဲ့ ကျွန်တော် တို့ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ အကြောင်းပါတယ်။ သူတို့ရဲ့ သင်ခန်းစာကို ဖော်ထုတ်တာဖြစ်တဲ့ အတွက်ကြောင့်မို့ ကောင်းတာထက် အားနည်းချက်က ပိုများတာပေါ့။

ဒီစာအုပ်ကို ပွဲဆူအောင်ရေးတာမဟုတ်ပေမယ့်လည်း ဒီစာအုပ်ထွက်လာရင်တော့ ကျွန်တော်ထင် တယ် ကျွန်တော့်အပေါ် မကျေလည်တဲ့သူတွေ ပိုများမှာပေါ့။ ”

ပါဝါဂျာနယ်အင်တာဗျူး

ဇူလိုင် ၁၂ ရက်နေ့က ပါဝါဂျာနယ်သတင်းအဖွဲ့ နဲ့ တွေ့ဆုံဖြေကြားခဲ့ပါတယ်။ အဲဒီအင်တာဗျူး ကို ဒီနေ့ ဇူလိုင် ၁၅ ထုတ်ဂျာနယ်မှာ ဖော်ပြထားပါတယ်။ ဖြေကြားချက်တွေထဲက စိတ်ဝင်စားစရာ လေးတွေကို ကောက်နှုတ်မ ျှဝေရရင်

ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါက အရမ်းကြီးတယ်။ ဒေါ်အောင်ဆန်းစုကြည်က သြဇာ ရော၊အာဏာပါရှိတယ်။ မြန်မာ့နိုင်ငံရေးမှာ ဦးနေဝင်းတို့၊ ဦးသန်းရွှေတို့က အာဏာပဲ ရှိတာ၊ ( လူထုအပေါ်) သြဇာမရှိဘူး။ xx

အခုကျွန်တော်ပြောနေတာတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရကို ဝေဖန်တယ် ဆို တာထက် ဘာမှမဝေဖန်ဘဲနဲ့ ဝိုင်းမြှောက်လို့ရှိရင် အကြီးအကဲတွေ ဘယ်လို ဒုက္ခရောက်တယ် ဆိုတာကို ကိုယ်တွေ့မြင်ခဲ့တဲ့အတွက်ကြောင့်မို့ အဲဒီလိုမျိုးမဖြစ်စေချင်တဲ့ စိတ်နဲ့ ကျွန်တော် ဝေဖန်တာပါ။ မကြိုက်မှန်းသိတယ်။ အဆဲခံရမှန်းလည်း သိတယ်။ သို့သော် ဘယ်သူမှ မပြောတဲ့ အချိန်မှာ ကိုယ်က ပြောသင့်ပြောထိုက်တာကို ပြောမယ်ဆိုတဲ့စိတ်နဲ့ ကျွန်တော် ပြော နေ တာ။ xx

ဦးသိန်းစိန်

သူ့ရဲ့ စိုးရိမ်မှုက ၂၀၁၁-၂၀၁၆ မှာတုန်းက အရွေ့တစ်ခု ဖြစ်အောင် သူအများကြီး ကြိုးစားခဲ့တယ်။ အဲဒီအရွေ့ကနေ နောက်ပြန်လန်ကျသွားမှာကို သူစိုးရိမ်တယ်။ xx

ပါတီခေါင်းဆောင်ဟောင်းတစ်ယောက်အနေနဲ့ အတိုင်းအတာတစ်ခုအထိ လုပ်ပေးတာက လွဲရင် အရမ်းကြီးတက်တက်ကြွကြွထွက်ပြီး မဲဆွယ်ဖို့တော့ တော်တော်အလားအလာနည်း တယ်။ xx

အင်န်အယ်လ်ဒီ

NLD အစိုးရရဲ့ စွမ်းဆောင်မှုကို သူတို့ အားမရဘူးဆိုရင်တောင် နောက်ထပ် ၅ နှစ် အချိန်ပေးချင်တဲ့စိတ် လူအတော်များများမှာ ရှိတယ်လို့ ကျွန်တော်မြင်တယ်။ xxx

အဂတိလိုက်စားမှုတွေ၊ ခရိုနီကိစ္စတွေ၊ ဆွေမျိုးကောင်းစားရေးဝါဒတွေ ဒီလိုဟာ မျိုးတွေနဲ့ ပတ်သက်ရင် ဒီအစိုးရမှာလည်း မကင်းဘူး။ သို့သော် အရင်တုန်းက ဒီထက်ပိုဆိုးတယ်ဆိုတဲ့ ဖြေသိမ့်မှုက လူအတော်များများမှာ ရှိတယ်။ ဒါဟာ ရွေးကောက်ပွဲမှာ NLD အတွက် အားသာ ချက်တစ်ခုဖြစ်နေတာပေါ့။xx

ပြည်ခိုင်ဖြိုး

ပြည်ထောင်စုကြံ့ုခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ အဓိက ပြဿနာက အရင် ဦးသိန်းစိန် အစိုးရ ငါးနှစ် လုပ်ဆောင်ခဲ့တာကိုပဲ ကာကွယ်နေရတာမဟုတ်ဘူး။ သူ့ကို ထူထောင်ပေးခဲ့တာက တပ်မတော် အစိုးရ ဖြစ်တဲ့အတွက် တပ်မတော်အစိုးရရဲ့ ခေတ်ကာလအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ်တွေ ကို ပါ အပြစ်တင်ခံနေရတယ်။ xxx

NLD ပါတီက ဒေါ်အောင်ဆန်းစုကြည်အရှိန်နဲ့ တစ်နိုင်ငံလုံးမှာ လှုပ်ရှားလို့ရတယ်။ ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးပုံရိပ်က လူထုကြီးကို ရွေ့လျားသွားအောင် လုပ်နိုင်တဲ့အင်အားမရှိဘူး။ ပါ တီတကယ်အလုပ်ဖြစ်ဖို့ဆိုတာက မြို့နယ်နဲ့ ရပ်ကျေးမှာရှိတဲ့ပါတီဝင်တွေရဲ့ တက်ကြွမှုက အများ ကြီးအရေးပါတယ်။ xx

ဦးရွှေမန်း

လွှတ်တော်ထဲမှာ ရှိနေတဲ့ ဦးရွှေမန်းနဲ့ အဖွဲ့တွေက NLD လုပ်ရမယ့် အလုပ်ကို NLD ကိုယ်စား ဝင် လုပ်ပြီးတော့ ဦးသိန်းစိန်အစိုးရကို ဝေဖန်တိုက်ခိုက်တယ်။ ဆိုတဲ့အခါကျတော့ အစိုးရပုံရိပ် မကောင်းရင် ပါတီပုံရိပ်လည်းမကောင်းဘူးပေါ့။ xxxx

ဦးရွှေမန်း နဲ့ ဒေါ်အောင်ဆန်းစုကြည် ဆက်ဆံရေးက ပွင့်လင်းမှုမရှိဘူး။ သူတို့ နှစ်ယောက်ကြား ဘာတွေ သဘောတူညီချက်ရှိတယ်ဆိုတာကို ပါတီဗဟိုအလုပ်အမှုဆောင်တွေတောင် မသိရဘူး။ xx

( ပြည်ခိုင်ဖြိုးပါတီက) လွှတ်တော်ကိုယ်စားလှယ်လောင်းလျာထားတဲ့စာရင်း NLD ပါတီဘက်ကို ပေါက်ကြားသွားတယ်၊ ဒီအတွက်လည်း ဦးရွှေမန်းမှာ တာဝန်မကင်းဘူး ဆိုတဲ့ စွပ်စွဲ ချက်တွေလည်း ရှိတယ်။ xx

၂၀၁၅ သန်းခေါင်ယံအာဏာသိမ်းပွဲ

အာဏာသိမ်းတယ်ဆိုတာထက် ဦးသိန်းစိန်က သူလွှဲပေးခဲ့တဲ့တာဝန်ကို ပြန်ယူပြီး နောက်ထပ် ပိုသင့်တော်တဲ့ လူတစ်ယောက်ကို လွှဲပေးခဲ့တာပါ။ xx

ကျွန်တော့်အယူအဆပြောရရင် အဲဒီလိုလုပ်တာသိပ်နောက်ကျတယ်။ အမှန်က ဒီလိုဖြစ်စဉ်မျိုးကို ၂၀၁၄ အစလောက်က လုပ်ခဲ့လို့ရှိရင် ပါတီက ပြန်တည်ဆောက်လို့ရတယ်။ xxx

(ရဲတွေချထားတယ်ဆိုတဲ့ကိစ္စက ) ဦးရွှေမန်းကသူ့မှာ လုံခြုံရေးအဖွဲ့ရှိတာကိုး။ ဒီမှာ အစည်းအဝေး လုပ်ပြီဆိုတဲ့ သတင်းကြားတဲ့အခါ သူ့လုံခြုံရေးအဖွဲ့နဲ့ အတူ ဒီကို ဝင်လာမှာကို စိုးရိမ်တယ်။xx အဲဒီလိုဝင်လာလို့မရအောင် ဆိုပြီးတော့မှရဲတွေ ချတဲ့သဘော။ ဒါပေမယ့် ပုံရိပ် မကောင်းဘူး။ xx လုပ်သင့်လို့လုပ်ပေမယ့် လုပ်တဲ့အချိန်နောက်ကျတယ်၊ လုပ်နည်းလုပ်ဟန် သိပ်ပြီးတော့အံဝင်ခွင်ကျမဖြစ်ဘူး။

ဦးတင်အေး နဲ့ ဦးလှသိန်း (၂)

ကိုဗစ် နဲ့ မဲရုံများ

နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမယ့် အဖွဲ့အစည်းများက ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ညွှန်ကြားချက်တွေ၊ သမ္မတ နဲ့ အစိုးရအဖွဲ့ဝင်တွေ ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံး ရေး လုပ်မယ့် အခြေအနေတွေနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုနေကြပေမယ့် မဲရုံတွေ အကြောင်း ဆွေးနွေးတာမတွေ့ရသလောက်ပဲ။

မဲရုံကိစ္စလို့ပြောတဲ့အခါ မဲရုံအတွင်းက လုပ်ငန်းစဉ်တွေကို မပြောခင် မဲရုံ အရေအတွက်ကို အရင် စသုံးသပ်ရမယ်။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ( ၃၂၃ ) နယ်၊ အမျိုး သားလွှတ်တော် မဲဆန္ဒနယ် (၁၆၈ ) နယ်၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ( ၆၅၉ ) နယ် မှာ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့တယ်။ မဲပေးခွင့်ရှိသူ ၃၄,၂၉၅, ၃၃၄ ယောက်ရှိတယ်။ မဲရုံက ၄၀,၁၄၀ ရှိတယ်။ ဒါ့ကြောင့် မဲရုံတစ်ရုံအတွက် ပ ျှမ်းမ ျှ မဲဆန္ဒရှင် (၈၅၅) ဦးအချိုးရှိတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲရုံ ဘယ်နှစ်ရုံထားမလဲဆိုတာ အခုအချိန်ထဲက စပြီးဆွေးနွေးသင့်ပြီ။ ဘာ့ကြောင့်လဲဆိုတော့ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအစီအစဉ်တွေ ဆက်ပြီးရှိနေ မယ် ဆိုရင် မဲပေးမယ့်သူတစ်ယောက်နဲ့ တစ်ယောက် အကွာအဝေး၊ မဲရုံအတွင်း ရောဂါကာကွယ်ထိန်း ချုပ်ရေးအတွက် အခြားလုပ်ဆောင်ရမယ့်အချက်တွေ ထည့်တွက်လိုက်ရင် တစ်နာရီမှာ မဲပေးနို င်မယ့် လူအရေအတွက် နည်းသွားမှာ သေချာတယ်။ ဒါဆိုရင် မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ဖို့ အတွက် မဲရုံ အရေ အတွက်ကို ပိုတိုးရမယ်ဆိုတာ ထင်ရှားတယ်။

ဒီနေရာမှာ နိုဝင်ဘာလရောက်ရင် ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ရေးတွေ လုပ်ဖို့ လိုချင်မှ လိုမယ် လို့ ဆင်ခြေပေးတာမျိုးပေါ်လာနိုင်တယ်။ ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှုကို ဘယ်သူမှ ခန့်မှန်းလို့ မရ ဘူး။ ဒ့ါကြောင့် ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ရေးတွေ ဆက်ပြီးလုပ်ဆောင်နေရမယ်ဆိုတဲ့ အနေ အထားနဲ့တွက်ချက်ပြင်ဆင်ထားတာအကောင်းဆုံးပဲ။ ကော်မရှင်ကမဲရုံအရေအတွက်ကိစ္စ ပြင်ဆင်နေတာ ရှိကောင်းရှိမှာပါ။ ဒါပေမယ့် သတင်းထုတ်ပြန်တာတော့မတွေ့သေးဘူး။

၂၀၁၅ အတွေ့အကြုံ

ဒီထက်ပိုအရေးကြီးတာက မဲရုံတိုးချဲ့တယ်ဆိုတာ အလှုဧည့်ခံသလို ဧည့်သည့်ကျတယ်ဟေ့၊ ခုံတွေ ထပ်ခင်းဆိုပြီး လုပ်လို့ရတာမဟုတ်ဘူး။ မဲရုံအရေအတွက်အပေါ်မူတည်ပြီး ကြိုလုပ်ရတဲ့ ကိစ္စ တွေ အများကြီးရှိတယ်။ ၂၀၁၅ ရွေးကောက်ပွဲ အတွေ့အကြုံရ ကြည့်မယ်ဆိုရင်

၁။ ဝေးလံခေါင်းဖျားဒေသ က မဲရုံတွေအတွက် မဲပုံး၊ ဆန္ဒပြုခန်း ၊ အိတ်၊ ချိတ်တောင့်၊ အမှန်ခြစ် တံဆိပ်တုံး၊ မဲရုံ အင်္က ျီ စတဲ့ မဲရုံးသုံးပစ္စည်းတွေ ကို ၃၀ သြဂုတ် ၂၀၁၅ မှာ စပို့ရတယ်။

၂။ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်တွေနဲ့ ရပ်ကျေးကော်မရှင်အဖွဲ့ဝင်တွေကို သင်တန်းပေးတာ ၁၂ အောက်တို ဘာ ၂၀၁၅ မှာ စဆောင်ရွက်ရတယ်။ သင်တန်းနည်းပြလုပ်မယ့်သူတွေ၊ တိုင်းဒေသကြီး၊ ပြည်နယ် ၊ ခရိုင်အဆင့်တွေ အတွက်သင်တန်းတွေဆိုရင် ဒီထက်ပိုစောတယ်။ ၂၄ သြဂုတ် ၂၀၁၅ မှာ စတယ်။

၃။ ပြန်ကြားရေးဝန်ကြီးဌာနက တိုင်းဒေသကြီး/ ပြည်နယ်အလိုက်ဆန္ဒမဲလက်မှတ်တွေကို ၆ စက်တင်ဘာ ၂၀၁၅ ကနေ ၂၇ အောက်တိုဘာ ၂၀၁၅ ကြားမှာ အသုတ်လိုက်ထုတ်ပေးခဲ့တယ်။ တိုင်းဒေသကြီး၊ ပြည်နယ်တွေက အဲဒီမဲလက်မှတ်တွေကို မြို့နယ်ကော်မရှင်တွေကို ဆက်ပို့ရ တယ်။ မြို့နယ်ကော်မရှင်တွေက သက်မှတ်ရက်မှာ မဲရုံတွေကို ဆက်ပို့တယ်။

ဒ့ါကြောင့်၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ ပြင်ဆင်မှုကို အခြေခံပြီးစဉ်းစားမယ်ဆိုရင် ၃၀ သြဂုတ် ၂၀၂၀ မတိုင် ခင်မှာ မဲရုံ အရေအတွက်ကို သတ်မှတ်ပြီးသားဖြစ်သင့်တယ်ဆိုတာတွေ့နိုင်ပါတယ်။

တောင်ကိုရီးယားနဲ့ စင်္ကာပူ

ကိုဗစ် ၁၉ ဖြစ်ပွားနေပေမယ့် ရွေးကောက်ပွဲကျင်းပခဲ့တဲ့ အာရှတိုက်က နိုင်ငံနှစ်ခုကတော့ တောင် ကိုရီးယားနဲ့ စင်္ကာပူဖြစ်ပါတယ်။ တောင်ကိုရီးယားက မဲပေးခွင့်ရှိသူ ၄၃ သန်းကျော်ရှိတယ်။ ၂၉ သန်းကျော်မဲလာပေးတယ်။ စင်္ကာပူက မဲပေးခွင့်ရှိသူ ၂.၆ သန်းကျော်ရှိတယ်။ မဲပေးသူ ၂.၅သန်း ကျော်ရှိတယ်။

အဲဒီနှစ်နိုင်ငံလုံးမှာ ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေအောက်ကနေ မဲဆန္ဒရှင်တွေ မဲ ပေးနိုင်အောင် နည်းပညာအကူအညီသုံးပြီးဆောင်ရွက်ပေးခဲ့တယ်။ အရေးကြီးတဲ့လုပ်ဆောင် ချက်တွေကတော့

၁။ မဲရုံ အရေအတွက်ကို တိုးလိုက်တယ်။

၂။ မဲရုံတွင်းမှာ လူတစ်ဦးနဲ့တစ်ဦး ခြောက်ပေကွာနေထိုင်မဲပေးနိုင်အောင် စီစဉ်ပေးတယ်။ မဲရုံတွေ ပိုကျယ်လာတယ်။

၃။ မဲရုံလုပ်ငန်းများကို မိုဘိုင်းအပလီကေးရှင်းများကနေ ကြည့်နိုင်၊စိစစ်နိုင်အောင် ဆောင်ရွက်ပေး တယ်။

၄။ မဲရုံမှုာ လူတွေစုပြုံနေတာမျိုးမဖြစ်စေဖို့အတွက် မဲဆန္ဒရှင်တစ်ဦးချင်းအတွက်မဲပေးရမည့်အချိန် ကို မိုဘိုင်းအပလီကေးရှင်းကတဆင့် အကြောင်း ကြားတယ်။

ဒီလိုစီစဉ်တာတောင် စင်္ကာပူက မဲရုံတစ်ချို့မှာ မဲပေးလို့မပြီးတဲ့အတွက် ည ဆယ်နာရီအထိ မဲရုံဖွင့် ထားပေးခဲ့ရတယ်။ ဒါတောင် အဲဒီနိုင်ငံတွေမှာ လွှတ်တော်တစ်ရပ် (သို့) နှစ်ရပ်အတွက်ပဲ မဲပေး ရတာ။ မြန်မာနိုင်ငံမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်အပြင် တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်အတွက်ပါ မဲပေးရတယ်၊ ဆန္ဒမဲလက်မှတ် ထုတ်ပေးဖို့ မဲစာရင်း မှာ ပါ/မပါ စစ်တာ ကအစ လုပ်ငန်းအားလုံးက လူကိုယ်တိုင် လုပ်ရတယ်။ ဒါ့ကြောင့် အဲဒီနိုင်ငံတွေထက် အလုပ်ပိုများမယ်၊ အချိန်ပိုကြာမယ်ဆိုတာ ငြင်းလို့မရဘူး။

မြန်မာ

ပြည်သူ့လွှတ်တော်ရွေးကောက်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၆ အရ ရွေးကောက်ပွဲကော်မရှင် က ရပ်ကွက်နဲ့ ကျေးရွာ အုပ်စု အလိုက် ထားရှိရမယ့် မဲရုံအရေအတွက်ကို မဲပေးခွင့်ရှိသူနဲ့ ဒေသ အခြေအနေပေါ်မူတည်ပြီး သတ် မှတ်လို့ရတယ်။ ပုံသေမဟုတ်ဘူး။ ဒါ့ကြောင့် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းစဉ်တွေကြောင့် မဲပေးသူတွေရဲ့အခွင့်အရေးမဆုံးရှုံးရ အောင် ကော်မရှင်က မဲရုံအရေအတွက်ကို တိုးချဲ့ပေးလို့ရတယ်။ ( အမျိုးသားလွှတ်တော်၊ တိုင်းဒေသ/ ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေတွေမှာလည်း ဒီအတိုင်းပဲပြဋ္ဌာန်းထားတယ်။ )

ဒါ့ကြောင့် မြန်မာနိုင်ငံအခြေအနေအရအကြံပြုရရင်တော့

၁။ မဲရုံအရေအတွက် တိုးနိုင်ဖို့အတွက် ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ အကြား ဆွေးနွေးသင့်တယ်။

၂။ အဲဒီလို ဆွေးနွေးတဲ့နေရာမှာ မဲစာရင်းအတည်ဖြစ်တဲ့အထိ စောင့်မနေသင့်ဘူး။ ၂၀၁၅ ခုနှစ် မဲစာရင်းကို အခြေခံစဉ်းစားသင့်တယ်။

၃။ မဲရုံရှေ့မှာ လူတွေစုပြုံနေတာမျိုးမဖြစ်စေဖို့အတွက် မဲစာရင်း အမှတ်စဉ်အပေါ်မူတည်ပြီး အမှတ်စဉ် ဘယ်လောက်ကနေ ဘယ်လောက်အထိ ဘယ်အချိန်မဲလာပေးပါ ဆိုတာမျိုးကို မဲရုံ အလိုက်ကြိုတင်ကြေညာတာမျိုးလုပ်သင့်တယ်။

၄။ မဲရုံပိတ်ချိန်ကို ညနေ လေးနာရီအစား ခြောက်နာရီအထိ တိုးပေးသင့်တယ်။ မူလသတ်မှတ် ချိန်မှာ အကြောင်းကြောင်းကြောင့် မဲလာမပေးနိုင်သူတွေကို ညနေ လေးနာရီနောက်ပိုင်းမှာ မဲပေး နိုင်ဖို့ စီစဉ်ပေးသင့်တယ်။

မဲရုံအရေအတွက်ကို တိုးမပေးဘူး၊ မဲပေးမယ့် အစီအစဉ်ကို စနစ်တကျစီစဉ်မထားဘူးဆို ရင် မဲပေးတဲ့နေ့မှာ ပါတီတစ်ခုက သူ့ထောက်ခံသူတွေ နဲ့ ထိပ်က ပိတ် တန်းစီထားပြီး ကျန်တဲ့ မဲဆန္ဒ ရှင်တွေ မဲပေးခွင့်မရအောင်၊ ဒါမှမဟုတ် စိတ်မရှည်ဘဲ လှည့်ပြန်သွားအောင် လုပ်တာမျိုးတွေ ပေါ် လာနိုင်တယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲရုံအရေအတွက်နဲ့ ဆန္ဒမဲပေးရတဲ့လုပ်ငန်းစဉ်များ တိကျမြန်ဆန်မှုဟာ လည်း လွတ်လပ်ပြီး တရားမ ျှတတဲ့ရွေးကောက်ပွဲဖြစ်/မဖြစ်တိုင်းတာတဲ့ စံတစ်ခု ဖြစ်လာနိုင်ပါ တယ်။

စွဲလမ်းသူ

ဆိုင်းဘုတ်မရှိသော၊ နှစ်တွေပြောင်းပေမယ့် အပြင်အဆင်မပြောင်းသော၊ လက်ရာ မပြောင်း သော လက်ဖက်ရည်ဆိုင်ကောင်းကောင်းရှိသည်ဟု ညွှန်းသူက ကျွန်တော့်ဖောက်သည် ဆိုက် ကားနဲ့ ရောင်းတဲ့ မိုဘိုင်းမုန့်ဟင်းခါးသည်လေးဖြစ်သည်။ သူအညွှန်းကောင်းတာကြောင့် အလုံ အေးလမ်းနှင့် အောက်ကြည့်မြင့်တိုင်လမ်းထောင့်မှာရှိသည့် လက်ဖက်ရည်ဆိုင်လေးကို တကူး တကရှာဖွေသွားခဲ့ရသည်။

ဆိုင်က ရှေးခေတ် နှစ်ထပ် သစ်သားအိမ်အိုကြီးအောက်ထပ်မှာဖွင့်ထားခြင်းဖြစ်၏။ အိမ်အိုကြီး မှာ တစ်ချိန်က စမ်းချောင်း၊ အလုံ၊ ရေကျော်၊ မြေနီကုန်းတို့မှာတွေ့ရသည့် အိမ်မျိုး။ အိမ်ခန်း လေး ခန်း၊ အပေါ်ထပ်တွေက ကြမ်းခင်း၊ အလယ်မှာ သစ်သားလှေကားနဲ့ ။ ကျွန်တော်ရောက်သွား တော့ ဆိုင်ရှေ့ ပလက် ဖောင်း မှာ ခွေး ခြေပုလေးတွေနဲ့ထိုင်နေသော ဝိုင်းနှစ်ဝိုင်းရှိသည်။ အားလုံးလူကြီးဝိုင်းတွေ၊ လမ်း လေ ျှာက် ပြန်လာသူတွေလား၊ ဒါမှမဟုတ် မွန်းကျပ်နေသော ခိုအိမ်တိုက်ခန်းတွေက ထွက်လာပြီး မြို့ ပြ နံနက်ခင်းကို ဖြတ်သန်းနေသူတွေလား။

ဆိုင်မှာ ဆိုင်းဘုတ်မရှိ။ ဆိုင်မျက်နှာစာမှာ သံဆန်ခါကာထားသည်။ ညာဘက်အခြမ်းက ဖွင့်ထား သည့် တံခါးသစ်သားဘောင်တွင် “ ပါဆယ်ရပြီ” ဟု မြေဖြူနဲ့ရေးထားသည်။ ဆိုင်ထိုင်လို့မရ ပါဆယ်ပဲ ဆွဲလို့ရသည့် ကိုဗစ် ၁၉ ခေတ် မှတ် တမ်းတစ်ခုပေါ့။

ဆိုင်အဝင် ညာဘက်မှာ လက်ဖက်ရည်ဖျော်သည့်ခုံရှိသည်။ ခုံအပေါ်မှာ နံရံကပ်စင်တစ်ခုရှိသည်။ ကျွန်းသားစင်၊ အရောင်အသွေးအရတော့ ဆိုင်စဖွင့်ထဲက ရှိသည့်အနေအထားဟု ထင်ရသည်။ ဆင့်တန်းတွေမှာ ခေတ်ဟောင်းလက်ဖက်ရည်ခွက်တွေ၊ ပန်းကန်တွေ တင်ထားသည်။ ဖောက် ထား သည့် နို့ဆီဘူးရှိသည်။ မလိုင်အိုးရှိသည်။ ညာဘက်က မီးသွေးမီးဖိုတွေပေါ် ရေနွေးအိုး လို့ ယူဆရသည့် ဒန်အိုးတစ်လုံး၊ နွားနို့ကျိုထားသည့် အိုးတစ်လုံးရှိသည်။ မှန်ကာထားသော အကန့် တွေထဲမှာ တိုလီမိုလီပစ္စည်းတွေရှိသည်။ စင်အလယ်တည့်တည့်မှာ တရုတ် ဘာသာဖြင့် ရေးထားသော ပြက္ခဒိန်အဟောင်းတစ်ခုကပ်ထားသည်။

ဘယ်ဘက်မှာ ပေါက်စီထည့်ထားသည့်ပေါင်းအိုးတစ်ခု၊ ပြီးတော့ နံပြားဖို၊ ဂျုံနယ်သည့် စားပွဲတစ်လုံး၊ စားပွဲပေါ်မှာ ပိတ်ပါးစနဲ့အုပ်ထားသည့် ဂံျုလုံးတွေ။ နံပြားဖို ဘက်က နံရံမှာ လည်း နောက်ထပ် သစ်သားစင်တစ်ခုရှိသည်။ ဆင့်တန်းတွေမှာ ဒယ်အိုးတစ်လုံး၊ ဆန်ခါခုံး တစ်ခု၊ နို့ဆီခွက်အဟောင်းတွေနဲ့ ခမောက်အဟောင်းတစ်ခုရှိသည်။

ဆိုင်အဝင်တည့်တည့်မှာ မှန်ဘီဒိုတစ်ခု။ ပေါင်မုန့်ထုတ်တွေရှိသည်။ အမျိုးအမည်မသိတဲ့ မုန့်တစ်ချို့ရှိသည်။ မှန်ဘီဒိုပေါ်က ပလတ်စတစ်ဘူးကြီးတွေထဲမှာ ကော်ဖီမစ်အထုတ်တွေ ရှိ သည်။ ဆိုင်ခန်းထဲမှာ ရှိတဲ့ ပရိဘောဂအားလုံးက လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်က တွေ့ရတဲ့ ပရိဘောဂတွေဖြစ်သည်။ စားပွဲတွေက ကျွန်းသားထူထူ လေးထောင့်စားပွဲတွေ၊ ကုလားထိုင်တွေ၊ ခွေးခြေပုတွေကလည်း ထိုနည်းလည်းကောင်း၊ မျက်နှာကြက်မှာ ဖြေးဖြေးလေးလည်ပတ်နေတဲ့ ပန်ကာ၊ နံရံပေါ်က အမည်းရောင်ပန်ကာထိန်းခလုတ်နဲ့ မီးခလုတ်တွေ၊ ဘီဒိုအဟောင်းတွေ အားလုံးက အတိတ်ရဲ့ အမှတ်အသားတွေ။ အခန်းအလယ်မှာရှိတဲ့ ကျောက်စားပွဲဝိုင်းက လည်း ရှေးဟောင်းပစ္စည်းစုဆောင်းသူတွေမျက်စိကျမယ့် စားပွဲ။

ဆိုင်မှာ အကူဝန်ထမ်းမတွေ့ရ။ ငါးဆယ်ကျော်၊ ခြောက်ဆယ်တန်း ဟု ခန့်မှန်းရသည့် တရုတ် အမျိုးသားနှစ်ဦး၊အမျိုးသမီးနှစ်ဦးပဲရှိသည်။ သူတို့ အလုပ်လုပ်ပုံကလည်း ဖြေးဖြေး ညင်ညင် သာသာ၊ “ထိုင်ချီ” လှုပ်ရှားမှုနဲ့ တူသည်။ တစ်ယောက်နဲ့ တစ်ယောက် ဘာလုပ် ပါလို့လည်း ပြောစရာမလို။ သံပတ်နာရီစက်တွေကို သူ့ဟာနဲ့သူ အချိတ်အဆက်မိနေသည်။ အားလုံးက အလုပ်အားလုံးကို ကျွမ်းကျင်နေသည့်ပုံ၊ သူ့အလုပ်၊ ကိုယ့်အလုပ်ခွဲခြားနေတာမျိုး မမြင်ရ။ လက်ဖက်ရည်ဖျော်တာ၊ နံပြားရိုက်တာ တစ်ယောက်မရှိ၊ တစ်ယောက်ကဝင်လုပ်နိုင် သည်။ ဝင်လုပ်လို့ရသည်။ ဘယ်သူ၊ ဘယ်ဝါ လက်ဖက်ရည် ဘယ်နှစ်ခွက် ၊ နံပြား ဘယ်နှစ် ချပ် ဆိုပြီး အော်ခေါ်နေဖို့မလို။

ကျွန်တော်ရောက်သွားတော့ ဆိုင်ထဲမှာ နှစ်ဝိုင်းရှိသည်။ သက်ကြီးပိုင်းအရွယ် ဇနီးမောင်နှံတွေ။ တစ်ဝိုင်းကတော့ စကားမပြော။ လက်ဖက်ရည်ကို စည်းစိမ်ခံသောက်နေသည်။ ဘီဒိုနားက နှစ် ယောက်ကတော့ တိုးတိုးလေးပြောနေသည်။ အိမ်အကြောင်းလား၊ အလုပ်အကြောင်းလား၊ ပျိုရွယ်စဉ်က ဦးချစ်ဆိုင်ထိုင်ခဲ့တဲ့ အချိန်တွေအကြောင်းလား။

မိတ်ဆွေ မုန့်ဟင်းခါးဆရာလေးက ဒီဆိုင်က နံပြား နဲ့မလိုင်ကို စားဖြစ်အောင်စားပါဟု မှာလိုက်သည်။ သူ ပြောတာဟုတ်လောက်သည်။ အပြင်ဝိုင်း၊ အထဲဝိုင်း အားလုံးမှာ နံပြားတွေ့သည်။ နံပြား ပါဆယ်မှာသူလည်း ဆိုင်ဝမှာစောင့်နေသည်။ ဆိုင်ထဲမှာ နံပြားနဲ့တွဲစားဖို့ မလိုင် တစ်မျိုးပဲတွေ့သည်။ ပဲ နံ၊ ထောနံတွေရှိပုံမရ။

ကျဆိမ့်တစ်ခွက်၊ နံပြားတစ်ချပ်၊မလိုင်တစ်ပွဲမှာလိုက်သည်။ နှုတ်ခမ်းထူထူ ခွက်နဲ့ထည့်ထား သော လက်ဖက်ရည်တစ်ခွက်၊ ပလတ်စတစ်ပန်းကန်ပြားနဲ့ နံပြား၊ ဒန်ရေနွေးကြမ်းအိုးတစ်လုံးရောက် လာသည်။ လက်ဖက်ရည်မသောက်၊နံပြားမစားမီ ဒီအခင်းအကျင်းကို မြင်တာနဲ့ နှလုံးသားတွေ အရည်ပျော်သွားခဲ့ပြီ။ ဒါဟာ လက်ဖက်ရည်ကို စတင်စွဲမက်ချိန်၊ လက်ဖက်ရည်ဆိုင်ထိုင်ရတဲ့ အရသာကို စွဲလမ်းသွားချိန်က အပြင်အဆင်ပဲ။ မေးကြည့်တော့ ဒီနေရာမှာ ဆိုင်ဖွင့်တာ နှစ်ခြောက် ဆယ်ကျော်ပြီတဲ့။ အဖေ ဖြစ်သူက စခဲ့သည်။ အခုတော့ မောင်နှမတွေဆက်လုပ်နေသည်။

လက်ဖက်ရည်ကို မြည်းလိုက်တော့ အကျရည် အတော်ကောင်းသည်။ အတော်ပြင်းသည်။ အကျရည်ကို သေသေချာချာနှပ်ထားတဲ့ပုံပဲ။ တစ်ချို့ကတော့ လက်ဖက်ရည်ကျကျ မကြိုက်။ ကျွန်တော်ကတော့ လက်ဖက်ရည် ပေါ့ပေါ့အခွက်နှစ်ဆယ်ထက် လက်ဖက်ရည် ကျကျ တစ်ခွက် ကိုပဲသောက်မယ်ဆိုတဲ့ ဂျော့အော်ဝဲလ် ရဲ့ အဆိုအမိန့်ကို ယုံကြည်သူဖြစ်သည်။

နံပြား ကတော့ ကိုင်လိုက်ရင်ကြွေကျတော့မယ့် နံပါး မျိုးမဟုတ်။ ထူထူ ပျဉ်းတွဲတွဲ နံထူ လည်းမဟုတ်။ အတော်နူးညံ့သည့် ဂျုံနဲ့လုပ်ထားမှန်းသိသာတဲ့ နံပြား။ ဒါ့ကြောင့် တရုတ်လက်ဖက်ရည်ဆိုင်မှာ ပေါက်စီမစားဘဲ နံပြားကို မှာစားနေကြတာဖြစ်မည်။

သီချင်းသံမဆူ၊ အော်သံ၊ငြင်းခုန်သံမကြားရသည့် လက်ဖက်ရည်ဆိုင်လေးရဲ့ထောင့်သည် ငြိမ်သက်အေးချမ်းလှ၏။ မိတ်ရင်းဆွေရင်းတစ်ယောက်နဲ့ လက်ဖက်ရည်အရသာခံရုံ သက်သက် လက်ဖက်ရည်ဆိုင်ထိုင်တဲ့ အရသာကို မရခဲ့တာကြာခဲ့ပြီပဲ။ စားဖွယ်စုံ အမည်တတ်ထားသည့် လက်ဖက်ရည်ဆိုင်ကြီးတွေပေါ်လာချိန်မှစပြီး လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုပျက်စီးသွားပြီ ဟု ယုံကြည်နေသူများတွင်ကျွန်တော်လည်း ပါသည်။

အလုပ်ကိစ္စအတွက်လက်ဖက်ရည်ဆိုင်မှာဆုံဖို့ခေါ်သူများကို ကျွန်တော်မုန်းသည်။ လက် ဖက်ရည်ဆိုင်သည် လက်ဖက်ရည်တစ်ငုံစာကို လ ျှာပေါ်တွင် အရသာခံပြီးမှ ဖြေးဖြေးလေး သောက် အတွေးနယ်ချဲ့ရသောနေရာဖြစ်သည်။ ခေါင်းပူ၊ ရင်ပူ ရမည့် အကြောင်းအရာ တွေ ပြောရမည့်နေရာမဟုတ်။ အလုပ်ကိစ္စပြောချင်လ ျှင် ခေတ်မီ ကော်ဖီ ဆိုင်တစ်ဆိုင်မှာထိုင်ပါ။ ဘယ်ဆိုင်မှာသောက်သောက် အရသာထပ်တူနီးပါးဖြစ်နေသည့် ဖော်မြူ လာကော်ဖီ တစ်ခွက်ရမည်။ ကော်ဖီကို အရသာခံဖို့မလို၊ သင်ပြောချင်တာပြောလို့ရသည်။

စိတ်တူကိုယ်တူ မိတ်ဆွေမပါဘူးဆိုလ ျှင် အက်ဆေး စာအုပ်သည် လက်ဖက်ရည်ဆိုင်အတွက် အကောင်းဆုံးအဖော်ဖြစ်သည်။ လက်ဖက်ရည်ပူပူလေးကြောင့်အတွေးတွေကွန့်မြူးပြီး အက်ဆေး ကို အရသာခံလို့ရသလို လက်ဖက်ရည်တွေအေးစက်သွားသည်အထိ အက်ဆေးထဲမှာ နစ်မြော နေလို့ရသည်။

လက်ဖက်ရည်သက်သက် သီးသန့်သောက်ချင်လို့ ၊အရသာခံချင်လို့ လက်ဖက်ရည်ဆိုင် ထိုင်သည် ဟု ယုံကြည်သူကို ရှေးဟောင်းလူသား၊ ခေတ်နောက်ပြန်ဆွဲသူဟု အပြစ်မတင် သင့်။ လောက တွင် အချစ်ပဲလိုသည်၊ ဘာမှမလိုဟု ယုံကြည်သူများရှိလ ျှင် လက်ဖက်ရည် ဆိုင် သည် လက်ဖက်ရည်သောက်ဖို့ဖြစ်သည်၊ ဘာမှမလိုဟု ယုံကြည်စွဲလမ်းသူလည်းရှိသင့်သည် မဟုတ်ပါလား။

ဦးတင်အေး နဲ့ ဦးလှသိန်း (၁)


ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခြင်း
၂၀၂၀ ရွေးကောက်ပွဲ မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အခန်းကဏ္ဍကို ရေး မယ်ဆိုတော့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ တာဝန်ယူခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ နှိုင်းယှဉ်ဖို့လိုလာတယ်။ ၂၀၁၅ ရွေးကောက်ပွဲအကြိုကာလမှာတော့ ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကို အစွဲပြုပြီး ဦးတင်အေးကော်မရှင်လို့ ခေါ်ခဲ့ကြတယ်။ ဒါ့ကြောင့် ကော်မရှင်နှစ်ခုကို နှိုင်းယှဉ်တဲ့အခါ မြင်သာအောင်လို့ ဥက္ကဋ္ဌအမည် တွေနဲ့ပဲ ခေါင်းစဉ်တပ်လိုက်ပါ တယ်။
အခုဆောင်းပါးမှာတော့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေနဲ့ပတ်သက်ပြီး ကော်မရှင် နှစ်ခုဆောင်ရွက်ချက်ကို နှိုင်းယှဉ်လေ့လာကြည့်ချင်တယ်။
ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူကို ပြည်တွင်း နဲ့ ပြည်ပ ဆိုပြီး နှစ်မျိုးခွဲခြားလို့ရတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ နယက အစိုးရက ပြည်တွင်း၊ ပြည်ပ လေ့လာစောင့်ကြည့်သူတွေကို ခွင့် မပြုခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာတော့ ပြည်တွင်း၊ပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေကို ခွင့်ပြုခဲ့တယ်။ ဦးတင်အေးကော်မရှင်က ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူတွေ လိုက်နာ ရမယ့် ကျင့်ဝတ်၊ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို ထုတ်ပြန်ခဲ့တယ်။
အခု ဦးလှသိန်း ကော်မရှင်ကလည်း ဦးတင်အေး ကော်မရှင်နည်းတူ ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေ လိုက်နာ ရမယ့် ကျင့်ဝတ်၊ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို ထုတ်ပြန်ခဲ့တယ်။
ဒါပေမယ့် ဦးတင်အေး ကော်မရှင်နဲ့ ဦးလှသိန်း ကော်မရှင် နှစ်ခုရဲ့ ညွှန်ကြားချက်တွေမှာ ပြည်တွင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေ စောင့်ကြည့်လေ့လာနိုင်တဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ် တွေကို သတ်မှတ်ရာမှာ ကွာခြားမှုရှိနေတာကို တွေ့ရတယ်။
ဦးတင်အေးကော်မရှင်က ၂၆ ဇွန် ၂၀၁၅ ရက်စွဲနဲ့ထုတ်ပြန်တဲ့ အမိန့် ကြော်ငြာစာ အမှတ် ( ၆/ ၂၀၁၅ ) မှာ စောင့်ကြည့်လေ့လာသူများ စောင့်ကြည့်နိုင်တဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ် (၁၃) ချက် ပါတယ်။ ပုံ (၁ နဲ့ ၂ )
ဒါပေမယ့် ဦးလှသိန်းကော်မရှင်က ၇ ဇူလိုင် ၂၀၂၀ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အမိန့်ကြော်ငြာစာ အမှတ် ( ၂၀/ ၂၀၂၀ ) မှာ ရွေးကောက်ပွဲလေ့လာသူများ လေ့လာနိုင်တဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ် (၁၀ ) ခုပဲရှိတော့တယ်။ ပုံ ( ၃ နဲ့၄)။ အသုံးအနှုန်းက လည်း“ စောင့်ကြည့် လေ့လာသူ” အစား “လေ့လာသူ” လို့ပဲ သုံးတော့တယ်။
၂၀၁၅ ရွေးကောက်ပွဲ နဲ့ နှိုင်းယှဉ်ရင် လေ့လာခွင့်ရတဲ့လုပ်ငန်းစဉ်တစ်ခုတိုးလာတယ်။ အဲဒါက “ ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးလုပ်ငန်းများ” ဖြစ်ပါတယ်။
ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူူတွေအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ လုပ်ဆောင်ခွင့်ရပြီး ၂၀၂၀ မှာ လုပ်ဆောင်ခွင့်မရတော့တဲ့ လုပ်ငန်းစဉ် (၃) ခုရှိတယ်။ အဲဒါတွေကတော့
၁။ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊အမိန့် နှင့် ညွှန်ကြားချက်များ။
၂။ မဲလက်မှတ်များရိုက်နှိပ်ခြင်း။
၃။ ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုများ စစ်ဆေးခြင်းနှင့် ဆုံးဖြတ်ခြင်း။
တို့ဖြစ်ပါတယ်။
ဒါ့ကြောင့် ဦးလှသိန်းကော်မရှင်လက်ထက်မှာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေဟာ တရားမ ျှတပြီး လွတ်လပ်တဲ့ရွေးကောက်ဖြစ်ရေးအတွက် အခြေခံအကျဆုံးဖြစ်တဲ့ ရွေးကောက် ပွဲ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နဲ့ ညွှန်ကြားချက်တွေကို လေ့လာသုံးသပ်ခွင့်မရှိ တဲ့ သဘော၊ ရွေးကောက်ပွဲ ကန့်ကွက်လွှာတွေနဲ့ ပတ်သက်ပြီး ကော်မရှင်က စစ်ဆေး၊ ဆုံးဖြတ် တာတွေကို လေ့လာသုံးသပ်ခွင့်မရှိတဲ့သဘောဖြစ်နေတယ်။
နောက်တစ်ခါ မဲလက်မှတ်တွေရိုက်နှိပ်တာနဲ့ပတ် သက်လို့ လည်း စောင့်ကြည့်ခွင့်မရှိတော့ဘူး။ ၂၀၁၅ ရွေးကောက်ပွဲ အတွက် မဲလက်မှတ် ရိုက်နှိပ် တဲ့အချိန်က ဆိုရင် ပြည်တွင်း၊ ပြည်ပ စောင့် ကြည့်လေ့လာသူတွေဟာ မဲလက်မှတ်ရိုက်နှိပ်မှု၊ ထိန်းသိမ်းထားရှိမှု၊ဖြန့်ဝေမှုတွေကို လေ့လာခွင့် ရခဲ့သလို ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ရှင်းပြခဲ့ရတယ်။ နေပြည်တော် မှာ မဲလက်မှတ် ပုံနှိပ်နေမှုကိုလာစောင့်ကြည့်တဲ့ ကာတာ စင်တာ က စောင့်ကြည့် လေ့လာသူတွေကို ဆိုရင် ကျွန်တော်ကိုယ်တိုင် ရှင်းပြခဲ့ရဖူးတယ်။
ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေကိုလည်းစောင့်ကြည့်ဝေဖန်လို့မရ၊ ရွေးကောက်ပွဲ ခုံရုံး ဘာ တွေလုပ်တယ်ဆိုတာလည်း သုံးသပ်လို့မရ၊ မဲလက်မှတ်ပုံနှိပ်တာကိုလည်း မမြင်ရ ဆိုတော့ ဦးလှသိန်းကော်မရှင်က “ ရွေးကောက်ပွဲလေ့လာသူ” လို့ နာမည်ပြောင်းခေါ်တာ မှားတော့ မမှား ဘူး။
လေ့လာသူ ဆိုတဲ့ စကားကြားတော့ ကျောင်းသားဘဝက စက်ရုံတွေ၊ ပြတိုက်တွေ လေ့လာရေးခရီးသွားရတာ သတိရမိတယ်။ အဲဒီတုန်းကတော့ ပြတာကြည့်၊ သိချင် တာလေးမေး၊ ဖြေတာတွေ မှန်လား၊ မှားလား မေးဖို့လည်း မဝံ့မရဲ၊ ဒီလိုနဲ့ ပြန်ခဲ့ရ တာပဲ။ ရွေးကောက်ပွဲလေ့လာတာကတော့ အများကြီးအဆင့်မြင့်မှာပါ။