အင်း ပုံပြင် (၂)

မိုးယွန်းကြီး အင်းကို လာတဲ့သူအများစုက ကိုယ့်ကိုကိုယ် ဓာတ်ပုံရိုက်ဖို့လာတာများတယ်။ အနည်း စုက ဒေသခံရေပျော်ငှက်တွေ၊ ဆောင်းခိုငှက်တွေကို ဓာတ်ပုံရိုက်ကြတယ်။ ဒါပေမယ့် မိုးယွန်းကြီး အင်းပတ်လည်မှာနေထိုင်နေတဲ့ ရေလုပ်သားတွေ ဘဝကို ဓာတ်ပုံရိုက်တဲ့သူကတော့ လက်ချိုးရေ လို့ရမယ်ထင်ပါတယ်။ ကျွန်တော်ကတော့ ငှက်ရော၊ ရေလုပ်သားတွေ ဘဝကိုရော ဓာတ်ပုံရိုက် ဖို့ အတွက် မိုးယွန်းကြီးကိုရောက်ခဲ့တယ်။

မိုးယွန်းကြီးရောက်တော့ ဟိုတယ်က စီစဉ်ပေးတဲ့စက်လှေသမားက ကိုထွန်းထွန်းနိုင် တဲ့။ ကံ ကောင်းတာက ကိုထွန်းထွန်းနိုင်က ဒေသခံဖြစ်တဲ့အပြင် ငှက်တွေအကြောင်းလည်းသိတယ်။ အင်း သမားတွေနဲ့လည်းသိတယ်။ သူကပဲ တာဂွဘက်မှာ အင်းဖော်ဖို့ရှိတယ်။ သွားကြည့်လို့ရတယ် လို့ သတင်းပေးတယ်။

အင်းဖော်တဲ့အချိန်က ပျော်စရာအကောင်းဆုံးအချိန်ပါ။ ရွံ့ထဲမှာ ငါးဆင်းဖမ်းရတာ ပျော်ဖို့ကောင်း သလို၊ လတ်လတ်ဆတ်ဆတ်ငါးတွေချက်စားရတာလည်း ဘယ်မှာမှမရနိုင်တဲ့အရသာပဲ။ ငယ်ငယ် က ခန္တီး မှာနေတော့ အခုလိုအချိန်ဆိုရင် နားမေတ္တာရွာနားက လယ်ကွင်းတွေထဲမှာ မြောင်းလေးတွေကို ပိတ် ပြီး ငါးပက်ကြတယ်။ ကလေးတွေဆိုတော့ ငါးရတာ မရတာတာထက် ရွံ့ထဲမှာဆင်းဆော့နေ ရတာကိုက ပျော်စရာပဲ။ တပ်မတော်မှာတာဝန်ထမ်းဆောင်တော့လည်း နယ်မြေအခြေအနေပေါ် မူ တည်ပြီး အခြေအနေပေးတိုင်း ငါးပက်ရင်း ဟင်းစားရှာခဲ့ရတယ်။ ဒီတော့ အင်းဖော်မယ်ဆိုတဲ့ အသံကြားတဲ့အခါ အဲဒီကို ချက်ခြင်းထပြေးတော့တာပဲ။

အင်းသားကြီးတဲကို ရောက်သွားတော့ ရှစ်နာရီကျော်နေပြီ။ တာဘောင်ပေါ်ကနေ လှမ်းခေါ်လိုက် တော့ လက်လှော်လှေတစ်စီးလာကြိုတယ်။ တဲထဲမှာ အမျိုးသမီးတစ်ယောက်နဲ့ ကလေးတစ် ယောက်ထမင်းစားနေတယ်။ ခွေးတစ်ကောင်က ကပြင်ကို မေးတင်ပြီး ထမင်းဝိုင်းကို ကြည့်နေ တယ်။ တစ်ဖက်ရပ်တဲထဲမှာ အမျိုးသမီးလေးယောက်ရှိတယ်။ အမျိုးသားသုံးယောက် ရှိတယ်။ အမေအိုတစ်ယောက်ရှိတယ်။ မွေးကင်းစ ကလေးလေးရှိတယ်။ သမီးလေး၊ ရက်တစ်ရာတောင် မပြည့်သေးဘူး။ ဒါပေမယ့် အမေရော၊ ကလေးပါ အင်းထဲမှာ။ ဘဝက လူတွေရဲ့ ကိုယ်ခံစွမ်း အား ကို ပိုကောင်းစေတယ်ထင်ပါရဲ့။ အမျိုးသားအများစုကတော့ စားသောက်ပြီး အင်းဖော်မယ့် နေရာ ကို သွားကြပြီ။

စက်လှေသမားက တဲထဲက လူတွေကို ဧည့်သည်ပါတယ်လို့ မိတ်ဆက်ပေးတယ်။ ဧည့်သည်လို့ မိတ်ဆက်လိုက်တာနဲ့ ပထမဆုံးပြောတဲ့စကားက ထမင်းဝင်စား ဆိုတဲ့စကားပဲ။ ဒီအရပ်မှာတော့ ဧည့် သည် လို့ ပြောရင်လုံလောက်ပြီ။ နာမည်၊ နေရပ်၊ အလုပ်အကိုင်တွေ ဘာ တွေမလိုဘူး။ စက်လှေ သမား ကိုယ်တိုင်လည်း ကျွန်တော့်နာမည်ကို မသိဘူး။ အင်းမှာ နှစ်ရက်နေတာ ဘယ်သူ ကမှ နာမည်မမေးဘူး။ စကားပြောရင် ဟေ့လူ လို့ခေါ်တယ်။ ဒါမှမဟုတ် လက်တို့တယ်၊ ဒါမှ မဟုတ် ကိုယ့်ဘက်ကြည့်ပြီးပြောရင် ကိုယ့်ကိုပြောတယ်လို့မှတ်ရတယ်။

ကျွန်တော်က စားလာခဲ့ပြီလို့ပြောတော့ ထပ်စားဦး၊ အင်းဖော်တာက ကြာမှာ လို့ပြောတယ်။ ထမင်းစားနေတဲ့အမျိုးသမီးက လာစမ်းပါ။ ဒီမှာ ငါးကြော်နဲ့ ငါးပိရည်နဲ့ လို့ ခေါ်တယ်။ အင်းသား ကြီး ဇနီးကလည်း အားမနာနဲ့ ဆန်အိတ်ထောင်ထားတယ်။ တဲကိုလာတဲ့သူတိုင်းစားပြီးမှ ပြန်တာ၊ သူလည်း အခုစားတော့မှာ လို့ ဆိုတယ်။ တကယ်လည်း ကပြင်ပေါ်မှာ ဆန်အိတ်တစ်အိတ်တင် ထားတယ်။

ငါးပိရည်နဲ့ ငါးကြော်လို့ ကြားထဲက ခြေတစ်လှမ်းပြင်နေတဲ့ကျွန်တော်က နောက်တစ်ခွန်းခေါ် တာ နဲ့ ထမင်းဝိုင်းထဲရောက်သွားတယ်။ ကလေးလေး စားပြီးလို့ ထသွားတဲ့ နေရာမှာ ဝင်ထိုင်တယ်။ စတီးဇလုံနဲ့ထမင်းရောက်လာတယ်။ ငါးကြော်နဲ့ ငါးပိရည်ထပ်ဖြည့်ပေးတယ်။ ငါး ခြောက် ဖုတ် ကတော့ ရှေ့လူတွေစားသွားလို့ ဇလုံထဲမှာ ဆီပဲကျန်တော့တယ်။ တို့စရာကတော့ လယ်ကန်စွန်း ရွက် ပြုတ် နဲ့ သခွားသီး။ ငါးက ညက လူးကျင်းထဲကျတဲ့ငါးတွေကို လတ်လတ်ဆတ်ဆတ် ကြော် ထားတာ ဆို တော့ ကောင်းမှကောင်း၊ ငါးပိရည်ကလည်း ကိုယ်တိုင်သိပ်ထားတဲ့ ငါးပိရည် ဆိုတော့ ဘာပြော ကောင်းမလဲ။ ငါးခြောက်ဖုတ်လက်ကျန်ဆီကို ဆမ်း၊ ငါးပိရည်လောင်းထဲ့၊ ငါးကြော်ကို ဖဲ့ပြီး အားပါး တရ လွေးတော့တာပေါ့။

အင်းသားကြီးဇနီးက မဇာနည်စန်းတဲ့။ ထမင်းစားရင်းနဲ့ အင်းတဲ ဆိုတာ တံခါးအမြဲဖွင့်ထားတာ။ ဘယ်သူလာလာ ထမင်းကျွေးတာပဲ။ ငါးဝယ်တဲ့သူလာလည်း ကျွေးလိုက်တာပဲ။ တစ်တင်းခွဲ တစ်အိတ်ကို လေးရက်ပဲ ခံတယ်လို့ရှင်းပြတယ်။ ဟင်းကတော့ ထူးထူးခြားခြားမဟုတ်ပါဘူး ငါးပိရည်နဲ့ ငါးဟင်း၊ဒါမှမဟုတ် သီးစုံဟင်းပေါ့။

ကျွန်တော်တို့ ထမင်းစားနေတုန်း လူငယ်တစ်ယောက် အထုတ်အပိုးတွေနဲ့ရောက်လာတယ်။ ရွာမှာ ကလေးမီးထွက် ကျွေးလို့ အုန်းနို့ခေါက်ဆွဲလာပို့တာတဲ့။ အုန်းနို့ခေါက်ဆွဲဆိုပေမယ့် မုန့် ဖတ်က ညှပ်ခေါက်ဆွဲဖတ်တွေ။ တဲထဲကလူတွေထစားကြတယ်။ အတူထမင်းစားနေတဲ့ အမကြီး နှစ်ယောက်ကလည်း ထမင်းကို လက်စသတ်ပြီး ထစားတယ်။ သူတို့စားတာ အားရစရာ၊ အကြော် တွေ၊ နံနံပင်တွေ ၊ သံပုရာသီးတွေဘာမှမလိုဘူး။ ကြွတ်ကြွတ်အိတ်ထဲက ခေါက်ဆွဲဖတ် ကို လက်နဲ့ ဆွဲမ၊ ဇလုံထဲထည့်၊ ဟင်းရည်လောင်း၊ ငရုတ်သီးမှုန့်တွေကို မုန့်ဖတ်ပေါ်ပုံလိုက်၊ ပြီး ပြီ။ ကျွန်တော်ကတော့ မနိုင်တော့လို့ လက်ကာပြပြီး တောင်းပန်ရတယ်။

ထမင်းစားပြီးတော့ တဲနံရံမှာ ချိတ်ထားတဲ့ ကြွတ်ကြွတ်အိတ်ကို ဖြုတ်ပြီး လာချပေးတယ်။ ကြွတ်ကြွတ် အိတ်ထဲမှာ ကော်ဖီမစ်ထုတ်တွေ၊ မုန့်တွေရှိတယ်။ ဒီဘက်မှာ ကော်ဖီမစ်ဆိုရင် ပရီမီယာပဲသုံးတယ်တဲ့။ နက်စ်တွေ၊ ဆူပါတွေ မရှိဘူး။ ဆေးလိပ်တစ်ထုတ်လာချတယ်။ ကြယ်တာ ရာ (တောင်ငူ) ဆေးလိပ်။ ပဲခူးနားနီးပေမယ့် ဒီဘက်မှာ ဘဲ တို့ ကျားတို့ ဆိုတဲ့ ပဲခူးဆေးလိပ်တွေ သောက်တာနည်းတယ်။

ပရီမီယာတစ်ထုတ်နဲ့ ထမင်းလုံးစီပြီးတော့ ကျွန်တော်တို့ကို ကိုအောင်မင်းစိန် ဆိုတဲ့လူက အင်း ဖော်မယ့်နေရာကို ခေါ်သွားတယ်။ သူက အင်းသားကြီးရဲ့ ယောက်ဖ၊ အင်းဖော်မယ့် နေရာမှာ တဲလေးတစ်လုံးရှိတယ်။ ညစောင့်အိပ်တဲ့နေရာပေါ့။ အဲဒီမှာ အင်းသားကြီးရယ်၊ အင်းသားကြီး အဖေ ဦးအောင်ဌေးရယ်အပါအဝင်ခြောက်ယောက်ရှိတယ်။ ထုံးစံအတိုင်း ဧည့်သည်လို့ မိတ်ဆက် ပေးတော့ ပြုံးပြတယ်။ တဲဖက်ကို မေးငေါ့ပြတယ်။ ထိုင် ဆိုတဲ့သဘောပေါ့။ ဒါပေမယ့် မထိုင် ဖြစ် ပါဘူး။ အင်းဖော်ဖို့အတွက် ပြင်ဆင်နေတာတွေကိုပဲ လိုက်ကြည့်ဖြစ်တယ်။

အင်း ပုံပြင် (၁)

အင်းသူကြီး ဆိုတာက ကွင်းတစ်ခုလုံးကို လေလံဆွဲပြီး လုပ်တဲ့သူကို ခေါ်တာဆိုတော့ သူ့လို အင်းအပိုင်းလေးတစ်ခုကို အင်းသူကြီးဆီအခပေးပြီးလုပ်တဲ့သူကိုတော့ အင်းသားကြီးလို့ပဲ ခေါ် ရမယ်ထင်တယ်။ သူကတော့ သူ့ကိုယ်သူ အင်းလုပ်နေတာလို့ပဲ ပြောတယ်။

ကိုအောင်ကိုဦးက လူလတ်ပိုင်း၊ ပြုံးပြုံးနဲ့ ရေလုပ်ငန်းသမားထက် ကုန်သည် ပွဲစားနဲ့ပိုတူတယ်။ ရန်ကုန်-မန္တလေး မိုင်တိုင် ၇၀ အကျော်လေးမှာ ရှိတဲ့ တာဆုံကနေ ပုကိုင်တာဘောင်အတိုင်း ဝင်သွား၊ တာဂွရောက်ရင် မိုးယွန်းကြီး ဇွဲဘတ်တာဘောင်အတိုင်း ဆယ်မိနစ်လောက်သွားရင် သူ အင်းလုပ်နေတဲ့နေရာကိုရောက်တယ်။

သူတို့လုပ်နေတာကို အင်းချောင်းလုပ်တယ်လို့ခေါ်တယ်။ မိုးယွန်းကြီးတာဘောင်အပြင်ဘက် အခြမ်း၊ လယ်ကွင်းတွေနဲ့ တာဘောင်ကြားက ချောင်းတွေကို ပိတ်ပြီးလုပ်တာဖြစ်တဲ့အတွက် အင်း ချောင်းလို့ခေါ်တာ သဘာဝကျသားပဲ။

အင်းသားကြီးတဲက မြေစိုက်တဲ။ ဘေးတစ်ဖက်မှာ မီးဖိုချောင် အဖီရှိတယ်။ တဲမကြီးက သုံးပင် နှစ်ခန်းလို့ပြောရမယ်ထင်တယ်။ နောက်ဘက်မှာ အိပ်စင်ရှိတယ်။ ရှေ့တစ်ခြမ်းရဲ့ တစ်ဝက် ကတော့ ဧည့် ခန်း လည်းဖြစ်၊ ထမင်းစားခန်းလည်း ဖြစ်တဲ့ ကပြင်ပေါ့ ။ ကျန်တဲ့ တစ်ဝက်ကတော့ မြေကြီးအတိုင်းပဲထားတယ်။ တဲခေါင်မိုးပေါ်မှာ ဆိုလာပြားတစ်ချပ်ရှိတယ်။တဲ ဘေးမှာ ငါးရွေးတာ၊ ဘာညာ လုပ်ဖို့၊ နေ့လည် နားဖို့ တစ်ဖက်ရပ်တဲရှိတယ်။ အဲဒီတဲမှာတော့ ရှန်ပန်းနီ/ဖြူတွေကို တံခွန်လိုလွှင့်ထားတယ်။

တဲတန်းရှေ့မှာ ငါးထည့်ဖို့အတွက် ပုံးတွေ ခွက်တွေ ရှိတယ်။ တဲရှေ့ချောင်းရေပြင်ထဲမှာ အင်းသုံးလင့်ခရူဆာ စက်လှေတစ်စီးနဲ့ တုတ်တုတ် လက်လှော်လှေတစ်စီး ရှိတယ်။ လှေဆိပ်ဘေးမှာ လက်ဆေး၊ပန်းကန်ဆေးဖို့အတွက် ပလတ်စတစ်ပုံးတွေချထားတယ်။ အဲဒီနေရာ အပေါ် ဘက်မှာ လေ ျှာ်ဖို့ ဖွတ်ဖို့ ဆင့်လေးရှိတယ်။ တဲမှာ ခွေးနှစ်ကောင်ရှိ တယ်။ အထီးကောင်က ဖိုးသား တဲ့။ ဒါက ရွာကခေါ်လာတာ၊ ငယ်မွေးခြံပေါက်။ အမက ကောက်ရတဲ့။ တာဂွဘက်မှာ သားပေါက်ပြီး ပိန်ညောင်နေတာတွေ့တာနဲ့ သနားပြီးခေါ်လာတာ။ ခွေးလေး တွေက တော့ သူများယူသွားပြီ။ ကောက်ရ တစ်ကောင်ပဲ တဲမှာကျန်နေတယ်။

တဲဘေးမှာ နတ်စင်ကြိးတစ်ခုရှိတယ်။ ရှန်ပန်းဖြူ/နီတွေချည်ထားတယ်။ ကန်တော့ပွဲ၁၃ ပွဲ ထဲမှာ ကျွန်တော် ကတော့ ကိုကြီးကျော်၊ နန်ကရိုင်းမယ်တော်၊ မနှဲလေးပဲသိတယ်။ နတ်စင်ရှေ့ ရေစပ်မှာ နောက် ထပ်ကန်တော့ပွဲနှစ်ပွဲရှိတယ်။ အဲဒါကတော့ အင်းစောင့်နတ်တွေကို တင်ထားတာ။ သူတို့အခေါ် ရေပွဲပေါ့။

ဒါဟာ ဝါခေါင်ကနေ တပေါင်း ၊ တန်ခူးအထိ အင်း သားကြီးရဲ့ အိမ်တော်လည်းဖြစ်၊ အလုပ်ခန်းလည်းဖြစ်တဲ့ စံဂေဟာပဲ။

ဒီအင်းတွေမှာ ကဆုန်၊ နယုန်၊ ဝါဆို လတွေက ဘယ်သူမဆိုရှာစားလို့ရတယ်။ အဲဒီအချိန်က ရေပြင်လည်း ကျယ်တယ်။ လယ်ကွင်းတွေနဲ့ အင်းတွေကလည်း ဆက်နေတယ်။ ဝါခေါင်လပြည့်နေ့ဆိုရင်တော့ အင်းချောင်းလေလံရထားတဲ့သူတွေပိုင်သွားပြီ။ အခြားသူတွေ လုပ်စားလို့မရတော့ဘူး။ အဲဒီအချိန်ဆိုရင် အင်းသားကြီးတို့ လည်း တဲထိုးပြီ။ တဲထိုးပြီးတာနဲ့ နတ်စင်ဆောက်။ မနက် အရုဏ်မတက်ခင် ဦးရှင်ကြီးတင်။ ၈နာရီ၊ ကိုးနာရီဆိုရင် သက်ဆိုင်ရာပွဲတွေထိုး။ ရိုးရာအစဉ်အလာအတိုင်း တင်တာ၊ မြှောက်တာ တွေလုပ် ပြီးရင် အင်းချောင်းလုပ်ငန်းစပြီပေါ့။

ဝါခေါင်လထဲမှာတော့ ငါးဖမ်းတာမရှိဘူး။ အဲဒီအချိန်က ကိုယ့်လုပ်ကွက်ထဲမှာ ငါးနေအောင် ချုံတွေချ၊ ငါးစာကျွေးရတယ်။ ချုံချတယ်ဆိုတာက အင်းလေးမှာ ကျွန်းမျောလုပ်သလိုပဲ အပင်တွေကို တိုင်စိုက်ပြီး ငါးတွေအတွက် ခိုစရာနေရာလုပ်ပေးထားတာ။ ငါးစာဆိုတာက ဖွဲကြမ်း၊ ဖွဲနုလုံးတွေ၊ နောက်တစ်ခါ ခြလုံး လို့ ခေါ်တဲ့ ခြအုံတွေ။ ခြလုံးတွေကတော့ တောင်ခြေဘက်ကလာရောင်းတယ်။ တစ်လုံးကို ငါးရာ ပေးရတယ်။ အင်းသားကြီးလုပ်ကွက်ကတော့ ငါးစာဖိုး ခြောက်သိန်း၊ ခုနှစ်သိန်းလောက် ရင်းရတယ်။ အင်းလေလံပြန်ခွဲယူရတာရယ်၊ တဲဆောက်တာ၊ ပစ္စည်းစုတာ၊ ငါးစာကျွေးတာနဲ့ ဆိုရင် လုပ်ငန်းမစခင်မှာပဲ အရင်းက သိန်းတစ်ရာပတ်လည်လောက်ဝင်နေပြီ။

ဝါခေါင်လပြည့်ကျော်တာနဲ့ ကိုယ့်အင်းချောင်းကို ကိုယ်စောင့်ရှောက်ရပြီ။ ဒီဒေသသားတွေ ( သူတို့ကိုယ် သူတို့ ကွင်းသား လို့ ခေါ်တယ်။ ) က ဘာပစ္စည်းထားထားမပျောက်ဘူး။ ဒါပေမယ့် ငါးမြင်ရင်တော့မနေနိုင်ဘူး။ ဒီတော့ ရေများချိန်မှာ ပိုက်ဝင်မချအောင် စောင့်ရှောက်ရသလို၊ အင်း ဖော်တဲ့အချိန်မှာလည်း ညဘက်ဝင်ပြီး ငါးမကောက်အောင် စောင့်ရှောက်ရတာပဲ။ ဒ့ါကြောင့် တဲမကြီးအပြင် ငါးဖော်တဲ့နေရာတွေမှာလည်း တဲလေးတွေထိုးပြီး ညအိပ်စောင့်ရတယ်။

တော်သလင်းလထဲရောက်ရင်တော့ ရေအခြေအနေကြည့်ပြီး ယင်းပိတ်ပြီ။ အဓိကတော့ ရေကျ သွားပြီး လယ်ကွင်းတွေနဲ့ ကိုယ့်အင်းနယ်မြေ ခွဲခွဲခြားခြားသိနိုင်တဲ့အခြေအနေရောက်ရင် ပိတ်လိုက် တာပါပဲ။ ယင်းပိတ်လိုက်ပြီးဆိုရင်တော့ ကိုယ့်အင်းချောင်းထဲရောက်နေတဲ့ ငါးတွေ ပြန်မထွက်နိုင်တော့ဘူးပေါ့။

သီတင်းကျွတ်ထဲရောက် ရင် အင်းချောင်းထဲမှာ တမံပိတ်ပြီ။ တမံပိတ်တယ်ဆိုတာက မြေအနေအထားကို ကြည့်ပြီး အကန့်လိုက်ရေစုတ်ထုတ်၊ ငါး ပက်နိုင် ဖို့ အတွက် ပြင်ဆင်တာပါ။ ပထမအကန့်ကို ရေစုတ်ထုတ်၊ ငါးဖမ်းပြီးရင် ဒုတိယအကန့်က ရေကို ပထမအကန့်ထဲဖောက်ချ ၊ ဒုတိယအကန့်မှာ ဖမ်း၊ ဒီလိုအဆင့်ဆင့်သွားတာပဲ။

တကယ့် အင်းသူကြီးတွေကတော့ ကိုယ်တိုင် ဆင်းလုပ်တာနည်းတယ်။ လူယုံထားပြီး ခိုင်းတယ်။ အင်းပိတ်ချိန်၊ အင်းဖော်ချိန်မှာပဲ လာကြည့်ပြီး လိုတာတွေခိုင်းတာပေါ့။ အင်းချောင်းလုပ်တဲ့ အင်း သားကြီးကတော့ အဲဒီလိုနေလို့မရဘူး။ ကိုယ်တိုင်ရွှံ့ထဲဆင်း ငါးဖမ်း၊ ကိုယ်တိုင် ပိုက်ဖာရသလို မိသားစု အကုန်ဆင်းလုပ်ရတယ်။ နေ့စားက အမျိုးသားဆို တစ်နေ့ ရှစ်ထောင်၊ အမျိုးသမီးဆို ခြောက်ထောင် ဆိုတော့ အလုပ် သမားက မဖြစ်မနေငှားဖို့ လိုသလောက်ပဲငှားတယ်။ အင်းသားကြီးရဲ့ တဲမှာတော့ အဖေရော၊ ယောက္ခမရော ဝိုင်းကူနေတာမြင်ခဲ့ရတယ်။

ငါးဈေးကတော့ ငါးရံ့က အကြီးအသေးပေါ်မူတည်ပြီးတစ်သောင်းတစ်ထောင်ကနေ လေးထောင့် ငါးရာအထိ အစားစားရတယ်။ ငါးပြေမ ခြောက်ထောင်၊သေးရင် သုံးထောင်လေးထောင်။ ငါးပနော် လေးထောင်၊ ငါးဘတ် ခုနှစ်ထောင်၊ ငါးနုသန်း ခုနှစ်ထောင်၊ ငါးခူ ခုနှစ်ထောင်၊ ငါးအသေးရောရာက ခုနှစ်ရာ၊ ငါးရာ ။ အဲဒါကတော့ငါးပိရည်ကျို လုပ်ဖို့အတွက်ဝယ်တာ များတယ်။ ငါးတွေက ဒိုင်သွားသွင်းသလို အင်းတဲအထိ လာဝယ်တဲ့သူကိုလည်း ရောင်းတယ်။ အင်းထဲအထိလာဝယ်ရင်တော့ ဒိုင်ဈေးထက် ငါးရာခွာပြီးရောင်းပေးတာပေါ့။

သူတို့ရောင်းရတဲ့ငါးဈေးတွေကြားရတော့ ရန်ကုန်က ငါးဈေးတွေကို သတိရမိတယ်။ အင်းထဲကနေ ရန်ကုန်ဈေးတွေထဲက ငါးသည်တွေရဲ့ လင်ပန်းထဲကိုရောက်တဲ့ကြားမှာ ဈေးတွေက အဆင့်ဆင့် တက်သွားပေမယ့် အရသာကလည်း တစ်ဖြေးဖြေးကျဆင်းသွားတာပဲ။ အင်းသားကြီး ကတော့ ရန်ကုန်ပေါက်ဈေးကို စိတ်မဝင်စားဘူး။ လက်တစ်ခါပြောင်းတိုင်း ဈေးတစ်ခါတက်တာက လွန်ဆန်လို့မရတဲ့ သဘာဝတရားလို့လက်ခံ ထားတယ်။ သူ့ကုန်ကျစရိတ်နဲ့ ဒိုင်ပေါက်ဈေးနဲ့ ကိုက်ရင် သူ့အတွက်အဆင်ပြေနေတာပဲ။

စားစမ်း မနားတမ်း အောင်ပန်း

အမြန် လမ်းမကြီး မဖွင့်သေးခင်က ရန်ကုန်- မန္တလေး လမ်းဟောင်းက ပျဉ်ပုံကြီး ဈေးဘေးမှာ ဖွင့်ထားတဲ့ အောင်ပန်းထမင်းဆိုင်ကို လူသိများခဲ့တယ်။ အောင်ပန်းဆိုင် ရဲ့ ထင်ရှား တဲ့ ဟင်းတွေက ငါးရံ့အူနဲ ငါးရံ့ခေါင်းဟင်းပေါ့။

အမြန်လမ်းမကြီးပေါ်လာတော့ အောင်ပန်းဆိုင်ကို နှောင်းလူတွေ မသိကြတော့ဘူး။ ဆိုင်နေရာက လည်း ဈေးရုံအိုဘေးမှာ မှုန်မှုန်ကုပ်ကုပ်၊ ကားရပ်ဖို့နေရာလည်းမရှိတော့ သာမန်ခရီးသွားတွေ သတိမထားမိတာလည်းပါတယ်။

အခုတော့ ပျဉ်ပုံကြီးအထွက် မှာ အောင်ပန်း (၂) ဆိုပြီး ဖွင့်တယ်။ ဖွင့်တာ နှစ်ပတ်လောက်ပဲ ရှိသေးတယ်။ ကားရပ်ဖို့လည်း လွယ်တယ်၊ ဆိုင်လည်းကျယ်တယ်ဆိုလို သွားစားခဲ့တယ်။

ငါးရံ့အူဟင်း နဲ့ အဝစား၊ ဗိုက်ရိုက်စား၊ အိပ်စား ၊လှိမ့်စား၊ မနားတမ်းစား သုံးထောင့်ငါးရာ တဲ့။ ရန်ကုန်မှာ ငါးရံ့အူနဲ့စားရင် ဈေးက တိုင်ထိပ်မှာ ၊ ဒါတောင် ငါးရံ့အူကသေးသေး၊ ရေခဲရိုက် ထား လို လတ်ဆတ်မှုကလည်း မရှိ။ ပျဉ်ပုံကြီးမှာတော့ အင်းတွေက ဒီနေ့ရောက်ဒီနေ့ချက်ဆိုတော့ ဘာကောင်းသလဲမမေးနဲ့။

ဆိုင်နေရာက မိုးယွန်းကြီးအင်းလမ်းခွဲ အလွန် ငါးမိနစ်လောက်ပဲမောင်းရတယ်။ ရန်ကုန်ဘက်က သွားရင် လမ်းညာဘက်မှာပါ။

ရုံးပိတ်ရက် မိုးယွန်းကြီးအင်းသွားတဲ့အခါ အင်းထဲက စားသောက်ဆိုင်တွေကို စိတ်တိုင်းမကျရင် သွားစားသင့်တဲ့ဆိုင်ပဲ။

ဒီအချိန်က အင်းတွေဖော်တဲ့အချိန်ဆိုတော့ ငါးရံ့အူ၊ ငါးရံ့ခေါင်း၊ ငါးဟင်း၊ ငါးကြော် လတ်လတ် ဆတ်ဆတ် ပေါပေါများများ စားရတဲ့အချိန်ပါ။

ကျွန်တော်နဲ့ ၆၆(ဃ)

)

မနေ့က နိုင်ငံခြားသားတစ်ယောက်နဲ့တွေ့တယ်။ သူက ထေရဝါဒ ဗုဒ္ဓဘာသာဝင်၊ မြန်မာ စာ၊ မြန် မာစကား တော်တော်ဖတ်နိုင်၊ ပြောနိုင်ပါတယ်။ ၂၀၁၇ ခုနှစ်က ဗုဒ္ဓအဆုံးအမတွေနဲ့ လက်ရှိ လူမှု ဘဝအကြောင်း အင်္ဂလိပ်ဘာသာနဲ့ စာအုပ်တစ်အုပ်ထုတ်ဝေခဲ့ဖူးတယ်။ သူက လူမှုကွန်ယက်တွေ အထူးသဖြင့် ဖေ့စ်ဘွတ်ပေါ်က မြန်မာနိုင်ငံသားများရဲ့ အမုန်းစကားတွေအကြောင်းကို လေ့လာနေ တာ နှစ်နှစ်ကျော်ပြီ။ ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့နိုင်ငံမှာ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး ကို အကြောင်းပြုပြီး အမုန်းစကားတွေကို လွယ်လွယ်ပြောနေကြ၊ ရေးနေကြတာ ဘာ့ကြောင့်လဲ ဆိုတာကို အဖြေရှာနေတာပါပဲ။

ကျွန်တော့်ကိုတော့ သမ္မတ ဦးသိန်းစိန် အစိုးရကာလမှာ အင်တာနက်ထိန်းချုပ်မှုကို ဖယ်ရှားပေး ခဲ့ တဲ့အခြေအနေ၊ အင်တာနက်ပေါ်က အမုန်းစကားတွေကို ထိန်းချုပ်ဖို့အတွက် အစိုးရရဲ့ လုပ် ဆောင်ချက်၊ အင်တာနက်လွတ်လပ်ခွင့်ရဲ့ အကောင်းအဆိုးတွေကို မေးပါတယ်။ အဲဒီလို မေးရင်းနဲ့ ဖေ့စ်ဘွတ်ပေါ်က အမုန်းစကားတွေကို အရေးယူတဲ့အခြေအနေတွေ အကြောင်း ရောက်သွားပါတယ်။

အဲဒီမှာ သူက ကျွန်တော့်ပို့စ်တွေအောက်မှာ ၊ ဒါမှမဟုတ် သူတို့ကိုယ်ပိုင်စာမျက်နှာတွေပေါ် ကနေ ကျွန်တော့ကို ရိုင်းရိုင်းစိုင်းစိုင်းဆဲဆိုပုတ်ခတ် ရေးသားနေတဲ့သူတွေကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) အပါအဝင် အခြားဥပဒေတွေနဲ့ အရေးယူဖူးလား။ အရေးမယူဖူးဘူးဆိုရင် ဘာ့ကြောင့်လဲ လို့ မေး ပါတယ်။ ကျွန်တော်က

၁။ ကျွန်တော့်ပို့စ်တွေအောက်မှာ၊ သူတို့ကိုယ်ပိုင်စာမျက်နှာတွေပေါ်မှာ ကျွန်တော်နဲ့ပတ်သက် ပြီးရေးသားချက်တွေအနက် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) အပါအဝင် အခြားဥပဒေများနဲ့ ငြိစွန်းတဲ့ ရေးသားမှုတွေအများကြီးရှိတယ်။ အမှုဖွင့်မယ်၊ တရားစွဲမယ်ဆိုရင် စွဲလို့ရတယ်။ ဒါ ပေမယ့် အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်ချိန်မှာရော၊ လက်ရှိချိန်မှာပါ အမှုဖွင့်တာ၊ တရားစွဲ တာ မလုပ်ခဲ့ဘူး။

၂။ အဲဒီလို မလုပ်တာဟာ သည်းခံနိုင်စွမ်းရှိလို့၊ ခွင့်လွှတ်နိုင်စွမ်းရှိလို့မဟုတ်ဘူး။ ကျွန်တော့် အယူအဆက အမြင်ချင်းမတူတာကို အကျိုး အကြောင်းနဲ့ ဝေဖန်ဆွေးနွေးတာ ဆိုရင် လေးလေးစားစား တန်ဖိုး ထားတယ်။ ဒါပေမယ့် ကျွန်တော်ရေးတာကို လက်မခံနိုင်ဘူး၊ မှားတယ်၊ အဆင့်အတန်းမရှိဘူးလို့ စွပ်စွဲပြီး ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုရေးသားနေသူတွေဟာ ကျွန်တော့်ထက် ပိုပြီးမှားတဲ့သူတွေ၊ ပိုပြီး အဆင့် အတန်းနိမ့်တဲ့သူတွေလို့ပဲ မြင်တယ်။

၃။ ဒီတော့ ကိုယ့်ထက် အဆင့်အတန်းနိမ့်တဲ့သူတွေကို တရားစွဲခြင်းအားဖြင့် ကျွန်တော့်ရဲ့ တန်ဖိုး ရှိတဲ့အချိန်တွေကို အကုန်မခံနိုင်ဘူး။ ကိုယ့်ထက်အဆင့်အတန်းနိမ့်တဲ့သူတွေနဲ့လည်း တရားရုံး မှာ ကြမ်းတစ်ပြေးထဲ ထိုင်ပြီး အပြန် အလှန်ပြောဆိုနေတာမျိုးလည်း မလုပ်နိုင်ဘူး။

၄။ ကျွန်တော် တရားမစွဲပေမယ့်လည်း သူတို့ ရိုင်းရိုင်းစိုင်းစို င်း ရေးသား ထားတာတွေဟာ ဖေ့စ်ဘွတ်မှာ မှတ် တမ်းအဖြစ် ရှိနေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော့်ပို့စ် အောက်မှာ ရိုင်းရိုင်းစိုင်းစိုင်းလာရေးတဲ့မှတ်ချက်တွေကိုလည်း ဖျက်ပစ်လေ့ မရှိဘူး။ အင်မတန်ညစ်ညမ်းတဲ့ဓာတ်ပုံမျိုးသာ စာဖတ်သူတွေကို အားနာလို့ ဖျက်ပစ်ခဲ့တယ် –

လို့ဖြေခဲ့တယ်။

ဒီအယူအဆကို သဘောမတူလို့ ရိုင်းရိုင်းစိုင်းစိုင်း တုန့်ပြန်ရေးမယ်ဆိုလည်း ပြဿနာမရှိပါ ဘူး။ ကျွန်တော့်သဘောထားကတော့ အပေါ်က အပိုဒ် ၂ နဲ့ ၃ အတိုင်းပါပဲ။

လေဘာပါတီ အရှုံး


ဒီဇင်ဘာ ၁၂ ရက်နေ့ ဗြိတိန်ရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ်ပါတီဟာ အများမေ ျှာ်လင့် ထား တာထက် ပိုအောင်မြင်ခဲ့ပြီး လေဘာပါတီက အရှုံးကြီးရှုံးခဲ့ရတယ်။ လေဘာပါတီရဲ့ အရေး နိမ့်မှုက ပြီးခဲ့တဲ့ ၈၄ နှစ်အတွင်းမှာ အဆိုးဝါးဆုံးအရေးနိမ့်မှုဖြစ်ခဲ့တယ်။ လေဘာပါတီ ဘာ့ကြောင့်ရှုံးရသလဲ။
ခေါင်းဆောင်
လေဘာပါတီခေါင်းဆောင် ဂျယ်ရမီကိုဘင်( Jeremy Corbyn) ဟာလေဘာပါတီရဲ့ လက်ဝဲစွန်း အုပ်စုက ဖြစ်ပါတယ်။ မဲဆန္ဒရှင် တွေက ကိုဘင်ကို လက်ဝဲစွန်းဝါဒီအဖြစ်နဲ့ မြင်တယ်။ ဝန်ကြီး ချုပ် မဖြစ်သင့်ဘူးလို့ယူဆတယ်။ အလုပ်သမားတွေကတောင် ကိုဘင် ကို မကြိုက်ကြဘူး။ တစ် အိမ်တစ်ဆင်း မဲဆွယ်တဲ့ လေဘာအမတ်တွေက လေဘာပါတီကိုတော့ကြိုက်တယ်၊ ကိုဘင်ကို မကြိုက်ဘူး၊ ကိုဘင်ကို မယုံဘူးဆိုတာတွေကို ကြားခဲ့ရတယ်။
မူဝါဒ
လေဘာပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းက စာမျက်နှာ ၁၀၅ မျက်နှာရှိတယ်။ လေ ဘာပါတီရဲ့ ရွေးကေက်ပွဲ ကြွေးကြော်သံက “ တကယ်ပြောင်းဖို့ အချိန်တန်ပြီ ” “ Time For Real Change” ဖြစ်ပါတယ်။ လေဘာပါတီရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းပါ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို နိုင်ငံပိုင်သိမ်းရေး၊ အခွန်တိုးကောက် ရေး ဆိုတဲ့ မူဝါဒတွေဟာ ပါတီကို ထောက်ခံသူ အလယ်အလတ်ဝါဒီတွေကို စိတ်ပျက်စေခဲ့ တယ်။
လေဘာပါတီက နိုင်ငံပိုင်သိမ်းမယ့်လုပ်ငန်းခြောက်ခုက စွမ်းအင်၊ လ ျှပ်စစ်၊ ရေပေးဝေရေး၊ မီးရထား၊ စာတိုက်နဲ့ ဘရော့ဘန် အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းတွေဖြစ်ပါတယ်။ ၁၉ ၇၀ ပြည့်လွန်နှစ်တွေမှာ လေဘာပါတီရဲ့ နိုင်ငံပိုင် သိမ်းဆည်းရေးမူဝါဒကြောင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ အရည်အသွေးကျဆင်းခဲ့ရတာ၊ အရှုံးကြီးရှုံးခဲ့တာကို လူတွေမမေ့သေးဘူး။ လေဘာပါတီအနေနဲ့ တိုနီဘလဲ လက်ထက်က အောင်မြင်ခဲ့ တဲ့ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာမူဝါဒတွေကို စွန့်ပစ်လိုက်တာဟာ အမှားကြီး မှားတာပဲ။
နောက်တစ်ခါ အစိမ်းရောင်စီးပွားရေးဖြစ်ဖို့အတွက် ပေါင် စတာလင် ၂၅ ဘီလီယံသုံးမယ်၊ အသက် ၂၅ နှစ်အောက် လူငယ်တွေကို ဘတ်စ်ကားအလကားစီးခွင့်ပြုမယ်ဆိုတဲ့ ကတိတွေ ကို လည်း လေလုံးထွားတာသက်သက်ပဲလို့ မဲဆန္ဒရှင်တွေက ယူဆကြတယ်။ ဒါ့အပြင် ဒီအစီအစဉ် တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက အခွန်တွေတိုးကောက်ရမယ်၊ ဘတ်ဂျက် လိုငွေတွေပိုများလာမယ်လို့ စိုးရိမ်ကြတယ်။
ဗြိတိန်လမ်းခွဲ
ဝန်ကြီးချုပ် ဂျွန်ဆင်နဲ့ ကွန် ဆာဗေးတစ်ပါတီရဲ့ ဗြိတိန်လမ်းခွဲနဲ့ပတ်သက်တဲ့ မူဝါဒက ရှင်း တယ်။ လမ်းခွဲဖို့ ကိစ္စ မဖြစ်ဖြစ်အောင်လုပ်မယ်။ ဒါပဲ။ သူတို့ ရွေးကောက်ပွဲကြွေးကြော်သံကိုက “ လမ်းခွဲကြစို့” “Get Brexit Done” ပဲ။
အတိုက်အခံခေါင်းဆောင် ဂျယ်ရမီးကိုဘင် နဲ့လေဘာပါတီရဲ့ မူဝါဒက ဝေေ၀ဝါးဝါး ။ ဗြိတိန် လမ်းခွဲကိစ္စနဲ့ပတ်သက်ပြီး အီးယူနဲ့ သုံးလ အတွင်းဆွေးနွေးမယ်လို့ ပြောတယ်။ တစ်ဖက် မှာ လည်း လမ်းခွဲသင့်၊မသင့် ခြောက်လအတွင်း ပြည်သူ့ဆန္ဒခံယူပွဲလုပ်မယ်လို့လည်းပြောတယ်။
ဗြိတိန်လူထုက ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း လမ်းခွဲကိစ္စ မတင်မကျဖြစ်နေတာကို စိတ်ပျက်နေပြီ။ ပထမ အကြိမ် ပြည်သူ့ဆန္ဒခံယူပွဲလုပ်ချိန်ကလည်း လေဘာပါတီအနိုင်ရထားတဲ့ မဲဆန္ဒနယ်တွေမှာ တောင်ခွဲရေးဘက်က နိုင်ခဲ့တာတွေရှိတယ်။
နောက်ဆုံးတော့ ခွဲရေးကို ထောက်ခံတဲ့လေဘာပါတီဝင်တွေကပါ ကွန်ဆာဗေးတစ်တွေကို မဲ ပြောင်းပေးလိုက်တာပဲ။
လူထုသဘောထား
အခုရွေးကောက်ပွဲမှာ လူထုတွေဘယ်လို မဲပေးခဲ့သလဲဆိုတာနဲ့ပတ်သက်တဲ့ စစ်တမ်းတွေ ထွက် ဖို့ အချိန်ယူရဦးမှာပါ။ ဒါပေမယ့် ရွေးကောက်ပွဲမတိုင်ခင် မှာ Number Cruncher politics နဲ့ ICM အဖွဲ့တွေက ကောက်ခဲ့တဲ့ စစ်တမ်းတွေ အရတော့ အခုလိုတွေ့ရတယ်-
၁။ အသက် ၁၈ နှစ် – ၂၄ ကြားလူငယ် ၇၁%၊ ၂၅ နှစ် = ၃၄ နှစ်ကြား လူငယ် ၅၉ % က လေဘာပါတီကို ထောက်ခံတယ်။
၂။ အသက် ၃၅နှစ် -၄၄ နှစ်ကြားလူလတ်ပိုင်းမှာ ပါတီနှစ်ခုကို ထောက်ခံမှုက ၅၀% ၅၀% ပဲ။ ဒါပေမယ့် အသက် ၅၅ နှစ် -၆၄ ကြား လူကြီး ၅၆% နဲ့ အသက် ၆၅ နှစ်အထက် လူကြီး ၆၄% က ကွန်ဆာဗေးတစ်ပါတီကို ထောက်ခံတယ်။
၃။ ကော်လာဖြူ အလုပ်သမား ၄၆% က ကွန်ဆာဗေးတစ်ပါတီကိုထောက်ခံပြီး ၃၃% ကလေဘာ ပါတီကို ထောက်ခံတယ်။ ကော်လာပြာလုပ်သား ၃၉ %က ကွန်ဆာဗေးတစ်ပါတီကို ထောက်ခံ ပြီး ၄၂% က လေဘာပါတီကိုထောက်ခံတယ်။
ဒီကိန်းဂဏန်းတွေအရ မျိုးဆက်ကွာခြားမှုက ဗြိတိန်နိုင်ငံရေးမှာ အရေးပါနေတာကို တွေ့ရမှာ ဖြစ် သလို အစဉ်အလာအရ လေဘာပါတီကိုထောက်ခံခဲ့တဲ့ အလုပ်သမားတွေက ကွန်ဆာဗေးတစ်ပါ တီကို ပြောင်းပြီးထောက်ခံခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။ မဲပေးမှုရလဒ်များအရတော့ လေဘာ ပါတီထောက်ခံသူ ၄.၆% ဟာ ကွန်ဆာဗေးတစ်ပါတီကို ပြောင်းပြီးမဲပေးခဲ့တယ်လို့ဆိုတယ်။

ဂါဒီးယန်းသတင်းစာ ပင်တိုင်ဆောင်းပါးရှင် Jim Edwards ကတော့ ဒီရွေးကောက်ပွဲမှာ
၁။ ဗြိတိန်လမ်းခွဲသမားတွေ နိုင်တယ်။
၂။ ဆိုရှယ်လစ်ဝါဒ အလဲထိုးခံရတယ်။
၃။ ဗြိတိသ ျှနိုင်ငံရေးမှာ အလယ်အလတ်ဝါဒီတွေအတွက်နေရာမရှိတော့ဘူး။ ( လစ်ဘရယ် ဒီမိုက ရက်ပါတီအထိနာခဲ့တာကို ညွှန်းတာပါ။ )
လို့ သုံးသပ်ခဲ့ပါတယ်။

ဒီဇင်ဘာ ၁၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာ ခေါင်းကြီး


“ဆရာသမားနှင့်တူသော မိမိတို့ ရပ်သည် ရှင်သန် ဖွံ့ဖြိုး တိုးတက်လာနိုင် ရန်အတွက် အထောက်အပံ့နှင့် စောင့်ရှောက်မှုများ ပြုလုပ်ပေးနိုင်သည့် အစိုးရ တို့သည်လည်း ကျေးဇူးရှိသူများသာဖြစ်သည်။ ” xx
တစ်ချိန်ကတော့
“အစိုးရဟာ ပြည်သူတွေရဲ့ အစေခံ”
”အစိုးရ လုပ်ရမယ့်အလုပ်ကို အစိုးရလုပ်တာ ကျေးဇူးတင်ဖို့မလို၊ မလုပ်ရင် သာ ဝေဖန်ရမယ်”
ဆိုတဲ့ အယူအဆတွေလည်း ခေတ်စားခဲ့ဖူးတယ်။

ဗြိတိန်လမ်းခွဲ ရွေးကောက်ပွဲ


မရေမရာဖြစ်နေတဲ့ ဗြိတိန်လမ်းခွဲကိစ္စဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့ ရွေးကောက်ပွဲ ရလဒ် ကြောင့် ဥရောပသမဂ္ဂကနေ လမ်းခွဲဖို့ သေချာသွားခဲ့ပါပြီ။
ပြီးခဲ့တဲ့ စက်တင်ဘာ၊ အောက်တိုဘာလတွေအတွင်းက ဝန်ကြီးချုပ် ဂျွန်ဆင်တင်ပြတဲ့ ဗြိတိန် လမ်းခွဲစာချုပ်ကို ပါလီမန်က အတည်ပြုဖို့ ငြင်းဆန်ခဲ့ပြီးတဲ့နောက်မှာ ဝန်ကြီးချုပ်က ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ရွေးကောက် ပွဲအသစ်ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
၂၀၁၇ ဇွန် ၈ မှာ ဝန်ကြီးချုပ် မေ က လွှတ်တော်သက်တမ်းမကုန်ခင် ရွေးကောက်ပွဲလုပ်ခဲ့တယ်။ အဲဒီအချိန်က ကွန်ဆာဗေးတစ်ပါက ၃၃၀ နေရာရထားလို့ အများစုတော့ ဖြစ်တယ်။ဒါပေမယ့် ဝန်ကြီးချုပ် ကင်မရွန်းကို ဆက်ခံခဲ့တဲ့ ဝန်ကြီးချုပ်မေ က ဥရောပသမဂ္ဂနဲ့ လမ်းခွ ဲစာချုပ် ဆွေး နွေးတဲ့အခါ ပြည်တွင်း၊ ပြည်ပမှာ သူ့ရဲ့ နိုင်ငံရေးအနေအထားပိုမို ခိုင်မာစေဖို့အတွက် ရွေး ကောက်ပွဲ သစ်ကို ခေါ်ခဲ့တယ်။ လူထုသဘာထားစစ်တမ်းတွေအရလည်း ကွန်ဆာ ဗေးတစ်ပါတီက လေဘာပါတီထက် ၁၈% ကနေ ၂၀ % အထိ အသာရနေတဲ့ အတွက် ရွေးကောက်ပွဲလုပ်ဖို့ အကောင်းဆုံးအချိန်ပဲလို့လည်း သုံးသပ်ခဲ့တယ်။
ဒါပေမယ့် တကယ့်ရွေးကောက်ပွဲနေ့ရောက်တော့ ကွန်ဆာဗေးတစ်ပါတီဟာ အများစုနေရာ ကို ဆုံးရှုံးခဲ့တယ်။ အမတ်နေရာ ၁၀ နေရာရှိတဲ့ အတိုက်အခံပါတီတစ်ခုဖြစ် DUP နဲ့ပေါင်းပြီး လူနည်းစု အစိုးရ (minority government) ဖွဲ့ ရတဲ့အခြေအနေကို ဆိုက်သွားခဲ့တယ်။
အခု ဝန်ကြီးချုပ် မေ နေရာကို ဆက်ခံတဲ့ ဂျွန်ဆင်က ရွေးကောက်ပွဲကျင်းပဖို့ ဆုံးဖြတ် တဲ့ အခါ ၂၀၁၇ ခုနှစ် လို တစ်ကျော့ပြန်ဖြစ်ဦးမလားလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ခဲ့ကြ တယ်။ ဂျွန်ဆင် ဟာ အမေရိကန်သမ္မတ ထရမ့်လိုပဲ အငြင်းပွားစရာအပြုအမူတွေ၊ ပြောဆို ချက် တွေကြောင့် နာမည်ကြီးတယ်။ သူ့ကြောင့်ပဲ ကွန်ဆာဗေးတစ်ပါတီအရေးနိမ့်နိုင်တယ် လို့ စိုးရိမ်မှုတွေလည်းရှိတယ်။
ဒါပေမယ့် ဒီဇင်ဘာ ၁၂ ရက်နေ့ ရွေးကောက်ပွဲရလဒ်က အားလုံးအတွက် အံ့အားသင့်စရာ ဖြစ် ခဲ့တယ်။ ဒီဇင်ဘာ ၁၃ ရက်နေ့ မြန်မာစံတော်ချိန် ည ကိုးနာရီခွဲ မှာ ထုတ်ပြန်ခဲ့တဲ့ နောက်ဆုံးရလဒ်တွေအရ ကွန်ဆာဗေးတစ်ပါတီက အပြတ်အသတ်နိုင်ခဲ့တယ်။
၁။ ကွန် ဆာဗေးတစ်ပါတီ ၃၆၅ နေရာ။ ( ၆၆ နေရာ တိုး)
၂။ လေဘာပါတီ ၂၀၃ နေရာ။ ( ၄၂ နေရာ လျော့)
၃။ စကော့တလန်အမျိုးသားပါတီ ၄၈ နေရာ။ ( ၁၃ နေရာတိုး)
၄။ လစ်ဘရယ်ဒီမိုကရက် ၁၁ နေရာ။ ( ၁၀ နေရာလျော့)
၅။ အခြားပါတီများ ၂၃ နေရာ ။ ( ၂၇ နေရာလျော့)
အခုရခဲ့တဲ့ အမတ်နေရာဟာ ကွန်ဆာဗေးတစ်ပါတီအတွက် မာဂရက်သက်ချာတတိယသက်တမ်း ၁၉ ၈၇ ရွေးကောက်ပွဲ အနိုင်ရမှုနောက်ပိုင်းမှာ အများဆုံး အနိုင်ရခဲ့တာဖြစ်ပါတယ်။ မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့ လေဘာပါတီခေါင်းဆောင် ဂျယ်ရမီ ကိုဘင်ကတော့ ပါတီခေါင်းဆောင်အဖြစ်က နှုတ်ထွက်မယ်လို့ပြောခဲ့တယ်။ ဒီရွေးကောက်ပွဲမှာ လေဘာအတွက်အထိအနာဆုံးကတော့ ဆယ်စုနှစ်ပေါင်းများစွာ လေဘာအမာခံဖြစ်ခဲ့တဲ့ မဲဆန္ဒနယ်တွေမှာ အရေးနိမ့်ခဲ့တာပဲဖြစ် ပါတယ်
မဲဆွယ်ကာလမှာ “ လမ်းခွဲကြစို့” “Get Brexit Done” လို့ကြွေးကျော်ခဲ့တဲ့ ဝန်ကြီးချုပ် ဂျွန်ဆင်ကတော့ အခုဆိုရင် အီးယူနဲ့ ညှိနှိုင်းထားတဲ့ လမ်းခွဲသဘောတူညီချက်ကို ခရစ်စမတ်မတိုင် ခင် ပါလီမန်မှာ အတည်ပြုချက်ယူမယ်၊ အီးယူကသက်မှတ်ထားတဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့ မတိုင် ခင် လမ်းခွဲရေးလုပ်ငန်းစဉ်တွေစတင်နိုင်အောင်လုပ်မယ်လို့ ပြောထား ပါတယ်။
ကွန်ဆာဗေးတစ်ပါတီကို ပြောင်းပြီးထောက်ခံခဲ့တဲ့ လေဘာပါတီဝင်တွေကိုလည်း ကျေးဇူးတင်တဲ့အကြောင်းနဲ့ သူတို့ရဲ ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစား ပါ့မယ်လို့ကတိပေးသွားခဲ့တယ်။

ဂမ်ဘီယာ – မြန်မာ (၄)

မနေ့ ( ဒီဇင်ဘာ ၁၂ ) ရက်နေ့က ဂမ်ဘီယာ နိုင်ငံနဲ့ မြန်မာနိုင်ငံ နှစ်ဘက်လုံးက အပြီးသတ် လေ ျှာက်လဲချက်ပေးခဲ့ကြပါတယ်။ ဒီဇင်ဘာ ၁၂ ရက်နေ့ က ဂမ်ဘီယာအတွက် အရေးကြီး တဲ့ နေ့ဖြစ်ပါတယ်။ ပထမအကြိမ်လေ ျှာက်လဲချက်ပေးတဲ့အချိန်မှာ မြန်မာက ဒုတိယပေးရတဲ့ အတွက် ရှေ့က ဂမ်ဘီယာလေ ျှာက်ထားချက်အပေါ်မူတည်ပြီး ပြင်ဆင်ချေပနိုင်ခဲ့တယ်။ ဒါ့ကြောင့် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ဂမ်ဘီယာအနေနဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့ မြန်မာ လေ ျှာက် ထားချက်အပေါ် ထိထိရောက်ရောက်ချေပနိုင်ဖို့ လိုအပ်လာပါတယ်။ လက်တွေ့မှာလည်း ဂမ်ဘီယာဘက်က ဒီအခွင့်အရေးကိုကောင်းကောင်းအသုံးချခဲ့တာတွေ့ရပါတယ်။

ဂမ်ဘီယာ

ဂမ်ဘီယာရဲ့လေ ျှာက်လဲချက်ကို MR.Reichler က ဦးဆောင်ခဲ့ပါတယ်။

ဂမ်ဘီယာရဲ့ လေ ျှာက်လဲချက်မှာ အပိုင်းနှစ်ပိုင်းပါပါတယ်။ ပထမတစ်ပိုင်းက မြန်မာဘက်က ပြော ဆိုခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ဖို့အတွက် ရည်ရွယ်ချက်မရှိဘူူးဆိုတာ မဟုတ်တဲ့ အကြောင်း ချေပတာဖြစ်ပါတယ်။ ဒုတိယတစ်ပို်င်းကတော့ မြန်မာဘက်က ပြောဆိုခဲ့တဲ့ ပြည်တွင်း မှာပဲ ဖြေရှင်းနိုင်တဲ့ စွမ်းရည်ရှိတဲ့အတွက် ကြားဖြတ်တားဆီးမိန့်ထုတ်ပြန်ဖို့မလိုဘူးဆိုတဲ့အချက် ကို ချေပတာဖြစ်ပါတယ်။

ဒီအထဲမှာ Mr. Reicheler ရဲ့ လေ ျှာက်ထားချက်က အဓိကပဲ။ ဂမ်ဘီယာအနေနဲ့ ဒီဇင် ဘာ ၁၁ ရက်နေ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖွင့်ပြောဆိုချက်ဟာ တရား သူကြီးတွေအပေါ်မှာ အကျိုးသက်ရောက်မှုအများကြီးရှိနိုင်တာကို သိပါတယ်။ ဒါ့ကြောင့်လည်း Mr.Reichler က ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်တွေကို ပြန်ကောက်နှုတ်ပြီးအောက်ပါ အတိုင်း ချေပ ပြော ဆိုခဲ့တာကို တွေ့ရပါတယ်။

၁။ တပ်မတော်က ရိုဟင်ဂျာတွေကို ရက်ရက်စက်စက်ပြုမူခဲ့တယ် ဆိုတဲ့အချက်ကို မြန်မာ ဘက်က မငြင်းဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က “ အင်အားမမျှမတ သုံးစွဲခဲ့မှုတွေ မရှိခဲ့ဘူးလို့ တပ်အပ်မပြောနိုင်ပါဘူး။” လို့ ဝန်ခံခဲ့တယ်။

၂။ တပ်မတော်အနေနဲ့ ဒီပြစ်မှုတွေကို စနစ်တကျ စုဖွဲ့ဆောင်ရွက်ခဲ့ဖြစ်တယ်ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး ရိုဟင်ဂျာ ရွာပေါင်း ၃၉ ၂ ရွာကို လုံးဝဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ် စေ ဖျက်ဆီးခဲ့တဲ့ဆိုတာကို မြန်မာဘက်က ငြင်းပယ်တာမျိုးမလုပ်ခဲ့ဘူး။

၃။ နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးတွေအတွင်း အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင် အထက်ပြုကျင့်မှုတွေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရော၊ ရှေ့နေတွေကပါ တစ်ခွန်း တစ်ပါဒမှမပြောခဲ့ဘူး။ ဒီကိစ္စတွေက ငြင်းလို့မရသလို နှုတ် ကပြောဖို့တောင် မလွယ်တဲ့ ကိစ္စ တွေဖြစ်တယ်။ ဒါ့ကြောင့် မြန်မာဘက်က လုံးဝလျစ်လျူရှုထားလိုက်တယ်။

၄။ မြန်မာအရာရှိတွေနဲ့ အခြားသူတွေက ( ရိုဟင်ဂျာ) တွေအပေါ် ခွဲခြားဆက်ဆံရာ ရောက် တဲ့၊ လူမျိုးရေးအရ နှိမ့်ချစော်ကားတဲ့စကားတွေပြောခဲ့တာနဲ့ပတ်သက်ပြီး မြန်မာဘက်က မငြင်းပါ ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က “ အမုန်းတရားအခြေခံတဲ့ ပြောဆိုချက်များသာလျင် အမုန်းစကားအဆင့်သာ မဟုတ်တော့ဘဲ အသိုက်အဝန်းများအကြား အလွန်အကျွံ ကွဲပြားမှုများ ဖြစ်ပေါ်စေနိုင်တဲ့ အသုံးအနှုန်း ပြောဆိုချက်တွေဟာလည်း အမုန်းစကားတွေလို သဘောမျိုးပင် သက်ရောက်စေပါတယ်။” လို့ ဝန်ခံထားတယ်။ ( ဒီအချက်နဲ့ပတ်သက်ပြီး တပ်ချုပ်ရဲ့ဖေ့ဘွတ်စာမျက်နှာမှာ အစိုးရအဆက်ဆက် မဖြေရှင်းနိုင်တဲ့ ဘင်္ဂလီ ပြဿနာ ကို ဖြေရှင်းနိုင်ဖို့ ကြိုးစားနေတယ်။ ဒီနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးဆိုတာမရှိဘူး လို့ရေးထားချက်ကို သက် သေအဖြစ်ပြသခဲ့တယ်။ )

၅။ ခွဲခြားဆက်ဆံတဲ့ အစီအစဉ်တွေ၊ မူဝါဒတွေ (နိုင်ငံသားဥပဒေ၊ နိုင်ငံသားစိစစ်မှု )နဲ့ အစိုးရ က မြေသိမ်း၊ မြေညှိပြီး လူနည်းစုတွေပြန့်နှံ့နေထိုင်မှုပုံစံပြောင်းသွားအောင် လုပ်ဆောင်နေတာ တွေ နဲ့ပတ်သက်လို့လည်း မြန်မာဘက်က မငြင်းနိုင်ခဲ့ဘူး။ ဒေါ်အောင်ဆန်းစုကြည်က လူမျိုး ၊ ဘာသာမခွဲခြားဘဲ မွေးစာရင်းထုတ်ပေးနေပါတယ်လို့ပြောခဲ့တယ်။ မွေးစာရင်းဟာ နိုင်ငံသား ဖြစ် မှုမဟုတ်ဘူး။ မြေတွေသိမ်းတာနဲ့ပတ်သက်လို့ တစ်ခွန်းမှ ပြောမသွားဘူး။

၆။ အစိုးရအနေနဲ့ ရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီး အမုန်းစကားပြောကြားမှုတွေ၊ ရှုံ့ချပြောဆိုမှု တွေကို တားဆီးမှုမရှိဘူး။ ဒါတွေနဲ့ပတ်သက်ပြီးလည်း မငြင်းနိုင်ခဲ့ဘူး။

၇။ အစိုးရအနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေ၊ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာဥပဒေတွေကို ချိုးဖောက်နေမှုအပေါ် ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှု မရှိ ဘူး။ ဒီအချက်ကတော့ လူမျိုးတုံးသတ်ဖြတ်ဖို့အတွက် ရည်ရွယ်ချက်ရှိတယ်ဆိုတာကို ပြသတဲ့ ကိစ္စ ဖြစ်လို့ မြန်မာဘက်က အလေးထားပြီး ငြင်းချက်ထုတ်ခဲ့တယ်။ ဒါပေမယ့် ပြစ်မှုကျူးလွန်တယ် လို့ စွပ်စွဲခံထားရတဲ့ စစ်ခေါင်းဆောင်တွေက ကိုယ့်စစ်သားတွေကိုဘယ်လို ထိထိရောက်ရောက် အရေးယူမှာလဲ။ အင်းဒင်လူသတ်မှုအကြောင်းရေးတဲ့သတင်းထောက်တွေထောင်ကျခံရပြီး ပြစ်မှု ကျူးလွန်တဲ့စစ်သားတွေက လွတ်ငြိမ်းခွင့်ရသွားတယ်။ ဒီအချက်ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ် တိုင်ဝန်ခံခဲ့တယ်။ မန်စီ စစ်တရားရုံးအကြောင်းပြောသွားခဲ့တယ်။ ဒါဟာ ရခိုင်မှာဖြစ်တာမဟုတ် ဘူး။ ရိုဟင်ဂျာတွေအပေါ် ပြစ်မှုကျူးလွန်တာမဟုတ်ဘူး။ ဂူတာပြင် ခုံရုံးက ဂမ်ဘီယာက တရားရုံး ကို လေ ျှာက်ထားပြီး နှစ်ပတ်အကြာ၊ အခုကြားနာမှုမစခင် နှစ်ပတ်အလိုမှာမှ ဖွဲ့စည်းတာပါ။ တိုက် ဆိုင်မှုလား။

ဒါ့အပြင် မြန်မာဘက်က ဒုက္ခသည်တွေပြန်လက်ခံဖို့အစီအစဉ်ရှိတယ်ဆိုတာဟာ လက်တွေ့မှာ အကောင်အထည်မဖော်နိုင်ဘူး။ နည်းနည်းပဲပြန်လာတယ်ဆိုတာ ပါမောက္ခက Okowa ကိုယ် တိုင်က ဝန်ခံသွားတယ်။ ဒါ့ကြောင့် ရိုဟင်ဂျာတွေ ဂုဏ်သိက္ခာရှိရှိ၊ လုံလုံခြုံခြုံပြန်လာနိုင်ဖို့ အခြေ အနေမရှိသေးဘူးဆိုတာသေချာတယ်လို့ လေ ျှာက်ထားသွားတယ်။ Mr.Reichler က ဒေါ်အောင် ဆန်းစုကြည်အနေနဲ့ အာဆာနာမည်ကို အပြည့်အစုံရွတ်ပြတဲ့ တစ်ကြိမ်ပဲ ရိုဟင်ဂျာ ဆိုတာကို သုံး သွားတယ်။ ကျန်တဲ့အချိန်မှာ တစ်ခွန်းတောင်မပြောခဲ့ဘူးလို့ အပြစ်တင်သွားတယ်။

မြန်မာ

မြန်မာဘက်ကတော့ Mr. Staker က ဦးဆောင်ပြီး လေ ျှာက်ထားပါတယ်။ မြန်မာဘက် ကတော့ အချက်နှစ်ချက်ကို အဓိက ထားပြီးပြောတယ်။ ပထမအချက်ကတော့ ဂမ်ဘီယာဟာ အိုအိုင်စီ အဖွဲ့ရဲ့ ကိုယ်စားလှယ်အဖြစ်နဲ့လုပ်နေတာဖြစ်တယ်၊ ကွန်ဗင်းရှင်းဝင် နိုင်ငံတစ်နိုင်ငံ အနေနဲ့ လေ ျှာက်ထားတာမဟုတ်ဘူး။ ဒါ့ကြောင့် တရားရုံးအနေနဲ့ လက်ခံစဉ်းစားဖို့မသင့်ဘူးဆိုတဲ့ အချက်ကို သက်သေပြတာဖြစ်ပါတယ်။ မြန်မာဘက်က ဂမ်ဘီယာဟာ ဒီအမှုနဲ့ပတ်သက်ပြီး လိုအပ်တဲ့ငွေကြေးတွေကို ဘယ်က ရသလဲဆိုတာ ပွင့်ပွင့်လင်းလင်းမပြောသေးဘူးဆိုတဲ့ အချက် ကို အထောက်အထားတွေနဲ့ထောက်ပြခဲ့ပါတယ်။

ဒုတိယအချက်ကတော့ မနက်ပိုင်းမှာ ဂမ်ဘီယာဘက်က လေ ျှာက်လဲထားတဲ့အချက်တွေကို ပြန် လည်ချေပပြီး လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်မရှိကြောင်း ထပ်လောင်းသက်သေပြတာဖြစ် ပါတယ်။ ဒါ့အပြင် ဂမ်ဘီယာရဲ့ အချက်အလက်အမှားတွေကိုလည်းထောက်ပြခဲ့တယ်။ ဥပမာ တပ်ချုပ်ရဲ့ ဖေ့စ်ဘွတ်မှတ်ချက်နဲ့ပတ်သက်ပြီး ဂမ်ဘီယာက ဒီမှတ်ချက်ကို နယ်မြေရှင်းလင်းရေး တွေအရှိန်မြှင့်လုပ်ဆောင်နေချိန် ( ၂၀၁၇) မှာတင်ထားတာလို့ဆိုတယ်။ တကယ်တော့ ၂၀၁၇ မဟုတ်ဘူး ၂ စက်တင်ဘာ ၂၀၁၈ မှာရေးတာဖြစ်တယ်လို့ရှင်းခဲ့တယ်။

ဒီလိုပဲ ပါမောက္ခ Schabas က အယ်လ်ဂျာဇီးယားနဲ့ သူ့အင်တာဗျူးအကြောင်းပြောသွားတာ နဲ့ ပတ်သက်ပြီး ဂမ်ဘီယာဘက်က လိုတာကိုပဲ ဆွဲပြောသွားတယ်၊ အင်တာဗျူး အစအဆုံးကြည့်ရင် ဂမ်ဘီယာဘက်က ပြောသလိုမဟုတ်ဘူးဆိုတာကိုရှင်းပြခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ အဆုံးသတ်တင်ပြချက်ကို ခပ်တိုတိုပဲပြောခဲ့တယ်။ အဓိက ကတော့
၁။ အမေရိကန်နဲ့ ဗြိတိန်မှာ စစ်ဘက်တရားစီရင်ရေးရှိသလို မြန်မာနိုင်ငံမှာလည်း အခြေခံ ဥပဒေအရ စစ်ဘက်တရားစီရင်ရေးစနစ်ရှိတယ်။ မြန်မာနိုင်ငံမှာ အခြေခံဥပဒေကို အခြေပြုတဲ့ ဒီမိုကရေစီ စနစ် နဲ့ တရားဥပဒေစိုးမိုးရေးကို တည်ဆောက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ အခြေခံ ဥပဒေကို လျစ်လျူရှုထားလို့မရဘူး။

၂။ ရခိုင်ပြည်နယ်မှာ မျိုးနွယ်စုတွေကြား သဟဇာတဖြစ်ရေးနဲ့ပေါင်းစည်းရေးအတွက် ဆောင် ရွက်နေတဲ့ In Transformation Initiative” (ITI) ရဲ့ အောင်မြင်မှုတွေရနေပြီ။ ( ချစ်ကြည် ရေး ဘောလုံးပွဲဓာတ်ပုံတွေကို သက်သေပြတယ်။ )

၃။ တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ မတူကွဲပြားမှုတွေကြားမှာ ညီညွတ်မှုကို တည်ဆောက်နိုင် ဖို့၊ မြန်မာပြည်သူတွေရဲ့ စွမ်းအားတွေကို အပြည့်အဝအသုံးချခွင့်ရဖို့၊ ထာဝရငြိမ်းချမ်းရေး နဲ့ ရေရှည် တည်တံ့မယ့်ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်နိုင်ဖို့အတွက်ပဲဖြစ်သင့်ပါတယ်။

ပြန်ချုပ်လိုက်ရင်

ဂမ်ဘီယာဘက်က လက်ရှိအခြေအနေအရ အလွန်အရေးကြီးနေပြီဖြစ်တဲ့အတွက် ကြားဖြတ် တား ဆီးမိန့်ထုတ်ပေးဖို့ လေ ျှာက်ထားတယ်။

မြန်မာဘက်က
၁။ ဂမ်ဘီယာရဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာကွန်ဗင်းရှင်းအရ အငြင်းပွားနေကြောင်း လေ ျှာက် ထားချက်ကို လုံးဝပယ်ချဖို့၊

၂။ အဲဒီလို ပယ်မချဘူးဆိုရင်တောင် ကြားဖြတ်တားဆီးမိန့်ထုတ်ပြန်ဖို့တောင်းဆိုချက်ကို ပယ်ချ ဖို့။

လေ ျှာက်ထားတယ်။

တရားရုံးဥက္ကဌ ကတော့ ဆုံးဖြတ်ချက်ချမယ့်ရက်ကို ပြန်ကြေညာမယ်၊ ဒီကြားထဲမှာ တရားရုံးအနေနဲ့ နောက်ထပ်သိလိုတဲ့အချက်တွေရှိရင် ကိုယ်စားလှယ်တွေ ( မြန်မာဘက်ဆိုရင် ဒေါ်အောင်ဆန်း စုကြည်) ကို ဆက်သွယ်မေးမြန်းမယ်လို့ ပြောခဲ့ ပါတယ်။