ညီလာခံ ၊ ဗီတို နဲ့ ပီအာရ်

သက်ဆွေ ဘာသာပြန်တဲ့ ၂၀၁၀-၂၀၁၆ မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအကြောင်း စာအုပ်ကို ဖတ်ပြီးတော့ အဘ ဦးသောင်းညွှန့် က ကျွန်တော့်ကို ဖုန်းဆက်ပြီးတွေ့ချင်တဲ့အကြောင်းပြော ပါ တယ်။

အဘ ဦးသောင်းညွှန့် ဆိုတာ ၁၉ ၈၈ ခုနှစ်မတိုင်ခင်က နိုင်ငံတော်ကောင်စီ ဥပဒေအကြံပေးအဖွဲ့ဝင်၊ တပ်မတော်အစိုးရလက်ထက်မှာ ၁၉ ၉ ၂ ခုနှစ်ထိ ရှေ့နေချုပ်ရုံးညွှန်ချုပ်၊ နောင် နဝတ အစိုးရ ဝန်ကြီးချုပ်ရုံး ဝန်ကြီးအဖြစ် ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့မှာလည်း ဥပဒေအကြံပေး အဖြစ်တာဝန်ယူခဲ့ပါတယ်။

အဘ ဦးသောင်းညွန့်ဟာ ၁၉ ၉ ၂ ခုနှစ်က စပြီး ၂၀၀၇ ခုနှစ်အထိ အမျိုးသားညီလာခံကျင်းပရေး လုပ်ငန်းကော် မတီ မှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ ( အမျိုးသားညီလာခံက ၁၉ ၉ ၆ ကနေ ၂၀၀၄ ခုနှစ် ကြားမှာ ရပ်နားထားခဲ့တယ်။ ) အလားတူပဲ အခြေခံဥပဒေရေးဆွဲရေးကော်မရှင်မှာ လည်း ပါဝင်ခဲ့ပါတယ်။ ကျွန်တော့်စာအုပ်အတွက် တွေ့ဆုံမေးမြန်းမှုပြုလုပ်တဲ့အချိန်မှာ လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ အဘ ဦးအောင်တိုးနဲ့ အတွင်းရေးမှူး အဘ ဦးအေးမောင်တို့ကို ပဲ မေးခဲ့တယ်။ အဘဦးသောင်းညွှန့်ကို မမေးခဲ့ဘူး။

အဘ ဦးသောင်းညွှန့်က အသက်ကိုးဆယ်ရှိပြီ။ ကျန်းမာရေးကောင်းသလို မှတ်ဉာဏ်လည်း ကောင်းနေဆဲပါပဲ။ အဘက ကျွန်တော့်စာအုပ်အခန်း (၁) အမျိုးသားညီလာခံ နဲ့ အခန်း (၂) ဖွဲ့စည်းပုံအခြေခံဥပဒေ တို့နဲ့ပတ်သက်ပြီး သူ့ အတွေ့အကြုံတွေကို ထပ်ဖြည့်ပြောပြပါ တယ်။ သူပြောပြတဲ့အထဲက ကျွန်တော့်စာအုပ်နဲ့ ဆက်စပ်ပြီး ဖတ်သင့်တဲ့ အချက်များကို မ ျှေ၀ လိုက်ပါတယ်။

လုပ်ငန်းကော်မတီ

ကျွန်တော့်စာအုပ် စာမျက်နှာ ၆၃ မှာ လုပ်ငန်းကော်မတီက အဓိက အရပ်ဘက် ဝန်ထမ်းဟောင်းအရာရှိကြီး သုံးယောက် ( ဦးအောင်တိုး၊ ဦးအေးမောင်၊ ဦးသောင်းညွန့် နောက်ဆက်တွဲမှတ်စု အမှတ် ၁၈ ညွှန်း) လို့ရေးထားတာနဲ့ပတ်သက်ပြီး အရာရှိ ကြီးငါးယောက်ဖြစ်တယ်လို့ ပြောပါတယ်။

၁၉ ၉ ၃ ခုနှစ် အမျိုးသားညီလာခံစတင်ချိန်က လုပ်ငန်းကော်မတီထဲမှာ အခြေခံမူနဲ့ အသေးစိတ် အခြေခံရမည့် မူများကို ဦးဆောင်ပြုစုခဲ့သူငါးယောက်ရှိတယ်။ အဲဒီသူတွေ ဦးအောင်တိုး၊ ဦးသာထွန်း၊ ဦးအောင်ခင်တင့် ၊ ဦးအေးမောင်နဲ့ ဦးသောင်းညွန့်တို့ဖြစ်ပါတယ်။ ဒါပေမယ့် ဦးသာ ထွန်းနဲ့ ဦးအောင်ခင်တင့် တို့ ကွယ်လွန်သွားတဲ့အတွက် ၂၀၀၄ ခုနှစ် အမျိုးသားညီလာခံ ပြန်လည်စတင်တဲ့အချိန်မှာ သူတို့ သုံးယောက်ပဲ ကျန်ခဲ့တာဖြစ်ပါတယ်။

လုပ်ငန်းကော်မတီမှာ အခြေခံမူ၊အသေးစိတ်အခြေခံရမည့်မူများကို ပြုစုတဲ့အခါ တစ်ယောက်စီ ဦးဆောင်တဲ့အဖွဲ့တွေက အခန်းတစ်ခန်းခြင်းအလိုက်တာဝန်ယူရတယ်။ ဥပမာ၊ ဦးအောင်တိုး က တရားစီရင်ရေး၊ ဦးအေးမောင်က အုပ်ချုပ်ရေး၊ ဦးသောင်းညွှန့်က အခြေခံမူများနှင့် နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ စသည်ဖြင့် ဖြစ်ပါတယ်။ ( သူမှတ်မိ သမ ျှ ပြန်ပြောပြတာပါ။ ) အဲဒီလို ပြုစုထားတာတွေကိုမှ အမျိုးသားညီလာခံကော်မရှင်မှာ ပြန်ဆွေးနွေး အတည်ပြုပါတယ်။

ဒီအရာရှိကြီးငါးယောက်ထဲမှာ ဦးသောင်းညွန့်တစ်ယောက်ပဲ BJS တရားစီရင်ရေးဝန်ထမ်းဖြစ်ပြီး ကျန်တဲ့လေးယောက်က BCS အုပ်ချုပ်ရေးဝန်ထမ်းတွေဖြစ်ပါတယ်။ BCS တွေက တတိယတန်း တရားစီရင်ရေးအာဏာပဲ ကျင့်သုံးခွင့်ရတယ်။ BJS က ဒုတိယတန်းတရားစီရင်ရေးအာဏာကနေ အထူးအာဏာရနဲ့တရားမမှုအဆင့်ထိ အဆင့်ဆင့်တိုးတက်ကျင့်သုံးခွင့်ရတယ်။ ဦးသောင်းညွန့် က တရားမတရားသူကြီးအဆင့်ထိ တာဝန်ယူခဲ့တယ်။ ( တရားစီရင်ရေးအာဏာတွေကို အင်္ဂလိပ် လိုပြောသွားတာကို မြန်မာလို ပြန်ထားတာဖြစ်တဲ့အတွက် တရားဝင်အသုံးအနှုံးနဲ့လွဲရင် ပြင်ပေး ပါ)

ဒါ့အပြင် ဦးသောင်းညွန့်က ၁၉ ၇၄ ခုနှစ်အခြေခံဥပဒေရေးဆွဲရေးကော်မရှင်မှာပါခဲ့တယ်။ နိုင်ငံတော် ကောင်စီရဲ့ ဥပဒေအကြံပေးအဖွဲ့မှာလည်း တာဝန်ထမ်းဆောင်ရတယ်။ ၁၉ ၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၃ အရ နိုင်ငံတော်ကောင်စီဟာ အခြေခံဥပဒေမှ အပ ကျန် ဥပဒေ တွေကို အနက်ဖွင့်ဆိုခြင်း၊ ဗဟိုနဲ့ ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေရဲ့ ဆုံးဖြတ် ချက် နဲ့ အမိန့်တွေဟာ ဥပဒေနဲ့ ကိုက်ညီခြင်းမရှိကြောင့်တွေ့ရင်ပယ်ဖျက်ခြင်းတွေကို လုပ်ဆောင်ခွင့်အာဏာရှိတဲ့အတွက် ဥပဒေဆိုင်ရာလေ့လာမှုတွေအများကြီးလုပ်ခဲ့ရတယ်။ အိန္ဒိယ နိုင်ငံမှာ ဥပဒေရေးဆွဲရေးဆိုင်ရာလေးလသင်တန်းတက်ခဲ့ရတယ်။ အဲဒီသင်တန်းမှာ အခြေခံဥပဒေ နဲ့ပတ်သက်ပြီးဆွေးနွေးပို့ချမှုတွေလည်းရှိခဲ့တယ်။ ဒါ့ကြောင့် သူတို့ ငါးယောက်ကြားမှာ ဥပဒေ ဆိုင်ရာအတွေ့အကြုံခြင်း မတူဘူး။

ဒီအရာရှိကြီးငါးယောက်ဟာ နိုင်ငံတကာအခြေခံဥပဒေပညာရပ်နဲ့ပတ်သက်ပြီးနိုင်ငံတကာ တက္ကသိုလ်တွေမှာလေ့လာဆည်းပူးတာမရှိပေမယ့် ၁၉ ၉ ၂ ခုနှစ်အမျိုးသားညီလာခံကျင်းပ ရေး အကြိုညှိနှိုင်းမှုတွေ စတင်ပြုလုပ်ချိန်က စပြီး နိုင်ငံတကာအခြေခံဥပဒေတွေကို လေ့လာမှုတွေ ပြု လုပ်ခဲ့တယ်။ တွေ့ရှိချက်တွေကို အကျဉ်းချုပ်ပြုစုပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကို တင်ပြရတယ်။

ဗီတိုအာဏာ

ကျွန်တော့်စာအုပ် စာမျက်နှာ ၆၁ မှာ လွှတ်တော်က အတည်ပြုတဲ့ဥပဒေတွေကို သမ္မတ က ဗီတိုအာဏာ နဲ့ ပယ်ချခွင့်ပေးမထားတဲ့အတွက် မဏ္ဍိုင်နှစ်ရပ်ကြား အပြန်အလှန်ထိန်းကျောင်းမှု မှာ လွှတ်တော်ဘက်က တစ်ဖက်သတ်အသာရနေတဲ့အကြောင်းရှင်းလင်းရေးသားခဲ့တယ်။

အဲဒီဗီတိုအာဏာ ကိစ္စနဲ့ပတ်သက်ပြီး လုပ်ငန်းကော်မတီ အဆင့်မှာရော၊ အမျိုးသားညီလာခံကျင်း ပရေးကော်မရှင်အဆင့်မှာရော ဆွေးနွေးခဲ့တယ်။ အခြေခံဥပဒေအရ မြန်မာနိုင်ငံက အမေရိကန် လိုပဲ သမ္မတ ဦးဆောင်သော အုပ်ချုပ်ရေးစနစ်ဖြစ်တဲ့အတွက် သမ္မတ ကို ဗီတိုအာဏာ ပေးထားဖို့လိုတယ် ဆိုတာ ကို လက်ခံကြတယ်။ ဒါပေမယ့်တစ်ဖက်မှာလည်း မြန်မာနိုင်ငံရဲ့ သမ္မတရွေးချယ်မှုစနစ်က အမေရိ ကန်နဲ့မတူဘူး။ ပြည်ထောင်စုလွှတ်တော်ကရွေးတာဖြစ်နေ တယ်။

အဲဒီအခြေအနေနှစ်ခု ကို နှိုင်းယှဉ်စဉ်းစားပြီးတဲ့နောက် သမ္မတကို ဗီတိုအာဏာမပေးဖို့ဆုံးဖြတ်ခဲ့ တယ်။ ကော်မရှင်ရဲ့တွေ့ရှိချက်တွေကို တပ်မတော်အစိုးရခေါင်းဆောင်တွေကို တင်ပြတဲ့အချိန် မှာ လည်း အဲဒီအချက်ကို သဘောတူခဲ့တယ်။ အဲဒီအချိန်က လုပ်ငန်းကော်မတီနဲ့ ကော်မရှင်မှာပါဝင် သူတွေအားလုံးက လွှတ်တော်မှာ အမတ်နေရာ အများစုရတဲ့ပါတီက ရွေးချယ်တဲ့သမ္မတ နဲ့ လွှတ်တော်ကြားမှာ ၂၀၁၁-၂၀၁၆ ကြားမှာဖြစ်ခဲ့တဲ့ ထိပ်တိုက်ရင်ဆိုင်မှုမျိုး တွေဖြစ်လာ နိုင်တယ်လို့လည်း မထင်ခဲ့ကြဘူး။

ဒီနေရာမှာ ကျွန်တော့်စာအုပ်မှာရေးထားတဲ့ အမေရိကန်သမ္မတရဲ့ ဗီတိုအာဏာနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတဟာ လွှတ်တော်က အတည်ပြုတဲ့ ဥပဒေကြမ်းတစ်ခုလုံးကို ဗီတိုအာဏာ သုံး ပြီး ပယ်ချလို့မရဘူး။ တစ်စိတ်တစ်ပိုင်း ကိုပယ်ချတဲ့ ဗီတိုအာဏာ ( Line – Item Veto ) ပဲသုံးလို့ ရတယ်လို့ မှတ်ချက် ရေးတာတွေ့မိတယ်။

အဲဒါမှားပါတယ်။ အမေရိကန်အခြေခံဥပဒေ ပ Article 1, Section 7 အရ သမ္မတ က ဥပဒေ ကြမ်းတစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ဗီတိုအာဏာသုံးပြီးပယ်ချလို့ရပါတယ်။ တစ် စိတ်တစ်ပိုင်းကို ပယ်ချတဲ့ဗီတို ( Line – Item Veto ) ကို လွှတ်တော် က အတည်ပြုတဲ့ ဘတ်ဂျက်မှာ သူလက်မခံနိုင်တဲ့အပိုင်းတွေကို ပယ်ချတဲ့အခါမှာ အများဆုံးသုံးပါတယ်။ တစ်ဖက် မှာလည်း အပြန်အလှန်ထိန်းကျောင်းတဲ့အနေနဲ့ သမ္မတ ရဲ့ ဗီတိုကို လွှတ်တော်နှစ်ရပ်ပေါင်း အမတ် သုံးပုံ နှစ်ပုံရဲ့ ထောက်ခံမှုနဲ့ ကျော်လွှားခွင့်ပေးထားပါတယ်။

အချိုးကျကိုယ်စားပြုစနစ် ( PR System)

ကျွန်တော့်စာအုပ် စာမျက်နှာ ၁၇၉ မှာရေးထားတဲ့ မြန်မာနိုင်ငံရွေးကောက်ပွဲတွေမှာ အချိုးကျ ကိုယ်စားပြုစနစ် နဲ့ပတ်သက်လို့ကတော့ ဟိုတယ်/ခရီး ဝန်ကြီး ဗိုလ်ချုပ်စောလွင် ကော်မရှင်ဥက္ကဋ္ဌဖြစ်နေချိန်မှာ လုပ်ငန်းကော်မတီအဖွဲ့ ဝင် တစ်ယောက်က ရွေးကောက်ပွဲတွေမှာ အချိုးကျ ကိုယ်စားပြုစနစ်ကျင့်သုံးဖို့အတွက် ထည့်သွင်း ပြဋ္ဌာန်းသင့်ကြောင်း အဆိုတင်တယ်။ အပြန်အလှန်ဆွေးနွေးပြီးတဲ့နောက် အချိုးကျ ကိုယ်စားပြုစနစ် အမျိုးမျိုးရှိတဲ့အနက် ဘယ်ပုံစံကို ကျင့်သုံးမှာလဲဆိုတာ မဆုံးဖြတ်နိုင်ဘူး။ မြန်မာ နိုင်ငံမှ အစဉ်အဆက်ကျင့်သုံးခဲ့တာက များသူအနိုင်ယူ စနစ်ပဲဖြစ်တယ် ဆိုတဲ့အချက်တွေကို အခြေခံပြီး အချိုးကျကိုယ်စားပြုစနစ်ကို ပယ်ချခဲ့တယ်။

ဒါပေမယ့် ၂၀၀၄ ခုနှစ် အမျိုးသားညီလာခံပြန်ကျင်းပတော့ အရင်အဆိုတင်ခဲ့တဲ့ ကော်မတီ ဝင်ကပဲ အချိုးကျကိုယ်စားပြုစနစ်ကို ထပ်တင်တယ်။ အဲဒီအချိန်မှာ ကော်မရှင် ဥက္ကဋ္ဌက ဗိုလ်ချုပ် ကြီးသိန်းစိန်ဖြစ်နေပြီ။ ကော်မရှင်အဖွဲ့ဝင်အတော်များများကလည်း အသစ်တွေ၊ ဒီတော့ ဗိုလ်ချုပ်စောလွင် တာဝန်ယူချိန်က ဆွေးနွေးချက် မှတ်တမ်းတွေ၊ ပြန်ဖတ်၊ အသံဖိုင်တွေ ပြန်နားထောင် ကြတယ်။ နောက်ဆုံးမှာ မူလဆုံးဖြတ်ချက်အတိုင်းပဲ ထားဖို့ ဆုံးဖြတ်ခဲ့တယ်။ ( အဆိုတင် တဲ့ အဖွဲ့ဝင်ကတော့ ရှိပါသေးတယ်။ ဒါပေမယ့် ကျန်းမာရေးအခြေအနေအရ မေးလို့ မရနိုင်တော့ တဲ့ အတွက် နာမည်မဖော်ပြတော့ပါဘူး။ )

နယကခေါင်းဆောင်တွေ

ကျွန်တော့်စာအုပ် စာမျက်နှာ ၄၄ မှာ အမျိုးသားညီလာခံကျင်းပရေး ကော်မရှင်နဲ့ လုပ်ငန်းကော်မတီတွေရဲ့ လုပ်ဆောင်ချက် တွေ ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ အခြား ထိပ်တန်း ခေါင်းဆောင်တွေကို ရှင်းပြရတဲ့အကြောင်းရေးထားတယ်။ နောက်ဆက်တွဲ မှတ်စု ၂၆ မှာ ၂၀၀၄ ခုနှစ် နောက်ပိုင်းမှာ အဲဒီလို ရှင်းပြတဲ့အခါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နဲ့ အတူ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး သိန်းစိန် ၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး တို့ တက်ရောက်တယ်လို့ ရေးထားပါတယ်။

အဘ ဦးသောင်းညွန့်က အဲဒီအချက်မှန်ကန်ကြောင်းအတည်ပြုတဲ့အပြင် ဒုတိယဗိုလ်ချုပ်မှူး ကြီး မောင်အေး နဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်း တို့ကို ကြိုတင်ရှင်းပြရတဲ့အကြိမ်တွေလည်း ရှိ တဲ့ အကြောင်း၊ တစ်ခါတစ်ရံမှာတော့ အဲဒီ လူကြီးနှစ်ယောက်က သူတို့ သိချင်တဲ့အချက်တွေကို ခေါ် မေးတာလည်းရှိကြောင်း ဖြည့်စွက် ရှင်းပြခဲ့ပါတယ်။

ဆိုလိုတာကတော့ နဝတ/နယက အစိုးရလက်ထက် ထိပ်တန်းခေါင်းဆောင်ဖြစ်ခဲ့ရင် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေး နဲ့ပတ်သက်ရင် မသိဘူး၊ မပါခဲ့ဘူးလို့ ခေါင်းရှောင်လို့ မရဘူး ဆို တာ ပါပဲ။

ဦးတင်အေး နဲ့ ဦးလှသိန်း (၆)

မဲဆွယ်ကာလ

၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲ မှာ တိုက်ဆိုင်မှုတစ်ခုကတော့ ရွေးကောက်ပွဲကျင်းပ မယ့်ရက်က နိုဝင်ဘာ ၈ ရက် ထပ်တူဖြစ်နေတာပဲ။

၂၀၁၅ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၃ ရက်နေ့မှာ မဲဆွယ်ကာလဟာ စက်တင်ဘာ ၈ ရက် နံနက် ၆ နာရီကနေ နိုဝင်ဘာလ ၆ ရက် ည ၁၂ နာရီ အထိဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့တယ်။ ပုံ ၁

၂၀၂၀ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၆ ရက်နေ့မှာ မဲဆွယ် ကာလ ဟာ စက်တင်ဘာ ၈ ရက်နေ့ နံနက် ၆ နာရီကနေ နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီ အထိ ဖြစ် ကြောင်းကြေညာ ခဲ့တယ်။ ပုံ ၂

ရွေးကောက်ပွဲကော်မရှင်က မဲဆွယ်ကာလကို ရက်ပေါင်း ၆၀ သတ်မှတ်တယ်။ ရွေးကောက်ပွဲ မကျင်းပမီ တစ်ရက်အလိုမှာ မဲဆွယ်မှုတွေရပ်ဆိုင်းထားရမယ် လို့ သတ်မှတ်ထားတယ်။ ဒါက ၂၀၁၅ ခုနှစ် နဲ့၂၀၂၀ ပြည့်နှစ် အတူတူပဲ။ ၂၀၂၀ ပြည့်နှစ်မှာ ပိုလာတာက ကိုဗစ် ရောဂါ ကာကွယ် ထိန်းချုပ်ရေးနဲ့ပတ်သက်တဲ့ ညွှန်ကြားချက်တွေပဲ။

မဲဆွယ်ကာလ သတ်မှတ်ချက်နဲ့ပတ်သက်ပြီး ၂၀၁၅ ခုနှစ် နဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ကော်မရှင် နှစ်ခုရဲ့ ညွှန်ကြားချက်တွေက ဘာမှ အငြင်းပွားစရာမရှိဘူး။ ဒါပေမယ့် ၂၀၂၀ မှာ အာဏာရပါတီဖြစ်နေတဲ့ အင်န်အယ်လ်ဒီပါတီ ရဲ့ လုပ်ဆောင်ချက်ကတော့ အငြင်းပွားစရာဖြစ် လာခဲ့တယ်။

အင်န်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ လည်းဖြစ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီး တာဝန်ကိုလည်း ထမ်းဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၅ ရက် နေ့ ည ၇နာရီမှာ အင်န်အယ်လ်ဒီ ဥက္ကဋ္ဌရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြည်သူသို့ ပန်ကြား ချက် ဆိုပြီး မိန့်ခွန်းပြောခဲ့တယ်။

အဲဒီမိန့်ခွန်းထဲမှာ သူ့အနေနဲ့ ကော့မှူးမဲဆန္ဒနယ်ကို ဆိုင်းဘုတ်တင်ဖို့ သွားမယ်၊ လူထုအနေနဲ့ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ပတ်သက်တဲ့ စည်းကမ်းတွေကို လိုက်နာဖို့ပြောတယ်။ တစ်ဆက် တည်း မှာပဲ အင်န်အယ်လ်ဒီပါတီကို ထောက်ခံကြောင်းပြတဲ့အနေနဲ့ တစ်နိုင်ငံလုံး စက်တင်ဘာ ၈ ရက်နေ့ နံနက် ၈ နာရီမှာ အိမ်၊ ကား၊ ဆိုင်ကယ်၊ ဆိုက်ကားနဲ့ စက်ဘီး တွေမှာ ပါတီအလံတွေထောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ပုံ ၃ နဲ့ ၄ https://www.facebook.com/chairnld/videos/4326889274051609

ဒေါ်အောင်ဆန်းစုကြည် ရဲ့ တစ်နိုင်ငံလုံးမှာ အလံတွေထောင်ပြီး အင်န်အယ်လ်ဒီ ပါတီကို ထောက်ခံကြောင်း ပြသ ဖို့ တိုက်တွန်းချက်ဟာ တရားဝင်မဲဆွယ်ကာလဖြစ်တဲ့ စက်တင်ဘာ ၈ ရက်နေ့ရောက်မီ သုံးရက်အလိုမှာပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ရွေးကောက် ပွဲကော်မရှင်က မဲဆွယ်ကာလ သတ်မှတ်ချက်မထုတ်ပြန်မီ မှာ ပြောခဲ့တာလည်းဖြစ်ပါတယ်။

အခုလို တစ်နိုင်ငံလုံးမှာ အလံထောင်ဖို့ ကြိုတင်ပြောဆိုခဲ့တာဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်ကို ဖောက်ဖျက်ရာရောက်တယ်လို့ဝေဖန်မှု အများအပြားပေါ်ပေါက်ခဲ့ပါတယ်။ ပုံ ၅

ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ပြောဆိုသူတွေကတော့ သူ့ခရီးစဉ်မှာ လူစု လူဝေးမဖြစ်အောင် တိုက်တွန်းတဲ့ ပြောဆိုချက်သာဖြစ်တယ်၊ မဲဆွယ်တာမဟုတ်ဘူးလို့ ဆိုကြ တယ်။

ဒါပေမယ့် ဖခင်ဖြစ်သူကျဆုံးတဲ့ အာဇာနည်နေ့မှာတောင် တစ်နိုင်ငံလုံး နိုင်ငံ တော်အလံကို တိုင်တဝက်လွှင့်ထူဖို့ မေတ္တာရပ်ခံတာမျိုး မလုပ်ခဲ့တဲ့ဒေါ်အောင်ဆန်း စုကြည်က အခုမှ တစ်နိုင်ငံလုံးမှာ အင်န်အယ်လ်ဒီအလံထောင်ဖို့ ပြောတာဟာ မဲဆွယ်ရာမရောက်ပါဘူး လို့ ကာကွယ်ပြောဆိုတာကိုတော့ လက်ခံဖို့အတော်ခက်ပါတယ်။

ဒီအငြင်းပွားမှုကို အကောင်းဆုံးဖြေရှင်းဖို့နည်းလမ်းကတော့ နိုင်ငံရေးပါတီတွေအနေနဲ့ ပြည် ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို တရားဝင်တိုင်ကြားဖို့ပဲဖြစ်ပါတယ်။

အဲဒီတိုင်ကြားချက်ကို ရွေးကောက်ပွဲကော်မရှင်က ဘယ်လို တုန့်ပြန်သလဲဆိုတာက ၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမ ျှတမှုရှိ /မရှိ စောင့်ကြည့်လေ့လာနေသူ တွေ အတွက် သမိုင်းအထောက်အထားဖြစ်မှာပါပဲ။

ထို တစ်နေ့

၁၉ ၈၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့ စနေနေ့ က သာမန်နေ့တစ်နေ့အဖြစ်နဲ့ စတင်ခဲ့ ပေမယ့် နေဝင်ချိန်မှာတော့ အစိုးရဆန့်ကျင်ရေးနေ့အဖြစ်နဲ့ အဆုံးသတ်သွားခဲ့တယ်။

အဲဒီအချိန်က ကျွန်တော်က ဗဟိုထောက်လှမ်းရေးတပ် ( ရေကြည်အိုင်)မှာ ခြေလျင်တပ်က အရာရှိတွေအတွက် ဖွင့်လှစ်ထားတဲ့ လုံခြုံရေးဆိုင်ရာ သင်တန်းတစ်ခုတက်နေတဲ့အချိန်ဖြစ် ပါတယ်။ ခြေလျင်တပ်ရင်းက အရာရှိတွေအနေနဲ့ ရန်ကုန်မှာ သင်တန်းတက်ရတယ်ဆိုတဲ့ အခွင့်အရေးက ထီပေါက်သလိုပဲ။ ကျွန်တော်တို့လို မိဘ ရန်ကုန်မှာ ရှိတဲ့သူတွေဆိုရင် တော့ အတိုင်းအထက်အလွန်ပေါ့။

ကျွန်တော်တို့ သင်တန်းသားတွေက စနေ ၊ တနင်္ဂနွေ ဆိုရင် မင်္ဂလာဒုံ ၊တပ်မတော်ဂေါက်ကွင်း မှာ မနက် ငါးနာရီလောက်ကနေ နေ့လယ် ၁၂ နာရီ၊ တစ်နာရီ လောက်အထိ လုံခြုံရေးယူရတယ်။ အဓိက ကတော့ ဂေါက်လာရိုက်တဲ့ လမ်းစဉ်ပါတီနဲ့ တပ်မတော်အကြီးအကဲတွေ အတွက် အရပ် ဝတ်နဲ့ လုံခြုံရေးဆောင်ရွက်ပေးရတာပါ။ လုံခြုံရေးတာဝန်မကျတဲ့ သင်တန်းသားအရာရှိတွေ က တော့ မနက်ထဲက မြို့ထဲထွက်လည်ပတ်ပေါ့။ လုံခြုံရေးတာဝန်ကျသူတွေက တာဝန်ပြီးတဲ့ အချိန် ထွက်ပေါ့။

အဲဒီ စနေနေ့မှာ ကျွန်တော်က ဂေါက်ကွင်းလုံခြုံရေးတာဝန်ကျတဲ့အထဲမှာပါတယ်။ အဲဒီနေ့ မနက် မှာ ဘာထူးခြားမှုမှ မရှိဘူး။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးကျော်ထင် လည်းဂေါက် လာရိုက်တာမှတ်မိတယ်။ အရင် လာနေကျ ပါတီခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့ဝန်ကြီးတွေ ပုံမှန်လာရိုက် ကြတယ်။ ဒါပေမယ့် ၁၁ နာရီလောက်မှာ ဗိုလ်ချုပ်ကြီးကျော်ထင်နဲ့ ထိပ်ပိုင်း လူကြီး အတော်များများ ဥက္ကဋ္ဌကြီး ဦးနေဝင်းက အရေးပေါ်ခေါ်လို့ဆိုပြီး ထပြန်သွားကြတယ်။

ကျွန်တော်တို့အဖွဲ့တွေလည်း လူကြီးတွေပြန်ပြီဆိုတော့ လုံခြုံရေးရုပ်ပြီး ပြန်ပေါ့။ မြို့ထဲကို စော စောထွက်ရတော့မယ်ဆိုပြီးတော့တောင် ပျော်နေသေးတယ်။ ဒါပေမယ့် မနက် ၁၁ နာရီ ရေဒီယို သတင်းမှာ ၂၅ ကျပ်၊ ၃၅ ကျပ် နဲ့ ၇၅ ကျပ်တန်တွေကို တရားမဝင် ငွေစက္ကူအဖြစ် ကြေညာတဲ့သတင်းထွက်လာတယ်။

အဲဒီသတင်းက ကျောင်းတစ်ကျောင်းလုံး ရိုက်ခတ်သွားတယ်။ အဲဒီခေတ်က ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်ဆိုတာက လူအများသုံးတဲ့ငွေစက္ကူအမျိုးအစားတွေကိုး။ လစာထုတ်ထားတာကလည်း မကြာသေးဘူး။ ထောက်လှမ်းရေးတပ်က အရာရှိ၊ အရာခံ၊ အကြပ်တပ်သားတွေကြားမှာတော့ ဘာတွေဖြစ်နေလဲမသိဘူး။ ကျွန်တော်တို့အဆောင်မှာတော့ တိုးတိုးတိုးတိုးနဲ့ ဆဲရေး တိုင်းထွာ၊ မြည်တွန်တောက်တီးနေကြ၊ လက်ထဲရှိတဲ့ငွေထဲမှာ သုံးဖို့ ဘယ်လောက်ကျန်မလဲ တွက်ကြပေါ့။ ရပ်ကွက်တွေထဲမှာတော့ ပြောမနေနဲ့တော့။

ပိုဆိုးတာက တရားမဝင်ငွေစက္ကူမကြေညာခင် နှစ်ပတ်၊ သုံးပတ်လောက်မှာထင်တယ်။ ၇၅ ကျပ် တန်တွေ တရားမဝင်ကြေညာမယ်ဆိုတဲ့ ကောလာဟလ သတင်းဖြန့်လို့ဆိုပြီး လူသုံး၊လေးယောက် အရေးယူခံရတဲ့သတင်း အစိုးရ သတင်းစာတွေမှာဖော်ပြခဲ့တယ်။ ကျွန်တော်တို့ သင်တန်းသား တွေကိုတောင် ဆရာတွေက တပ်ပြင်လည်ပတ်နေတဲ့အချိန် ငွေစက္ကူတွေ တရားမဝင် ကြေညာ မယ်ဆိုတဲ့ ကောလာဟလ ဖြန့်နေတာတွေကို သတိပြုဖို့၊ ထူးခြားရင်သတင်းပို့ဖို့မှာထား တယ်။ ပါတီ ကောင်စီ က တာဝန်ရှိသူတွေကလည်း လူထုတွေကို ကောလာဟလတွေကို မယုံဖို့ လိုက်ရှင်းပြနေချိန်ဖြစ်တယ်။

တော်လှန်ရေးကောင်စီနဲ့ လမ်းစဉ်ပါတီအစိုးရလက်ထက်မှာ အရင်ကလည်း အစိုးရက ထုတ်ထားတဲ့ ငွေစက္ကူတွေကို ပဲ တရားမဝင်ငွေစက္ကူအဖြစ် ကြေညာခဲ့တာ နှစ်ကြိမ်ရှိတယ်။ ပထမ အကြိမ်က ၁၇ မေ ၁၉ ၆၄ မှာ တစ်ရာတန်နဲ့ ငါးဆယ်တန်ကို ကြေညာတာ၊ ဒုတိယ အကြိမ်က ၃ နိုဝင်ဘာ ၁၉ ၈၅ မှာ တစ်ရာတန်ကို ကြေညာတာ။ အဲဒီအချိန်တွေက လူတွေ လက်ထဲမှာ ရှိနေတဲ့ တရားမဝင်ငွေစက္ကူတွေကို သတ်မှတ်စည်းကမ်းတွေနဲ့အညီ နှုန်းထား တစ်ခု အထိ ပြန်လဲပေးခဲ့တယ်။ အခု တတိယအကြိမ်မှာတော့ လက်ထဲမှာရှိနေတဲ့ငွေတွေကို တစ်ပြား တစ်ချပ်မှ ပြန်လဲမပေးတော့ဘူး။

အဲဒီလုပ်ရပ်ဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ အစိုးရ နဲ့ ပါတီဥက္ကဋ္ဌ ဦးနေဝင်းအပေါ်မှာ လူထု ရဲ့ လက်ကျန် ယုံကြည်မှု၊ သံယောဇဉ် နဲ့ သည်းခံနိုင်မှုတွေကို လုံးဝကုန်ဆုံးသွားစေခဲ့တယ်။ အဲဒါ ရဲ့အကျိုးဆက် နောက်ဆက်တွဲဖြစ်ရပ်တွေက အားလုံးသိတဲ့အတိုင်းပဲပေါ့။

တော်လှန်ရေးကောင်စီ/ လမ်းစဉ်ပါတီရဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေကို ပြည်သူပိုင်သိမ်းတဲ့ မူဝါဒ နဲ့ ငွေစက္ကူ တွေကို တရားမဝင်ကြောင်း ကြေညာလေ့ရှိတဲ့ မူဝါဒက ဘယ်လောက်အထိ လူမုန်းများခဲ့သလဲဆိုရင် အမျိုးသားညီလာခံမှာတောင် ထည့်သွင်းဆွေးနွေးခဲ့ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆ ( ဃ) နဲ့ (င)မှာ နိုင်ငံတော်ဟာ စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံပိုင်မသိမ်းဘူး၊ တရားဝင်ထုတ်ဝေထားတဲ့ ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ် ခြင်းမပြုပါဘူးဆိုပြီး အာမခံချက်ထည့်သွင်းရတဲ့အထိ ဖြစ်ခဲ့တယ်။

အဲဒီအဖြစ်အပျက်တွေအပြီး နှစ်ပေါင်းသုံးဆယ်အကြာ ၂၀၁၇ ခုနှစ်မှာ ၁၉ ၈၇ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့မနက် ဂေါက်ကွင်းကနေ ဥက္ကဋ္ဌကြီးအိမ်ကို အရေးပေါ်ထပြေးခဲ့ရတဲ့ လမ်းစဉ်ပါတီ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင်ဟောင်း၊ အငြိမ်းစားဗိုလ်ချုပ်တစ်ယောက်ကို နှုတ်ပြောသမိုင်း မှတ်တမ်းတင်ခွင့်ရခဲ့တယ်။

ဒါနဲ့ အဲဒီနေ့က အဖြစ်အပျက်လေးကို ပြန်ပြောပြပါဆိုတော့ ဦးနေ၀င်းခေါ်တယ်ဆိုလို့ အေဒီလမ်း က သူ့ရုံးကို သွားရတယ်။ ဟိုရောက်တော့ ဦးနေ၀င်းက မှောင်ခို စီးပွားရေးသမားတွေ၊ နယ်စပ် ဒေသ လက်နက်ကိုင်အဖွဲ့အစည်းတွေလက်ထဲမှာ ငွေတွေအများကြီးရောက်နေတယ်။ ဒါတွေ နဲ့ စီးပွားရေးထိခိုက်အောင်လုပ်နေတယ်။ ဒါ့ကြောင့် ၂၅ ၊ ၃၅ နဲ့ ၇၅ ကျပ်တန်တွေကို တရားမ၀င် ငွေကြေးအဖြစ် အဖြစ်ကြေညာမယ်။ မင်းတို့ သဘောတူလားလို့ မေးတယ်။ ကန့်ကွက်တဲ့ သူ မရှိတော့ အသင့်ရိုက်ထားတဲ့ အမိန့်ကြော်ငြာစာမှာ နိုင်ငံတော်ကောင်စီအတွင်းရေးမှူး ဦးစိန် လွင် ကို လက်မှတ်ထိုးခိုင်းတယ်။ ပြန်ကြားရေးဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးကို အသံလွှင့်ရုံကို သွား၊ သတင်း ကြေညာ၊ ကျန်တဲ့သူတွေက သတင်းကြေညာပြီးတဲ့အထိ အခန်းထဲမှာ နေ လို့အမိန့်ပေးတယ်တဲ့။

ကျွန်တော်က ဗိုလ်ချုပ် အဲဒီအချိန်မှာ ကြေညာဖို့ သင့်/မသင့် ဆွေးနွေးတဲ့သူမရှိဘူးလားလို့ မေး တော့ ဟာ ဗိုလ်ချုပ် ( ဦးနေဝင်းကို ညွှန်းတာပါ) ကို ဘယ်သူက ပြန်ပြောရဲမှာလဲလို့ဖြေတယ်။

နောက်ဆုံးတော့ ခေါင်းဆောင်တစ်ယောက်ဟာ အရှိန်အဝါ ၊ သြဇာ၊ အာဏာ အလွန်ကြီးမား လာတဲ့အခါ ဖြစ်သင့်ဖြစ်ထိုက်တာကိုတောင် ပြန်လည်ဆွေးနွေးတင်ပြရဲတဲ့လူမရှိတော့ဘူူး။ ခေါင်းဆောင်လုပ်သူကလည်း အဲဒီအခြေအနေကို သတိမပြုမိဘူး၊ ဒါမှမဟုတ် သိပေမယ့် အဲဒါကို ပဲ သာယာနေတယ်ဆိုရင် အမှားကြီးမှားတတ်တယ်ဆိုတဲ့ သင်ခန်းစာပါပဲ။

ဒီအဖြစ်မျိုးက အရင်ကလည်း ဖြစ်ခဲ့ တယ်၊ အခုလည်း ဖြစ်နိုင်တယ်၊ နောင်လည်း ဖြစ်နိုင်ပါတယ်။ ဘယ်ခေတ်၊ ဘယ်စနစ် ရောက်ရောက် သတိထားရမယ့် အချက်ပါ။

ကိုဗစ် နဲ့ ဗယာကြော်

ဗယာကြော်ဆရာရဲ့ ဗန်းက ကိုဗစ်ကာလ သူ့စီးပွားရေးအခြေအနေကို ပြနေတယ်။ အရင်က ဗန်းအသေးလေးတွေထဲမှာ ဗယာကြော်၊ မတ်ပဲကြော်၊ စမူဆာ၊ ပြောင်းဖူးကော်ပြန့်လိပ် စသည် ဖြင့် ပြည့်နေတယ်။ ဘယ်အချိန်မှာ ရုံးဆင်းတယ်။ ဘယ်အချိန်မှာကျောင်းဆင်းတယ်ဆိုတာကို သိ တော့ ကြိုပြီးကြော်ထား၊ ဖြည့်ထားလို့ရတယ်။

ကိုဗစ်ဖြစ်တော့ ရုံးတွေပိတ်၊ ကျောင်းတွေပိတ်၊အရင်လို ဘယ်အချိန်ကြော်ထားရမလဲဆိုတာ တွက် လို့မရတော့ဘူး၊ ပြီးခဲ့တဲ့တစ်လ၊ နှစ်လလောက်ကတော့ ရုံးတွေပြန်ဖွင့်၊ လူတွေ အပြင်ပြန်ထွက် လာတော့ အခြေအနေလေး နည်းနည်းကောင်းလာတယ်။

ဟော အခုတစ်ခါ ပြန်ဖြစ်လာတော့ လမ်းပေါ်မှာလူတွေနည်းသွားတယ်။ ဒါ့ကြောင့် အများကြီး ကြော်ထားလို့မရတော့ဘူး။ ချိန်ပြီး လုပ်နေရတယ်။ တစ်ခါတစ်လေ ဈေးဝယ်ကို ခဏလေး စောင့်ဖို့ တောင်းပန်၊ ဘေးနားမှာရှိတဲ့အသုပ်ဆိုင်က ခုံလေး ဆွဲပြီးထိုင်ခိုင်းရတယ်။ ဒါပေမယ့် လူတွေက ဗယာကြော် ဆိုရင် မစောင့်ချင်ဘူး။ တစ်သက်လုံး ဗန်းထဲကနေ ချက်ခြင်းထည့် ပေးတာနဲ့ ကြုံခဲ့တာကိုး။ သူတို့အပြစ်လည်းမဟုတ်ဘူး။ ဝယ်သူ အလိုလိုက်ရမှာပဲ။

ရောင်းကောင်းလားဆိုရင် ကိုဗစ် မဖြစ်ခင်ကဆိုရင် တစ်နေ့ သုံးလေးသောင်းဖိုးရောင်းရတယ်။ သုံးပုံတစ်ပုံလောက် အမြတ် ကျန် တာပေါ့။ အခုတော့ တစ်နေကုန်တစ်သောင်းဖိုးရအောင် မနည်းရောင်းရတယ်။ ဒါတောင် မိုးမရွာမှ၊ မိုးရွာတဲ့နေ့ဆိုရင် အရင်းပြုတ်မှာတောင် ကြောက်ရတယ်။

တစ်ချို့က လမ်းဘေးဈေးသည်ဘာအရင်းအနှီးမှမလိုဘူး၊ အလုပ်မရှုပ်ဘူးလို့ထင်တယ်။ ဘယ်ဟုတ်မလဲ။ လမ်းဘေး ဈေးသည်လည်း သူ့ဒုက္ခနဲ့ သူပဲ။ လမ်းဘေး ဈေးသည် ဆိုတာ အဝေးက လာရောင်းရတာ၊ ဈေးအသက်သာဆုံးနေရာမှာနေပြီး ရောင်းကောင်းမယ့်နေရာကို လာ ရောင်းရတာ။ အထမ်းတွေ၊ ခုံတွေအပ်ထားဖို့၊ ရေရဖို့၊ တစ်နေကုန်နေရတော့ အပေါ့အပါး သွားဖို့ စီစဉ်ရတာတွေအများကြီးပဲ၊ ငွေပေးရတာရှိတယ်၊ ခင်မင်မှုနဲ့လုပ်ရတာရှိတယ်။

လမ်းဘေးရောင်းလို့ စည်ပင်တစ်ခုထဲကို ကြောက်ရတာမဟုတ်ဘူး။ ကိုယ်ရောင်းနေတဲ့ အနားက အိမ်တွေ၊အခန်းတွေနဲ့လည်း အဆင်ပြေအောင်နေရတယ်။ ကူညီပေးရတယ်။ ကားရပ်တဲ့သူတွေ နဲ့လည်း အဆင်ပြေရတယ်။ ရဲတွေ၊ လမ်းမှူးတွေကိုလည်း မေ့ထားလို့မရဘူး။ ငွေပေးရတယ် လို့ ပြောတာမဟုတ်ဘူး။ သူတို့လိုအပ်လို့ဖယ်ခိုင်းရင် ၊ ရှောင်ခိုင်းရင် ဖယ်ပေးလိုက်ပေါ့။ လမ်း ဘေးဈေးသည်ဆိုတာ အောက်ခြေအကျဆုံးထဲမှာပါတယ်။ အားလုံးနဲ့ အဆင်ပြေအောင် နေရတယ်။ လမ်းဘေးဈေးသည်တွေ အုပ်စု ဖွဲ့ပြီး ရန်မူတယ်ဆိုတာ အလွန်ဖြစ်ခဲပါတယ်။ အဲဒီလိုဖြစ်ရင်လည်း အဲဒီတစ်ဝိုက်မှာ လုပ်စားလို့ မရတော့ဘူးပေါ့။

ကျွန်တော် မစောင့်နိုင်လို့ ထပြန်သွားမှာကို စိုးရိမ်ပုံရတဲ့ ဗယာကြော်ဆရာဟာ ဈေးကွက်အခြေ အနေနဲ့ လမ်းဘေးဈေးသည်ဘဝကို သေသေချာချာရှင်းပြနေတယ်။ပါးစပ်က မနားသလို လက်က လည်း ကုလားပဲနှစ်တွေကို အလုံးလေးတွေလုပ်ပြီး ဆီပူ ထဲထည့်လိုက်၊ ကျက်သွားတဲ့ ဗယာကြော် တွေကို ဆယ်လိုက်နဲ့ အလုပ်ရှုပ်နေတယ်။ တစ်ချက် တစ်ချက် ယပ်တောင် ယပ်ပြီး မီးအား ကောင်းအောင်လုပ်ရသေးတယ်။

သူ့မီးသွေးမီးဖို လေးက သေးသေးလေးပဲ။ ဒါပေမယ့် အကြော်ဆရာတင်မဟုတ်ဘူး ၊ ကျွန်တော်ပါ ပူလောင်နေတယ်။

ဦးတင်အေး နဲ့ ဦးလှသိန်း (၅)

ရွေးကောက်ပွဲနေ့

ကိုဗစ် ဒုတိယလှိုင်းခြိမ်းခြောက်မှုပေါ်လာတော့ ရွေးကောက်ပွဲရက်ကို ရွှေ့ဆိုင်းဖို့ သင့်/မသင့် ဆိုတဲ့ ဆွေးနွေးမှုတွေပေါ်လာတယ်။

ဒီနေရာမှာ ပထမဆုံး သတိပြုရမယ့်အချက်က ရွေးကောက်ပွဲကျင်းပရမယ့် နေ့ရက်ကို မြန်မာနိုင်ငံ ဖွဲ့စည်း ပုံ အခြေခံဥပဒေမှာ တိတိကျကျ သတ်မှတ်ထားခြင်းမရှိဘူး။ အခန်း (၉ ) “ ရွေးကောက် တင်မြှောက်ခြင်း” ပုဒ်မ ၃၉ ၉ မှာ ရွေး ကောက်ပွဲကျင်းပတာ၊ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ မဲဆန္ဒနယ်တွေကို သတ်မှတ်တာ စတဲ့လုပ်ငန်းတာဝန်အားလုံးကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ တာဝန်အဖြစ်သတ်မှတ်ပေးထားတယ်။ ပုဒ်မ ၄၀၂ မှာတော့ ရွေးကောက်တင် မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများနဲ့ပတ်သက်ရင် ကော်မရှင်ရဲ့ ဆုံးဖြတ် ချက်နဲ့ ဆောင်ရွက်ချက်တွေက အတည်ဖြစ်တယ်လို့ ပြဋ္ဌာန်းထားတယ်။

ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၄ မှာတော့ ရွေးကောက်ပွဲများကို ဖြစ်နိုင် သရွေ့ တစ်နေ့တည်းတွင် တစ်ပြိုင်နက်ကျင်းပရမည်၊ ဖြစ်နိုင်သရွေ့ အများပြည်သူများ၏ အလုပ်ပိတ် ရက် တွင် ကျင်းပရမည်။ ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်ကို ကြိုတင်၍ သတ်မှတ်ကြေညာ ရမည်။ လို့ပဲပါတယ်။ ( အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ရွေးကောက် ပွဲဥပဒေတွေမှာလည်း အလားတူပါပဲ။ )

ဒါ့ကြောင့် ရွေးကောက်ပွဲကျင်းပမယ့်ရက်သတ်မှတ်ခြင်းဟာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်သက်သက်ပဲဖြစ်တယ်ဆိုတာထင်ရှားပါတယ်။

နိုဝင်ဘာရွေးကောက်ပွဲ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပခဲ့တဲ့ ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲနဲ့ မကြာခင်ကျင်းပ မယ့် ၂၀၂၀ ရွေးကောက်ပွဲတွေအားလုံးဟာ နိုဝင်ဘာလ အတွင်းမှာ ကျင်းပခဲ့တာကိုတွေ့ရတယ်။

၂၀၁၀ ရွေးကောက်ပွဲက နိုဝင်ဘာ ၇ ရက် ( တနင်္ဂနွေနေ့)

၂၀၁၅ ရွေးကောက်ပွဲက နိုဝင်ဘာ ၈ ရက် ( တနင်္ဂနွေနေ့)

၂၀၂၀ ရွေးကောက်ပွဲ ( လျာထားချက်) နိုဝင်ဘာ ၈ ရက် ( တနင်္ဂနွေနေ့)

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရွေးကောက်ပွဲကျင်းပမယ့်ရက် ကို တိတိကျကျ သတ်မှတ်ထားတာ မရှိ ပေမယ့် ၂၀၁၀ ရွေးကောက်ပွဲကို နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ အတွက် အစဉ်အလာအတိုင်း နိုဝင် ဘာလ မှဆက်ပြီးကျင်းပနေခဲ့တာပဲဖြစ်ပါတယ်။ တပ်မတော်အစိုးရက နိုဝင်ဘာ လ မှာ ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာကတော့ အဲဒီအချိန်က ရှိနေတဲ့ နိုင်ငံရေးအခြေအနေတွေ၊ အစိုးရအသစ်၊အဟောင်း လွှဲပြောင်းမယ့် အချိန်ဇယားစတာတွေ ကြောင့်ဖြစ်မှာပါ။ ရိုး ရာ အစဉ် အလာယုံကြည်မှုအရ ရက်ကောင်းရွေးတာတွေလည်းပါနိုင်တာပေါ့။

လွှတ်တော်သက်တမ်း

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရွေးကောက်ပွဲကျင်းပရမယ့် ရက်ကို တိတိကျကျ ပြဋ္ဌာန်းထားခြင်း မရှိ ပေမယ့် လွှတ်တော်သက်တမ်းကိုတော့ တိတိကျကျ သတ်မှတ်ထားတယ်။ ပုဒ်မ ၁၁၉ မှာ ပြည် သူ့လွှတ်တော်၏ သက်တမ်းသည် ယင်းလွှတ်တော်၏ ပထမအကြိမ် အစည်းအဝေး စတင် ကျင်း ပသည့် နေ့ရက်မှ စ၍ ငါးနှစ်ဖြစ်သည်။ လို့ ပြဋ္ဌာန်းထားတယ်။ ပုဒ်မ ၁၅၁ မှာတော့ အမျိုးသား လွှတ်တော်၏ သက်တမ်းသည် ပြည်သူ့လွှတ်တော်သက်တမ်းနှင့် အညီဖြစ်သည်။ လို့ ပြဋ္ဌာန်း ထားတယ်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် ( ၂၀၁၁-၂၀၁၆) ပထမအကြိမ်အစည်းအဝေးကို ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ စတင်ကျင်းပတဲ့အတွက် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ သက်တမ်းကုန်တယ်။

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ( ၂၀၁၆-၂၀၂၁) ပထမအကြိမ်အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်ကျင်းပတဲ့အတွက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နေ့မှာ သက်တမ်းကုန်မယ်။

လွှတ်တော်သက်တမ်းကို တိုးလို့ရမလားလို့မေးရင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်း ပြဋ္ဌာန်းထားတာဖြစ်တဲ့အတွက် အခြေခံဥပဒေကို မပြင်ဘဲနဲ့ သက်တမ်းတိုးလို့မရဘူး။

သုံးသပ်ချက်

၁။ ရွေးကောက်ပွဲကျင်းပမယ့်ရက် သတ်မှတ်ခြင်းဟာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ဖြစ်တယ်။ သူ့ဆုံးဖြတ်ချက်က အတည်ပဲ။

၂။ ဒါပေမယ့် ရွေးကောက်ပွဲနေ့ဟာ လွှတ်တော်သက်တမ်းကုန်ဆုံးမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လ ၁ ရက်နေ့ မတိုင်မီဖြစ်ရမယ်။

၃။ အဲဒီရက်ထက် ပိုပြီးရွှေ့ဆိုင်းမယ်ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မှရမယ်။

ဒီဆောင်းပါးက ရွေးကောက်ပွဲ ရက်ရွှေ့သင့်/မသင့်ဆွေးနွေးတာမဟုတ်ပါဘူး။ ရွေးကောက်ပွဲ ရက် သတ်မှတ်ခြင်းနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ လေ့လာတွေ့ရှိမှု ကို တင်ပြထားတာသာဖြစ်ပါတယ်။

တံတားအောက်မှာ

မောင်ကိုဗစ်ကလည်းပြန်လာ၊ ရာသီဥတုလဲ မိုးလေးတစိမ့်စိမ့်နဲ့ ဆိုတော့ အိမ်မှာပဲ နေဖြစ် တယ်။ ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့ အိမ်ကလူတွေကလည်း အကြောင်းအမျိုးမျိုးနဲ့ အပြင် ထွက်နေကြတယ်။ ကိုယ်နေတဲ့အိမ်ယာကလူတွေလည်း မဖြစ်မနေ ကိစ္စတွေနဲ့ သွားလာနေရ တာပဲ။ သူတို့ ကူးလာရင် ၊ ဒါမှမဟုတ် ရောဂါကူးစက်တဲ့နေရာတစ်ခုကို ရောက်ခဲ့တယ်ဆိုရင် ကိုယ်လည်း နေထိုင်သွားလာမှုကန့်သတ်ခံရမှာပဲ၊ ဒီတော့ လိုက်နာသင့်တဲ့ စည်းကမ်းတွေကို လိုက်နာ၊ ကိုယ်လုပ်စရာရှိတာကို လုပ်၊ ဖြစ်ရင်လည်း ရင်ဆိုင်တာအကောင်းဆုံးလို့ပဲ ဆုံးဖြတ် လိုက်တယ်။

ပထမဆုံး ဂျန်းရှင်းစီတီးကိုသွားတယ်။ ကော်ဖီဆိုင်မှာထိုင်တယ်။ ကော်ဖီဈေးက ကြီးလှတယ်။ ဒါပေမယ့် သီးသန့်ဖြစ်ခြင်းကို ငွေနဲ့ပေးဝယ်ရတယ်လို့ပဲ သဘောထားလိုက်တယ်။ လုပ်ငန်း သဘောအရ အေးအေးဆေးဆေးစကားပြောဖို့လိုအပ်တဲ့အချိန်ကလွဲရင် ဒီလို ဆိုင်တွေမှာ မထိုင် ချင်ဘူး။ ကျွန်တော်ရောက်တော့ ကိုးနာရီစွန်းစွန်းလေးပဲရှိသေးတော့ ကော်ဖီစက်တွေတောင် မလည်ပတ်နိုင်သေးဘူး။ စောင့်ရသေးတယ်။ ကော်ဖီလာချပေးတဲ့ ဝန်ထမ်းလေးကို အခြေအနေ ဘယ်လိုလဲလို့မေးတော့ “ ပုံမှန်ပြန်ဖြစ်ခါနီးမှ ဦးလေးရယ်” လို့ လေးလေးတွဲ့တွဲ့ပြောတယ်။ သူ့ စကားတိုတိုလေးက ကျယ်ပြန့်လွန်းလှတယ်။ မိတ်ဆွေဖြစ်သူရောက်လာတော့ သူကလည်း လက်ဖက်ရည်သမား၊ ကော်ဖီဆိုင်နဲ့ အဆင်မပြေဘူး။ ဒါ့ကြောင့် လိုရင်း တိုရှင်းနဲ့ပဲ လမ်းခွဲလိုက်ကြတယ်။

ဂျန်းရှင်းကနေ ပန်းဆိုးတန်း ကုန်းတံတားအောက်ကို သွားတယ်။ အဲဒီမှာ ခြေသည်း ၊ လက်သည်း ဆရာဇနီးမောင်နှံ ရှိတယ်။ ကိုမောင်စိုးနဲ့မလှဝင်းတဲ့။ သူတို့အကြောင်းစာတစ်ပုဒ်ရေးဖူးတယ်။ ပြီးခဲ့တဲ့လက သူတို့ဆီမှာ ကိုယ်ပိုင်ခြေသည်း၊လက်သည်းလှီးဓားတစ်ချောင်းအပ်ပြီး အဆင်ပြေ တဲ့ အချိန်လာရွေးမယ်လို့မှာခဲ့တယ်။ပြောထားတဲ့အတိုင်းပဲ တစ်လနီးပါးကြာမှ ရွေးဖြစ်တော့ တယ်။

တံတားအောက်က သူတို့အလုပ်လုပ်နေကြနေရာလေးမှာ ကိုမောင်စိုးတစ်ယောက်ပဲတွေ့ တယ်။ ကျွန်တော့်ကိုမြင်တော့ ဓားလုပ်ပြီးပြီတဲ့။ ဒါပေမယ့် မသွေးရသေးဘူး။ ကျွန်တော့်ကို ပြပြီးမှ သွေး မယ်၊ မဟုတ်ရင် အဟောင်းရောင်းတယ်ဆိုပြီးဖြစ်မှာ စိုးရိမ်လို့တဲ့။ လမ်းဘေးမှာ အလုပ်လုပ်တယ် ဆိုပေမယ့် စားသုံးသူယုံကြည်မှုရအောင် အလေးထားအလုပ်လုပ်တာကတော့ လေးစားဖို့ ကောင်းတယ်။

ကျွန်တော့်ကို အကြမ်းလုပ်ထားတဲ့ ဓား ပြ တယ်။ သံဖြတ်လွှကို သွေးထားတဲ့ ဓားတစ်ဖက်က အသွားကော့ကော့၊ ဒါက ခြေလည်း ၊ လက် သည်း လှီးဖို့၊ တစ်ဖက်မှာက ဝက်အူလှည့်လို အပြားသေးသေးလေး။ ဒါက ခြေစွယ်ငုတ်ရင် ထုတ် ဖို့တဲ့။ ကျွန်တော်ကို ဟိုနားသည်နား သွားလိုက်ဦး၊ နာရီဝက်လောက်ဆိုရင် ဓားအသင့်ဖြစ်ပြီ လို့ ပြောတယ်။

ပန်းဆိုးတန်းလမ်းအတိုင်းလေ ျှာက်တယ်။ စာအုပ်ဆိုင်တွေ ဝင်ကြည့်တယ်။ ကိုယ်ရေးတဲ့စာကို ပုံနှိပ်စာလုံးအဖြစ်နဲ့မြင်ရတဲ့ခံစားချက်၊ စာအုပ်ဆိုင်တွေမှာတင်ထားတာမြင်ရတဲ့ခံစားချက်က စာရေးသူတွေသာသိနိုင်တဲ့ ခံစားချက်ပဲ။ အနော်ရထာ လမ်းပေါ်ရောက်တော့ ဆူးလေဘက် ကို ဆက်လေ ျှာက်တယ်။ နေအတော်ပူလာတယ်။ ဒီလိုအချိန်ကျတော့ မိုး ကို တမ်းတမိပြန်ရော၊ မိုးရိပ်လေးနဲ့သာ ရန်ကုန်လမ်းတွေပေါ်လေ ျှာက်ရရင် အတော်ကောင်းမယ်။

လမ်းတွေပေါ်မှာ၊ ပလက်ဖောင်းတွေပေါ်မှာ မသွားမဖြစ်သွားလာနေရတဲ့သူတွေ၊ သွားချင်လို့ သွား နေတဲ့သူတွေ ရှိနေဆဲပဲ။ ဆူးလေကုန်းကျော်တံတားပေါ်မှာ ဓာတ်ပုံရိုက်တဲ့သူတွေလည်း ရှိနေတာ ပဲ။ ကျွန်တော်ရှာနေတဲ့သူက ဆူးလေတာဝါ ၁ ဘေးမှာ ရှိတယ်။ ကိုမြင့်ဦးတဲ့။ ဖုန်းစတစ်ကာတွေ ကပ်ပေးတဲ့သူပေါ့။ သူ့အကြောင်းလည်း ပို့စ်ရေးဖူးတယ်။

ကျွန်တော်ဖုန်းက ဗီယက်နမ်လုပ် ဖုန်းဆိုတော့ ဖုန်းဆိုင်တွေမှာ ရယ်ဒီမိတ်ရှာလို့မရဘူး။ ကိုမြင့် ဦး နဲ့မှ အဆင်ပြေတယ်။ Mask တပ်ထားတဲ့ကျွန်တော့်ကို သူမမှတ်မိဘူး။ ဒါပေမယ့် ဖုန်းပေးလိုက် တော့ ဖုန်းနောက်ကြောက B ဆိုတဲ့ စကားလုံးကို မြင်တာနဲ့ မှတ်မိသွားတယ်။ ကျွန်တော်တင်တဲ့ သူ့ပုံတွေတွေ့တဲ့အကြောင်းပြောတယ်။ ကျွန်တော်လက်ဆော့လို့ ကွာသွားတဲ့မှန်အကာ ထပ်ကပ် ပေးတယ်။ ကျွန်တော်က အားကစားလုပ်ရင်း ပြတ်သွားတဲ့ နာရီလက်ပတ်ကြိုး ကွင်း လေးကို ပြန်ထည့်ချင်တယ်၊ ဘယ်ဆိုင်မှာရမလဲလို့မေးတော့ သူ့မှာ ရှိ၊မရှိရှာကြည့် ဦးမယ်လို့ ပြောတယ်။

ဟိုတစ်ချိန်ကတော့ နာရီမှန်ကပ်၊ ကြိုးလဲ၊ မီးခြစ်ပြင်လည်း လုပ်ခဲ့တာဆိုတော့ ပစ္စည်းအတို အစ တွေရှိပုံရတယ်။ မှန်ကပ်ပြီးတော့ သူ့အိတ်ထဲက ဘူးလေးတစ်ခုထုတ်တယ်။ ဖွင့် လိုက် တော့ အထဲမှာ မီးခြစ်ဘီးလုံးလေးတွေ၊ အတိုအစတွေ၊ လက်ပတ်နာရီကြိုးအဟောင်းတွေ၊ ကွင်းတွေ ထွက်လာတယ်။ ကျွန်တော့်နာရီနဲ့ကိုက်မယ့် ကွင်းတစ်ခုကို ရှာပြီးတပ်ပေးလိုက်တယ်။

ကိုမြင့်ဦးနဲ့ ခဏထိုင်စကားပြောတယ်။ သူ့ဗန်းထဲမှာလည်း ရွေးကောက်ပွဲနီးလာတော့ ပါတီ အလံ နဲ့ တံဆိပ်စတစ်ကာတွေ တွေ့တယ်။ ဒါပေမယ့် အားလုံးက အင်န်အယ်လ်ဒီအလံနဲ့ ဒေါ်အောင် ဆန်းစုကြည်ပုံတွေပဲ။ တစ်ခြားပါတီတွေရော မတင်ဘူးလားဆိုတော့ ဝယ်မယ့်သူမရှိဘူးတဲ့။ ကို မြင့်ဦးရဲ့ ဈေးကွက်စစ်တမ်းက စိတ်ဝင်စားဖို့ကောင်းသားပဲ။ ကိုမြင့်ဦးက တစ်ရက်လောက် အေး အေးဆေးဆေး ဆိုင်မှာ လာထိုင်ဖို့ဖိတ်ခေါ်တယ်။ လက်ဖက်ရည်ဝယ်တိုက်မယ်တဲ့။ ဆူလေး လမ်း ဆုံမှာ နှစ်ပေါင်းများစွာအလုပ်လုပ်လာတဲ့သူ့ဆီက ကြားရမယ့် ပုံပြင်တွေကို စိတ်ဝင်စား မိ တယ်။

ကိုမြင့်ဦးဆီကနေ ကုန်းတံတားပေါ်ပြန်တက်၊ ရုပ်ရှင်ရုံတွေဘက်ကို ပြန်သွားတယ်။ ရှေ့ ဆောင်၊ နေပြည်တော် အားလုံးအိပ်ပျော်နေကြတယ်။ ရှေ့ဆောင်ရုံအောက်က လှေကားထစ်တွေပေါ်မှာ အမျိုးသမီးတစ်ယောက်အိပ်ပျော်နေတယ်။ သူ့ဘေးက ဘာဂျာတံခါးနားမှာ အထုတ်တစ်ထုပ်၊ ဖိနပ်တစ်ရံနဲ့ ရေသန့်ဘူးတစ်ဘူးရှိတယ်။ ဗိုလ်ချုပ်လမ်းအတိုင်းဆက်လေ ျှာက်တယ်။ ဝဇီရာ၊ သွင်ရုံ သရဲခြောက်မှာ စိုးရိမ်ရတယ်။ သွင်ရုံအောက်က တစ်ခုတည်းသောလှုပ်ရှားမှုကတော့ ပေါင် ချိန်စက်တစ်လုံးနဲ့ထိုင်နေတဲ့သူပဲ။ ငယ်စဉ်ကတော့ ရုပ်ရှင်ကားကောင်းရင် တန်းစီတိုးရတယ်။ စောသေးရင် ကာတွန်းစာအုပ်ငှားဖတ်၊ ရေခဲရေဝယ်သောက်၊ လက်မှတ်ရုံဖွင့် ပြီဆိုတာနဲ့ ဟေး ဟေး အော်ပြီးတိုး၊ ရဲက သံဘောင်ပေါ်မှာထိုင်ပြီး ကြားဖြတ်ဝင်သူတွေကို ခါးပတ်နဲ့ ရိုက်၊ လက်မှတ်တိုးရတာကိုက ဖျော်ဖြေရေးတစ်ခုပဲ။

ကုန်းတံတားအောက်ပြန်ရောက်တော့ ဓားသွေးတဲ့အလုပ်က ပြီးတော့မယ်။ မလှဝင်း ကလည်း လက်ဖက်ရည်ခွက်လေးနှစ်ခွက်နဲ့ ရောက်နေပြီ။ သူ့ခင်ပွန်းဖြစ်သူကို လက်ဖက်ရည်သောက် လိုက်ဦးတယ်။ ကိုမောင်စိုးကလည်း လက်စသတ်လိုက်ဦးမယ်၊ မင်းသောက်နှင့်တဲ့။ ဟိုကလည်း အတူတူသောက်တာပေါ့တဲ့။

သွေးပြီးသွားတဲ့ဓားကို အရက်ပြန်စွတ်ထားတဲ့ ဂွမ်းနဲ့ပွတ်တယ်။ ပြီးတော့ အသွားနှစ်ဘက် ကို ချန် ထားပြီး တိတ်နဲ့ပတ်တယ်။ နောက်မီးရထားလက်မှတ်လေး နှစ်ခုကို ခေါက်ချိုးချိုးပြီး တိတ်နဲ့ ပတ်တယ်။ အဲဒါက ဓားသွားထည့်ဖို့၊ ပြီးတော့ ဓားသွားနှစ်ဘက်မှစွပ်တယ်။ လက်ထဲမှာ လှည့် ပတ်ကြည့်တယ်။ စိတ်တိုင်းကျပြီဆိုတော့ ဇစ်တပ်ပလတ်စတစ်အိတ်လေးထဲမှာထည့်ပြီး ပေး တယ်။ ပ လတ်စတစ်အိတ်ထဲက ဓားလေးက “ သင့်အတွက် အကောင်းဆုံးလုပ်ပေးထားပါတယ်” လို့ ပြောနေသလိုပဲ။

စိတ်တိုင်းကျသွားတဲ့ ကိုမောင်စိုးက သူ့ပစ္စည်းတွေကို သိမ်းတယ်။ မတ်တပ်ရပ်ပြီး အညောင်း ဆန့်တယ်။ ထိုင်ခုံမှာထိုင်နေတဲ့ မလှဝင်းနားကို သွားတယ်။ မလှဝင်းက လက်ဖက်ရည်ခွက် လေး ကို ကမ်းပေးလိုက်တယ်။ ဝယ်ထားတာကြာပြီဆိုပေမယ့် လက်ဖက်ရည်ဟာ ချစ်ခြင်း တွေနဲ့ နွေး ထွေးနေတယ်။ အဆင်မပြေမှုတွေ ၊ လူတွေ၊ ကားတွေ၊ မြို့ပြအသံတွေ ဘာမှမရှိတော့ ဘူး ၊ တံတားအောက်မှာ နှစ်ယောက် တစ်ကမ္ဘာ။

ပုဒ်မ ၁၂ နဲ့ ကားစီးခြင်း

သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် တို့ ရွေးကောက်ပွဲဆိုင်ရာ ပါတီလုပ်ငန်းတွေလုပ်ဆောင် တဲ့ အခါ နိုင်ငံတော်ပိုင်ယာဉ်တွေနဲ့ သွားခွင့်မရှိဘူး။ နိုင်ငံရေးပါတီတွေဟာ နိုင်ငံတော်ပိုင် ယာဉ်၊ ပစ္စည်းတွေကို မသုံးရဘူး။ ဒီကား တွေက နိုင်ငံတော်ပိုင်ကားတွေဖြစ်တဲ့အတွက် ဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ ဝေဖန်နေတာတွေ တွေ့ရတယ်။ တစ်ချို့ကလည်း သြဂုတ်လ ၂၃ ရက်နေ့ အင်န်အယ်လ်ဒီခေါင်းဆောင်တွေနဲ့ အင်န်အယ်လ်ဒီပါတီ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေ တွေ့ဆုံတဲ့အခမ်းအနားကို နိုင်ငံတော်ပိုင်ကားတွေနဲ့ လာကြတယ်။ ဒါဟာ ဥပဒေ ကို ချိုးဖောက်ရာရောက်တယ်လို့ ဆိုကြတယ်။

တကယ်တော့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ (က) (၅) မှာ ပါတီ တစ်ခုဟာ နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ် ၊ ပစ္စည်း တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ ရယူသုံးစွဲခြင်းမပြုဖို့တားမြစ်ထားတယ်။

ဒါပေမယ့် အဲဒီ ပုဒ်မအောက်မှာပဲ ခြွင်းချက် အနေနဲ့ ပါတီဝင်တစ်ယောက်ယောက်ကို ဥပဒေအရ ဖြစ်စေ တာဝန်အရဖြစ်စေ နိုင်ငံတော် က ပေးအပ်ထားတဲ့ / ချီးမြှင့်ထားတဲ့၊ ဒါမှမဟုတ် နိုင်ငံတော် ကို အခကြေးငွေပေးပြီး ငှားရမ်းသုံးစွဲထားတဲ့ ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတွေကို တော့ သုံးစွဲခွင့်ရှိတယ်လို့သတ်မှတ်ထားတယ်။ ( ပူးတွဲပါ ဓာတ်ပုံ)

ဒါ့ကြောင့် ရွေးကောက်ပွဲဝင်မယ့် သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဝန်ကြီး၊ ဒုဝန်ကြီးတွေက ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ပါတီ စည်းရုံး ရေး လုပ်ငန်း၊ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေလုပ်ဖို့ သွားလာတဲ့အခါ နိုင်ငံတော် ပိုင် ယာဉ်တွေကို အသုံးပြုလို့ရတယ်လို့ပဲနားလည်မိတယ်။

ဒါပေမယ့် သုံးစွဲခွင့်မရှိတဲ့ ပါတီဝင်တွေက နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ် ၊ ပစ္စည်းတွေကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် သုံးစွဲရင်တော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ ကို ချိုးဖောက်ရာရောက် တဲ့ အတွက် သက်ဆိုင်ရာပါတီဟာ အရေးယူခံမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေအနေနဲ့ မဲဆွယ်စည်းရုံးမှုတွေကို စောင့်ကြည့်တဲ့အခါ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ ပါအချက်တွေကို လိုက်နာမှုရှိမရှိကိုလည်း စောင့် ကြည့်သင့်တယ်လို့ထင်ပါတယ်။

ဦးတင်အေး နဲ့ ဦးလှသိန်း (၄)

ကိုဗစ် နဲ့ ရွေးကောက်ပွဲ

၂၀၁၅ ရွေးကောက်ပွဲနဲ့ မတူတာက ၂၀၂၀ ရွေးကောက်ပွဲ ဟာ ကိုဗစ် ၁၉ ရောဂါ ကူးစက် နိုင်မှု အန္တရာယ်အောက်ကနေ ကျင်းပရတာပဲ။ ဒါ့ကြောင့် ဦးလှသိန်းခေါင်းဆောင်တဲ့ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်ကလည်း နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီရုံးခန်းဖွင့်တာ၊ ဆိုင်းဘုတ် တင်တာ၊ ပါတီညီလာခံကျင်းပတာ၊ သင်တန်းလုပ်တာ၊ ဆွေးနွေးပွဲကျင်းပတာ၊ ရွေးကောက်ပွဲ ဆိုင်ရာ စုဝေးဟောပြောတာ မဲဆွယ်စည်းရုံးတာတွေနဲ့ပတ်သက်ပြီး ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန က ထုတ်ပြန်ထားတဲ့ ကိုဗစ် ၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက် တွေနဲ့အညီကြီးကြပ်ဖို့ဆိုပြီး ကော်မရှင်အဆင့်ဆင့်ကို ညွှန်ကြားထားရတယ် ။ ပုံ (၁)

ကော်မရှင်အဆင့်ဆင့်ကလည်း အဲဒီအတိုင်းပဲ ကြီးကြပ်ပါတယ်။ လူထုနဲ့တွေ့မယ်၊ ဆိုင်းဘုတ် တင်မယ်ဆိုရင် ခွင့်ပြုတာလည်း ရှိတယ်။ ခွင့်မပြုတာလည်းရှိတယ်။ လုပ်ပြီးမှ သတိပေးတာ လည်း ရှိတယ်။ တစ်ခါတစ်လေကျတော့လည်း အမိန့်တွေက အရောင်ပေါ်မူတည်ပြီး ကွဲပြားသလိုဖြစ်နေ တော့ ကိုဗစ်ရောဂါပိုးက ဘယ်အရောင်ဆိုရင် မကူးဘူးလား၊ ဘယ်အရောင်မှ ကူးတာလဲ စသည် ဖြင့် မေးခွန်းထုတ်ခံရတာလည်းရှိတယ်။ သို့သော် ဘာပဲဖြစ်ဖြစ် ပြည်ထောင်စုရွေးကောက်ပွဲ ကော် မရှင်နဲ့ လက်အောက်ကော်မရှင်အဆင့်ဆင့်ဟာ ကိုဗစ်ရောဂါ ကာကွယ်ရေးနဲ့ပတ်သက်ရင် အလေးထားဆောင်ရွက်နေတယ်ဆိုတာတော့ ငြင်းလို့မရဘူး။

ဒီနေရာမှာ ပြဿနာတစ်ခုက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ ဟိုတယ်တွေ၊ စက်ရုံ အလုပ်ရုံတွေ၊ စားသောက်ဆိုင်တွေမှာ ကိုဗစ် ရောဂါ ကာကွယ်တားဆီးရေးအတွက် ဘာတွေ လုပ် ရမလဲဆိုတာ အချက်အလက်တိတိကျကျ နဲ့ ညွှန်ကြားချက်တွေထုတ်ထားပေမယ့် ရွေးကောက်ပွဲ စည်းရုံးမှုနဲ့ပတ်သက်ပြီး သီးခြားထုတ်ပြန်ထားတာမရှိဘူး။ အားလုံးနဲ့ဆိုင်တဲ့ လူ ၃၀ ထက်မပိုရ၊ နှာခေါင်းစည်းတပ်၊ ခြောက်ပေကွာနေ၊ လက်ဆေးဆိုတာပဲရှိတယ်။

ဒီတော့ နိုင်ငံရေးပါတီအတော်များများက ပါတီဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ နဲ့ ဘယ်လိုတွေ့ရမလဲ ၊ လူထုကြားမှာ ဘယ်လို စည်းရုံးရမလဲဆိုတာက ေ၀ဝါးဝါးဖြစ်နေကြတယ်။ ကော်မရှင်က ဘဝင်မကျမှာလည်း စိုးရိမ်ကြတယ်။

ဒါပေမယ့် အခုပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ အာဏာရ အင်န်အယ်လ်ဒီပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က လူထုကြားမှာ ဆင်းပြီး ထိတွေ့မှုနဲ့ ပါတီ ကိုယ်စားလှယ်တွေကို ခေါ်ယူတွေ့ဆုံမှုတွေလုပ်ဆောင်ခဲ့တာကိုတွေ့ရတယ်။

ပထမဖြစ်စဉ်က သြဂုတ်လ ၁၉ ရက်နေ့မှာ ဇမ္ဗူသီရိမြို့နယ်ထဲက အင်န်အယ်လ်ဒီပါတီဝင်တွေ ရဲ့ အိမ်တွေကို သွားရောက်ခဲ့တဲ့ဖြစ်စဉ်ပါ။ ဒီခရီးစဉ်က ရွေးကောက်ပွဲကော်မရှင်ကို တင်ပြပြီးမှ ဆောင် ရွက်တာလို့လည်း သိရပါတယ်။ ဒီဖြစ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည် က နေအိမ်ထဲမှာ လူ သုံးဆယ်ထက်မပိုအောင် ဆောင်ရွက်ခဲ့ပေမယ့် ပြင်ပမှာ ကြိုဆိုတဲ့သူတွေကတော့ လူသုံးဆယ် ထက် ပိုနိုင်သလို ခြောက်ပေကွာနေရမယ် ဆိုတဲ့ ကန့်သတ်ချက်ကိုလည်း လိုက်နာမှုမရှိ တာကို တွေ့ရတယ်။ ပုံ ( ၂ ၊၃ နဲ့ ၄)

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း အဲဒီအခြေအနေကို သတိပြုမိပုံရပါတယ်။ သြဂုတ် လ ၂၁ ရက်နေ့ သူ့ဖေ့စ်ဘွတ်ပို့စ်မှာ အဖွဲ့ချုပ် အဖွဲ့ဝင်တွေရဲ့ အိမ်အတွင်း၊ ရပ်ကျေးပါတီရုံးအတွင်း မှာ လူ ၃၀ ထက်မပိုအောင်၊ Mask ဝတ်ဆင်ဖို့ စီစဉ်နိုင်ပေမယ့် လမ်းပေါ်က ကြိုဆိုတဲ့ ပြည်သူ တွေကိုတော့ စီမံခန့်ခွဲဖို့ခက်ပါတယ် လို့ ရေးထားပါတယ်။ ပုံ (၅)

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပါတီတာဝန်အရသွားတဲ့ခရီးစဉ်မှာ ကိုဗစ်ရောဂါ ကာကွယ်ရေး တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို ချိုးဖောက်သလို ဖြစ်သွားခဲ့တယ်လို့ တော့ ဝန်မခံ ခဲ့ ဘူး။ ဒါပေမယ့် နိုင်ငံတော်အဆင့်ခေါင်းဆောင်တစ်ယောက်အနေနဲ့ စီမံခန့်ခွဲဖို့ ခက်ပါတယ် လို့ ပြဿနာကို အသိအမှတ်ပြုတာကိုပဲ ကျေးဇူးတင်ရမှာပါ။

နောက်ဖြစ်စဉ်တစ်ခုကတော့ သြဂုတ်လ ၂၃ ရက်နေ့ နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ အမှတ် (၂) မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ် စားလှယ်တွေတွေ့ဆုံတဲ့ အခမ်းအနားဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဆို ပေမယ့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးမဟုတ်ပါဘူး။ အင်န်အယ်လ်ဒီပါတီ ကိုယ်စားလှယ်တွေကို ပဲဆိုလိုတာပါ။

ဒီအခမ်းအနားက ထူးခြားချက်နှစ်ခုရှိတယ်။ ပထမတစ်ခုကတော့ အစိုးရနဲ့ပတ်သက်တဲ့ အခမ်း အနားတွေကိုသာ ပြုလုပ်လေ့ရှိတဲ့ ကွန်ဗင်းရှင်းစင်တာ (၂) မှာ နိုင်ငံရေးပါတီတစ်ခုရဲ့ အခမ်း အနား ကျင်းပတာဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ တက်ရောက်တဲ့သူ အရေအတွက် များ ပြား တာဖြစ်ပါတယ်။

ဒီအခမ်းအနားတက်ရောက်သူတွေကို ကိုဗစ်ရောဂါ ကာကွယ်တားဆီးရေးနဲ့ပတ်သက်တဲ့ အစီ အစဉ်တွေ ဘယ်လိုလုပ်ထားသလဲဆိုတာတော့ သတင်းတွေမှာမတွေ့ရဘူး။ ဓာတ်ပုံတွေထဲ မှာတော့ နှာခေါင်းစည်းတပ်ဖို့နဲ့ ခြောက်ပေကွာနေဖို့ဆိုတဲ့ အချက်တွေကို အတိအကျ လုပ် ဆောင်ထားတာတွေ့ရတယ်။ ပုံ ( ၆ မှ ၁၀ ထိ)

ဒီဖြစ်စဉ်နှစ်ခုနဲ့ပတ်သက်ပြီး အရေးအကြီးဆုံးတွေ့ရှိချက်ကတော့ နိုင်ငံရေးပါတီတွေ ရဲ့ လှုပ်ရှား မှုတွေဟာ ကိုဗစ်ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်တွေ ကို ချိုးဖောက်မှုရှိ၊ မရှိ အနီးကပ်စောင့်ကြည့်သတိပေးနေတဲ့ ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်အနေနဲ့ သတိပေးမှု လုံးဝမရှိတာပဲ။ ဒါ့ကြောင့် ဒီဖြစ်စဉ်နှစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့အင်န်အယ်လ်ဒီပါတီဝင် တွေရဲ့ လုပ်ဆောင်မှုတွေဟာ ကော်မရှင်ရဲ့ ကိုဗစ်ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ စံနှုန်းတွေ နဲ့ ကိုက်ညီတယ်လို့ပဲ ကောက်ချက်ချလို့ရပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲဆိုင်ရာလှုပ်ရှားမှုတွေကို စောင့်ကြည့်နေတဲ့ မီဒီယာတွေအနေနဲ့လည်း ဒီ လှုပ်ရှားမှုတွေဟာ ကိုဗစ်ရောဂါ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်တွေကို ချိုးဖောက်မှုရှိတယ် လို့ ဝေဖန်ထောက်ပြမှုတွေ မရှိသလောက်ပါပဲ။ ဒါ့ကြောင့် မီဒီယာတွေဘက်က ကြည့်ရင်လည်း ဒီလောက်တော့ ရှိမှာပေါ့ လို့ ခံယူထားတယ်လို့ ယူဆရပါတယ်။

ဒ့ါကြောင့် ရွေးကောက်ပွဲဆိုင်ရာလှုပ်ရှားမှုတွေ၊ ပါတီလုပ်ငန်းဆောင်ရွက်မှုတွေကို ကိုဗစ် ရောဂါ တားဆီးရေးဆိုင်ရာ အချက်တွေနဲ့ အညီ ဘယ်လိုလုပ်ရမလဲဆိုတာ ဝေခွဲလို့မရဖြစ်နေတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ အခုဖြစ်စဉ် နှစ်ခု မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့အင်န်အယ်လ်ဒီ ပါတီဝင်တွေဆောင်ရွက်ခဲ့တဲ့အတိုင်း အတိအကျ လုပ် ဆောင်ရင်ဖြင့် အဆင်ပြေနိုင် မယ်လို့ထင်ပါတယ်။ လိုအပ်လို့ ကွန်ဗင်းရှင်စင်တာ (၂) ကို ငှား ပြီး ပါတီအခမ်းအနားလုပ် မယ်ဆိုရင်လည်း တာဝန်ရှိသူတွေက ခွင့်ပြုမယ့်အခြေအနေရှိပါတယ်။

ဒါပေမယ့် အဲဒီလှုပ်ရှားမှုတွေရဲ့ မှတ်တမ်းဓာတ်ပုံတွေတော့ လိုရမယ်ရဆောင်ထားသင့်တယ်။ တစ်ချို့ မြို့နယ်အဆင့်ကော်မရှင်တွေက ငါမသိဘူး ဆိုရင်လည်း ထုတ်ပြလို့ရတာပေါ့။

ပေးမယ် ၊ မပေးဘူး

၂၀၂၀ ရွေးကောက်ပွဲရဲ့ ထူးခြားချက်ကတော့ “ မဲမပေးရေး လှုပ်ရှားမှု No Vote Campaign” ပေါ်လာတာပါပဲ။ မဲမပေးရေးလှုပ်ရှားမှုက ၂၀၁၀ ရွေးကောက်ပွဲမှာ ရှိခဲ့တယ်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ မရှိခဲ့ဘူး။ အခုတစ်ခါ ပြန်ပေါ် လာပြန်တယ်။

ပေးမယ်

အခု အချိန်မှာတော့ မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့ အင်အားစုတွေအားလုံးက မဲမပေးရေး လှုပ်ရှား မှုကို လက်မခံကြပါဘူး။

အင်န်အယ်လ်ဒီပါတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကတော့ “မဲပေးရမယ်၊ ဒါဟာ နိုင်ငံသားတွေရဲ့ တာဝန်လည်းဖြစ်တယ်။ အခွင့်အရေးလည်းဖြစ်တယ်။ မဲမပေးဘဲနဲ့ နောက်မှ ဒီအစိုးရ ဘာညာ ဆိုပြီး လုံးဝပြောပိုင်ခွင့်မရှိဘူး” လို့ အတိအလင်းပြောထားတယ်။

ဒါပေမယ့် ၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ အင်န်အယ်လ်ဒီပါတီက ရွေးကောက်ပွဲကို သပိတ် မှောက်ခဲ့တယ်။ အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လူထုကို မဲမပေးနဲ့လို့ တိုက်ရိုက်မပြောခဲ့ပေမယ့် “ လူထုအနေနဲ့ မဲပေး ခွင့် ရှိသလို မဲမပေးပဲ လည်း နေပိုင်ခွင့်ရှိတယ်၊ ကိုယ်ထောက်ခံတဲ့ပါတီမပါရင် မဲမပေးနဲ့ပေါ့” လို့ လူထုကို သတင်းစကားပါးခဲ့တဲ့အကြောင်း မုံရွာ အောင်ရှင်ရဲ့ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှတ်တမ်း ၁၉ ၈၈ – ၂၀၁၀” စာအုပ်မှာ အတိ အလင်းရေးသားထားခဲ့တယ်။

ဒါ့ကြောင့် အခုအချိန်မှာ မဲမပေးပဲ နေရင် နိုင်ငံသားတာဝန်မကျေဘူးဆိုတဲ့ ပြောဆိုချက်အပေါ် ၂၀၁၀ တုန်းကပြောခဲ့တဲ့စကားနဲ့ နှိုင်းယှဉ်ဝေဖန်မှုတွေပေါ်လာခဲ့တယ်။ မဲမပေးရင် အစိုးရကို မေ၀ ဖန်နဲ့ဆိုတဲ့ စကားအပေါ်မှာလည်း ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့၊ မဲမပေးခဲ့တဲ့ အင်န် အယ်လ်ဒီခေါင်းဆောင်တွေက ဦးသိန်းစိန်အစိုးရကို တောက်လေ ျှာက်ဝေဖန်ခဲ့တဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ပြီး ပြောတာလည်း ရှိတယ်။

ဒါ့အပြင် ၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလက်မခံနိုင်လို့ မဝင်ခဲ့ပေမယ့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်ပြိုင်တယ်။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ကလည်း ၂၀၁၃ ဒီဇင်ဘာ ၁၃ မှာ ဖွဲ့စည်းပုံမပြင်ရင် ရွေးကောက်ပွဲမဝင်ဘူး။ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံရေး သမားတွေအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ဖို့မသင့်ဘူးလို့ပြောခဲ့ပေမယ့် နောက်ဆုံးမှာ ဝင်ပြိုင် ခဲ့ တာ၊ အခုလည်း ဟိုတစ်ချိန်က လက်မခံဘူးလို့ပြောထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကပဲ မဖြစ်မနေ မဲပေးဖို့တိုက်တွန်းနေ တာတွေကို လည်း ဝေဖန်နေတာတွေ့ရတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီပါတီဟာ အာဏာမရခင် နဲ့အာဏာရပြီး ပြောတဲ့စကားကွဲပြားခြားနားတာက ဒီတစ်ကြိမ်ထဲမဟုတ်တဲ့အတွက် မတူရကောင်းလားလို့ ပြောနေရင်လည်း လေကုန်ရုံပဲရှိမယ်။ အရင်က ကိုယ်မပါခဲ့ရလို့ မဲမပေးဖို့ သွယ်ဝိုက်ပြောခဲ့ တာ။ အခုတော့ ကိုယ်ပါနေတဲ့အပြင် ကိုယ်တိုင်နိုင်မှဖြစ်လို့ မဲပေးဖို့ တိုက်တွန်းတယ်လို့ပဲမှတ်ထား လိုက်တာ ကောင်းပါတယ်။

ပြည်ခိုင်ဖြိုးပါတီကတော့ ရွေးကောက်ပွဲအဆက်ဆက် မဲပေးဖို့ပြောလာခဲ့တဲ့ပါတီဆိုတော့ အခုလည်း မဲပေးဖို့ ပဲတိုက်တွန်းနေတယ်။ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ရဲ့ ၂၀၂၀ ဇူလိုင် ၃၁ ဖေ့စ် ဘွတ် ရေးသားချက်မှာတော့ “ ကိုယ်ကြိုက်တာ ကိုယ်မရွေးရင် သူများရွေးပေးတာကိုပဲ ကြိုက် ကြိုက် မကြိုက်ကြိုက် ယူရမှာ။ xx လေ ျှာက်ချင်တဲ့ ဒီမိုကရေစီလမ်း မကောင်းသေးရင် ကောင်း အောင်ပြင်ဖို့ မဲပေးဖြစ်အောင် ပေးကြပါစို့ xx ” လို့ရေးထားတယ်။

တပ်မတော်သဘောထားကတော့ ရှင်းပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ တပ်မတော် က လိုလားတဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုပုံစံကို အကောင်အထည်ဖော်ဖို့ရေးဆွဲထားတာ ဖြစ်တဲ့ အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပတဲ့ ရွေးကောက်ပွဲမှန်သမ ျှကို ထောက်ခံနေ မှာပဲ။ မဲပေးဖို့တိုက်တွန်းမှာပဲ။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့ ၃၄ ပါတီနဲ့ တွေ့ဆုံချိန်မှာ တပ် မတော်ကာကွယ်ရေးဦးစီးချုပ်က “ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်ရှိသူအားလုံး မဲပေးကြရန် လိုကြောင်း၊ မဲမပေးပါက ရွေးချယ်ခံရသင့်သည့် ကိုယ်စားလှယ်လောင်းများမဲမရ သည်သာ ဖြစ်မည်ဖြစ်ပြီး မဲပေးသင့်သူကို ဆန္ဒမဲပေးကြ စေရေး စည်းရုံးကြစေလိုကြောင်း” ဆိုပြီး ပြောခဲ့ ကြောင်းသတင်းမှာတွေ့တယ်။

တိုင်းရင်းသားပါတီတွေရပ်တည်ချက်ကလည်း ရှင်းပါတယ်။ ဒီတစ်ကြိမ်ရွေးကောက်ပွဲဟာ ပြည် နယ်တွေမှာ တိုင်းရင်းသားပါတီတွေ အနိုင်ရဖို့ အခြေအနေအကောင်းဆုံးဖြစ်နေတယ်။ ဒါ့ကြောင့် ပါတီတိုင်းက သူတို့ကိုယ်စားပြုတဲ့ တိုင်းရင်းသားမဲဆန္ဒရှင်တွေ မဲပေးဖို့တိုက်တွန်းနေကြတယ်။

မပေးဘူး

မဲမပေးဘူးဆိုတာက ရွေးကောက်ပွဲကို သပိတ်မှောက်လိုက်တဲ့သဘောပါပဲ။ ဒီတော့ ၂၀၂၀ ရွေး ကောက်ပွဲမှာ မဲမပေးရင် ဘာဖြစ်မလဲလို့ မေးရင် ဘာမှမဖြစ်ဘူးလို့ ပဲ ဖြေရ မှာပဲ။

မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲဥပဒေမှာ မဲဆန္ဒနယ်တစ်ခုမှာ မဲပေးပိုင်ခွင့်ရှိသူ ရာခိုင်နှုန်း ဘယ် လောက် မဲပေးမှ ရွေးကောက်ပွဲ ထမြောက်တယ်ဆိုတာမရှိဘူး။ ကိုယ်စားလှယ် လောင်း တစ်ယောက်က မဲပေးခွင့်ရှိသူ ၅၀% အထက်ထောက်ခံမှုမရရင် အဲဒီမဲဆန္ဒနယ်မှာ ရွေးကောက် ပွဲ ထပ်လုပ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်မရှိဘူး။

ဒါ့ကြောင့် မဲဆန္ဒနယ်တစ်ခုမှာ မဲပေးခွင့်ရှိသူ တစ်ထောင်ရှိတယ်။ ဒါပေမယ့် တစ်ရာပဲ မဲလာ ပေး တယ်ဆိုရင်လည်း အဲဒီတစ်ရာထဲက အများစုထောက်ခံတဲ့သူ အရွေးခံရမှာပဲ။

ဘာလုပ်သင့်လဲ

မြန်မာနိုင်ငံမှာ ပါတီစုံရွေးကောက်ပွဲစနစ်ကို ပြန်စတာ ဆယ်နှစ် ၊ ရွေးကောက်ပွဲ နှစ်ကြိမ် ပဲ ရှိ သေးတယ်။ အခုမှ တတိယအကြိမ်မြောက်ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတုန်း။ ပြဿနာ တွေ ဘယ်လောက်များနေပါစေ မြန်မာနိုင်ငံဟာ ဒီမိုကရေစီဘက်ကို ရွေ့နေတယ် ဆိုတာ ငြင်းလို့မရဘူး။

အခုလိုအခြေအနေမှာ လူထုက နိုင်ငံရေးကို စိတ်ဝင်စားမှ နိုင်ငံရေးသမားတွေက လူထုကို လေး စားမယ်။ လူထုအများစုက ကိုယ်နဲ့မဆိုင်သလိုနေရင် ပါတီတွေက ကျန်တဲ့သူတွေမပေးချင်နေ၊ ငါ့ပါတီအမာခံတွေ မဲထွက်ပေးရင်ရပြီ ဆိုပြီး ဘဝင်မြင့် ထောင်လွှားသွားလိမ့်မယ်။ အဲဒီအခြေ အနေရောက်သွားတဲ့အခါ ပါတီတွေက လူထု လိုအပ်ချက်ထက် ပါတီဝင်တွေလိုအပ်ချက်ကို ပဲ ဦးစားပေးသွားလိမ့်မယ်။ လူထုနိုင်ငံရေးကနေ ပါတီနိုင်ငံရေးဖြစ်သွားလိမ့်မယ်။

ဒါ့ကြောင့် မဲမပေးနဲ့လို့ ပြောမယ့်အစား ပါတီမူဝါဒတွေ၊ ကိုယ်စားလှယ်လောင်း အရည်အချင်း တွေကို ဆန်းစစ်ပြီး မဲပေးတတ်အောင် အသိပညာပေးတဲ့လုပ်ငန်းတွေ လုပ် တာ က ပိုပြီးအကျိုးရှိမယ်လို့ပဲ ယုံကြည်ပါတယ်။

၁၂ လမ်း ဂိတ် ၊ လေဆိပ်တက္ကစီ

ညောင်ဦး အပြန်ခရီးကတော့ အေးအေးဆေးဆေးပါပဲ။ အလာတုန်းကလိုပဲ မန္တလာမင်း ကားနဲ့ ပြန်တယ်။ အပြန်ခရီးမှာတော့ အေးမြတဲ့ဆောင်းညတွေ၊ မြေနီလမ်းတွေနဲ့ မကြုံတော့ အိပ်ရေး ဝတာပေါ့။

ရန်ကုန်ဝင်တော့ မနက်ငါးနာရီခွဲလောက်ရှိပြီ။ အောင်မင်္ဂလာကားဂိတ်ရောက်ရင် တက္ကစီ ငှားတဲ့ အခါ ရွှေကြိုတွေ၊ ဈေးဆစ်တာတွေ ၊ လူပေါင်းတင်မယ်လုပ်တာတွေ တွေးပြီး အပြင်ထွက်ငှားရင် ကောင်းမလား စဉ်းစားမိတယ်။

အမှတ် ၃ လမ်းမကြီးအတိုင်းမောင်းလာရင်း ခရေပင်လမ်းခွဲမရောက်ခင်မှာ ကားရပ်သွားတယ်။ ကြည့်လိုက်တော့ “ သူငယ်ချင်းများ တက္ကစီဂိတ် ၁၂ လမ်းမှတ်တိုင်” ဆိုတဲ့ဆိုင်းဘုတ် တွေ့ တယ်။ သူတို့ဂိတ်ကနေ မြို့နယ်အလိုက် ပေါင်းစီး ရင်ပေးရမယ့်ဈေး။ သီးသန့်စီးရင် ပေးရမယ့် ဈေးတွေကပ်ထားတယ်။ ယာဉ်အကူက ကားငှားစီးမယ်ဆိုရင် ဒီမှာဆင်းရင်လည်းရတယ် လို့ အသိပေးတယ်။ ဈေးဆစ်ဖို့မလိုဘူး ၊ ဈေးနှုန်းသတ်မှတ်ထားတယ်ဆိုတာနဲ့ တင်ကျေနပ်ပြီ လေ။

အထုတ်ဆွဲပြီးကားပေါ်က ဆင်းတယ်။ ကျွန်တော့်လိုပဲ ခရီးသည်အတော်များများ ဆင်းတယ်။ ပစ္စည်း အပ်ထားတဲ့ တိုကင်ပြပြီး သေတ္တာထုတ်တယ်။ ကားငှားမယ်လို့ပြောတာနဲ့ အလှည့်ကျ တဲ့ ကားသမားလက်ကို အပ်လိုက်တယ်။ လက်ဆွဲပြီးအတင်းခေါ်တာလည်းမခံရဘူး။ ဈေးဆစ်စရာ လည်း မလိုဘူး၊

၁၂ လမ်းဂိတ်မှာပုံမှန်ရပ်တာ မိုးကောင်းကင်၊ မန္တလာမင်း၊ မိဘဂုဏ်ရည် ကားလိုင်းတွေ လို့ သိ ရတယ်။ ဒါပေမယ့် ကျန်တဲ့ကားတွေက ခရီးသည်က ရပ်ခိုင်းရင်ရပ်ပါတယ်တဲ့။ အောင်မင်္ဂလာ ဂိတ်မှာ ကားငှားရတဲ့ ဒုက္ခကို ရင်မဆိုင်ချင်ဘူးဆိုရင်တော့ ဒီဂိတ်မှာ ဆင်းတာကောင်းတယ်။ ဂိတ် ကထွက်တဲ့ကားတွေကို မှတ်တမ်းထားတဲ့အတွက် ပစ္စည်းကျန်တယ်၊ ဘာညာဆိုရင်လည်း အဆင် ပြေတာပေါ့။

ကျွန်တော်ငှားတဲ့ကားက အတော်သပ်သပ်ရပ်ရပ်ရှိတယ်။ အတွင်းခန်းသန့်ရှင်းရေး ကောင်း တယ်။ ကားပေါ်တက်တာနဲ့ အဲကွန်းဖွင့်ပေးတယ်။ ကျွန်တော်က တက္ကစီစီးတိုင်း ကား သမား တွေနဲ့ စကားပြောလေ့ရှိတယ်။ အငှားယာဉ်မောင်းတွေက လူပေါင်းစုံနဲ့ ထိတွေ့ နေ တော့ သတင်းစုံတယ်။ နောက်ပြီး သူတို့ဆီကနေ ဈေးသက်သက်သာသာနဲ့ စားကောင်းတဲ့ ထမင်းဆိုင် လေးတွေအကြောင်းသိရတယ်။ နောက်ပြီး အချင်အတွယ်ပြည့်တဲ့ ဆီဆိုင်တွေ ကိုလည်း သိရ တယ်။ တစ်ချို့ဆိုင်တွေဆိုရင် နာမည်တောင်မကြားဖူးဘူး။ သူတို့ပြောလို့ သွားထည့်ကြည့်မှ သိ ရတယ်။ ဥပမာ ကိုင်းတန်းလမ်းနဲ့ အနော်ရထာလမ်းထောင့် သူရိယစွမ်းအင် ဆိုင်ဆိုရင် ဆိုင်ပုံ ပန်းသဏ္ဍန်အရဆိုရင် ထည့်ချင်စရာမကောင်းဘူး။ ကျွန်တော်စီးဖူးတဲ့ ကားသမားသုံးလေး ယောက်က အဲဒီဆိုင်က ဆီပြည့်တယ်၊ အောက်တိန်းမှန်တယ်လို့ပြောတယ်။ ထည့်ကြည့်တော့ လည်း သူတို့ ပြောတာ မှန်သလိုလိုပဲ။ အိမ်နဲ့ ဝေးလို့သာ သီးသန့်သွားမထည့်ဖြစ်တာ။

ကျွန်တော့်ကားဆရာက လေဆိပ်တက္ကစီမောင်းတာ ၊အခုတော့ ပြည်ပ ခရီးသည် အဝင်မရှိ တဲ့ အတွက် ၁၂ လမ်းဂိတ်မှာလာထိုးတာ။ ဒါ့ကြောင့် သူ့ကားကအတော်ကောင်း တာကိုး ။ လေဆိပ်တက္ကစီဆိုတာ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ကားထိုးပြီး ဧည့်သည်ခေါ်တဲ့ အဖွဲ့တွေကို ပြော တာမဟုတ်ဘူး။ တကယ်တော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တရားဝင်ပြေးဆွဲဖို့ ဖွဲ့ ထားတဲ့ Gloden Brother ၊ ပျံလွှား၊ ရွှေလွန်းပျံ၊ ပါရမီ ဆိုတဲ့ အသင်း လေးခုရှိတယ်။ သူက အဲ ဒီ ထဲက အသင်းတစ်ခုမှာ ဝင်ထားတာ။

လေဆိပ်တက္ကစီတွေရဲ့ သဘောသဘာဝက နည်းနည်းထူးခြားတယ်။ နိုင်ငံခြားဧည့်သည်ကိုပဲ အဓိ က ထားတဲ့ တက္ကစီယာဉ်မောင်းတွေဟာ အနည်းဆုံး အင်္ဂလိပ်ဘာသာစကားကိုတော့ လည်လည် ဝယ်ဝယ်ပြောတတ်ရတယ်။ နောက်ထပ် ဘာသာစကားတစ်ခုလောက် ပြောနိုင်ရင်တော့ ဧည့်သည် ပိုရတာပေါ့။ ကျွန်တော့်ကားဆရာဆိုရင် အင်္ဂလိပ်နဲ့ ထိုင်းဘာသာစကား ပြောနိုင် တယ်။

လေဆိပ်တက္ကစီသမားဆိုတာ တစ်ခါစား မလုပ်ဘူး။ လေဆိပ်က ထွက်လာတဲ့ ဧည့်သည် တစ် ယောက်ဟာ သူ့ကားကို စီးပြီးတာနဲ့ မြန်မာနိုင်ငံမှာနေချိန်တစ်လေ ျှာက်လုံး ရန်ကုန် မြို့ထဲဖြစ်ဖြစ်၊ ခရီးဝေးသွားရင်ဖြစ်ဖြစ် သူ့ကားကိုပဲ စီးအောင် ပြောဆိုဆက်ဆံ နိုင် ရတယ်။ ဝန်ဆောင်မှုပေးနိုင်ရတယ်။ ပြန်သွားရင်လည်း ကိုယ့်စာအုပ်ထဲမှာ သူ့ထောက်ခံချက် ကို ရေးပေးသွားရမယ်။ ပြီးရင် ခင်ရာမင်ရာ မိတ်ဆွေတွေကို လည်း ရန်ကုန်သွားရင်တော့ ဒီလူ့ ကားကိုစီးလို့ပြောတာမျိုးဖြစ်ရမယ်။

အဲဒီလိုလုပ်နိုင်ဖို့အတွက် ကားကောင်းရုံနဲ့မရသေးဘူး။ လူကလည်း သပ်သပ်ရပ်ရပ် ဝတ် စား တယ်။ ဆေးလိပ်ဖွာလိုက်၊ ကွမ်းစားလိုက်နဲ့ မဖြစ်ဘူး။ အနောက်နိုင်ငံကဧည့်သည်တွေဆို ပိုသတိထားရတယ်။ သူတို့က ကားအမြန်မောင်းတာ၊ ဟို ဖြတ်ဝင်၊သည်ဖြတ်ဝင်လုပ်တာ၊ ဘရိတ် ဆောင့်နင်းတာမျိုးဆိုရင် မကြိုက်ဘူး။ ဒီကားသမားက အန္တရာယ်များတယ်လို့ ယူဆ ပြီး ထပ်မငှားတော့ဘူး။

တစ်ချို့ဧည့်သည်တွေက မနက် ဟိုတယ်ကို သွားကြိုတော့မှ ခရီးဝေးသွားမယ်၊ နှစ်ည အိပ် သွား မယ်ဆိုပြီး လုပ်တတ်တယ်။ အဲဒီလို အခြေအနေအတွက် ကားပေါ်မှာ အဝတ်အစားအပိုတင်ထား ရတယ်။ ငွေအပိုဆောင်ထားရတယ်။ ကားပေါ်မှာ အရေးပေါ်ဆေးသေတ္တာလေးလည်း ထားရ တယ်။ အနောက်နိုင်ငံက ဧည့်သည်တွေက ကားပေါ်မှာ ဆေးသေတ္တာ၊ မီးသတ်ဆေးဘူး တို့ ပါ တာကို ကြိုက်တယ်။ နောက်ပြီး ဧည့်သည်မေးရင်ဖြေနိုင်အောင်၊ပြနိုင်အောင် ထင်ရှားတဲ့ နေရာ တွေ၊ ဘုရားတွေ နဲ့ပတ်သက်တဲ့စာအုပ်၊စာတမ်းတွေလည်းတင်ထားရသေးတယ်။ ထိုင်း ဧည့်သည်တွေဆိုရင်တော့ ဗိုလ်တထောင်၊ ကျိုက်ထီးရိုး၊ ပဲခူးဘုရင့်နောင်နန်းတော်တို့ အကြောင်း ရှင်းပြနိုင်ရမယ်။ ကိုယ့်ကားကို စီးသွားတဲ့သူတွေရဲ့ ထောက်ခံချက်တွေ၊ လိပ်စာကပ်ပြားတွေကို လည်း ထုတ်ပြရတယ်။

ဒါပေမယ့် လေဆိပ်တက္ကစီသမားတွေဘဝကလည်း အရာရာအဆင်ပြေနေတာတော့ မဟုတ် ဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်ကစပြီး ရန်ကုန်လေဆိပ်ကို လုပ်ပိုင်ခွင့်ရထားတဲ့ ကုမ္ပဏီ၊ လေဆိပ် လုံခြုံရေးအဖွဲ့တွေနဲ့ တရားဝင်ဆွဲခွင့်ရထားတဲ့လေဆိပ်တက္ကစီတွေကြားမှာ ပြဿနာပေါ် လာ တယ်လို့ဆိုတယ်။

လေဆိပ်တက္ကစီတွေ အလုပ်လုပ်ပုံက ဒီလို။ သူတို့ အသင်းဝင်တယ်ဆိုတာက တရားဝင် ဂိတ် ထိုးနိုင်ဖို့အတွက် ဝင်တာ။ ကျွန်တော့်ကားဆရာဆိုရင် ဝင်ကြေး သုံးသိန်းပေးရတယ်။ အသင်း လိုက် နှစ်စဉ်၊ လစဉ် ရန်ပုံငွေ ထည့်ရတာလည်း ရှိတယ်။ အသင်း လေးသင်းမှာ အသင်းဝင်ကား ခြောက်ရာ ကျော်ရှိတယ်။ နားတာ၊ ကားပြင်တာ၊ ခရီးဝေး သွား တာနဲ့ ဆိုရင် တစ်နေ့ကို ကားတစ်ရာကျော်၊နှစ်ရာတော့ ဂိတ်ထိုးတာပဲ။ ဂိတ်ထိုးတာက အသင်း နဲ့ မဆိုင်ဘူး။ ရောက်တဲ့ အတိုင်း စီနီယာချိတ်ရတယ်။ ကားတွေက ဆိုက်ရောက်ဂိတ်ရှေ့မှာ ထိုးလို့မရဘူး။ ဟိုးအောက် က ကားရပ်တဲ့ကွင်းမှာ ထိုးရတယ်။

အပေါ်က လေဆိပ်အဆောက်အဦထဲမှာ လေဆိပ်တက္ကစီ ကောင်တာရှိတယ်။ အဲဒီမှာ ပြေစာ ဖြတ် ပြီး ကားငှားပြီဆိုမှ အလှည့်ကျတဲ့ ကားကအပေါ်တက်ပြီး ခရီးသည်တင်ရ တယ်။ အဲဒီစနစ်အတိုင်းလုပ်တဲ့အခါ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကစပြီး အခက်အခဲတွေ့လာတယ်။

ပထမတစ်ခုကတော့ အပြင်က လာတဲ့ တက္ကစီတွေက ဆိုက်ရောက် အဆောက်အဦ ဆင်ဝင် အပြင်ဘက် လမ်းပေါ်မှာ ကားထိုးတယ်။ အထဲကို လူဝင်ခေါ်တယ်။ ပထမတော့ ဆင်ဝင် အောက် ကနေ ခေါ်တယ်။ အခုတော့ အဆောက်အဦထဲအထိ ဝင်ခေါ်တယ်။ ဒီတော့ အသင်းဝင်ထားတဲ့ တက္ကစီတွေ ဧည့်သည်ရတာနည်းလာတယ်။

ကားဆရာကတော့ အဲဒီကြားပေါက်ဆွဲတဲ့ကားတွေက အချင်းချင်းပိုက်ဆံစုပြီး လုံခြုံရေး အဖွဲ့ တွေကို တစ်နေ့ခြောက်သောင်းပေးထားတယ်လို့ စွပ်စွဲတာပဲ။ လေဆိပ်မှာ လေဆိပ် လုံခြုံ ရေးရဲရှိတယ်။ ကုမ္ပဏီ လုံခြုံရေးတွေလည်း ရှိသေးတယ်ထင်တယ်။ ဘယ်အဖွဲ့လည်း လို့ မေးတော့ တိတိကျကျ မပြောနိုင်ဘူး၊ ဆင်ဝင်အောက်မှာ ခရာတွေမှုတ်နေတဲ့အဖွဲ့ တွေ ပေါ့ဗျာ။ သူတို့ ခွင့်မပြုရင် ဘယ်ရမလဲလို့ဆိုတယ်။

နောက်ပြဿနာတစ်ခုက အဲဒီလို ခရီးသည်လုနေရတဲ့အချိန်မှာပဲ လေဆိပ်တာဝန်ရှိသူ တွေ က လေဆိပ် တက္ကစီကောင်တာကို အဆောက်အဦထဲကနေ မောင်းထုတ်လိုက်တယ်။ ပထမတော့ ဆင်ဝင်အောက်၊ အဆောက်အဦဘက်အခြမ်းမှာ ဆိုင်းဘုတ်လေးထောင်လုပ်ရတယ်။ အခု တော့ ဆင်ဝင်အောက် ကားလမ်းရဲ့ တစ်ဘက်ကို ရောက်သွားပြီ။ ဧည့်သည်ရဖို့ ပိုခက်သွားတာပေါ့။

ကားဆရာပြောတဲ့အဲဒီအချက်ကတော့ ကျွန်တော့်ကိုယ်တွေ့ပဲ။ ကျွန်တော် ကိုယ်တိုင် စင်္ကာ ပူ ကနေပြန်လာရင် အရင်က မှန်ခန်းထဲက ထွက်တာနဲ့ လေဆိပ်တက္ကစီကောင်တာကို တွေ့တယ်။ နောက်တော့ ဆင်ဝင်ထဲကို ထွက်လိုက်ပြီး ဘယ်ဘက်ချိုးလိုက်ရင် တိုင်ကွယ် နေတဲ့ နေရာကို လေဆိပ်တက္ကစီ ကောင်တာရောက်သွားတယ်။ ၂၀၁၉ ခုနှစ် ပြန်လာတော့ ကောင်တာရှာမတွေ့လို့ ထွက်ပေါက်မှာတန်းစီစောင့်နေတဲ့ ကားသမားတွေနဲ့ပဲ ဈေးညှိပြီးပြန်လာခဲ့ရတယ်။

ကားဆရာကတော့ လေဆိပ် ကုမ္ပဏီက သူတို့ကိုယ်ပိုင် တက္ကစီတွေထားချင်တာ၊ လက်ရှိ အသင်းတွေက တရားဝင်ဖွဲ့ထားတာဖြစ်လို့ ဖျက်မရဘူး။ ဒါ့ကြောင့် စီးပွားပျက်အောင် လုပ် ပြီး မောင်းထုတ်နေတာလို့ ယုံကြည်နေတယ်။ သူကတော့ ပထမဆုံး လေဆိပ် တက္ကစီ တွေထွက် ပြေးရမယ်။ လေဆိပ် ကုမ္ပဏီက သူတို့ကိုယ်ပိုင် တက္ကစီလိုင်းထောင်ပြီးရင် ကြားကား တွေလည်း မောင်းထုတ်ခံရမှာပဲ လို့ ပြောတယ်။

ကားဆရာက အခုဂိတ်ထိုးနေတဲ့ ၁၂ လမ်းဂိတ်မှာတော့အဆင်ပြေနေပုံပဲ။ ဂိတ်မှူးကို “အုပ်ကြီး” တဲ့။ အုပ်ကြီးဆိုတဲ့စကားက အတော်ခေတ်စားနေတာပဲ။ အုပ်ကြီးက စေတနာကောင်းတယ်။ စည်း ကမ်းကြီးတယ်။ အပြောတော့ဆိုးတယ်တဲ့။ ဂိတ်မှာ အရက်သောက်လို့မရဘူး။ ပေစုတ်စုတ်နေလို့ မရဘူးတဲ့။ လက်ရှိအတိုင်းကတော့ ပြည်ပခရီးသွားတွေ ပြန်ဝင်လာရင်တောင် လေဆိပ်နဲ့ ၁၂ လမ်း ဂိတ် တစ်လှည့်စီထိုးနေရဦးမှာပဲလို့ ဆိုတယ်။

ရောက်ဖူးသမ ျှ နိုင်ငံတကာလေဆိပ်တွေမှာတော့ တက္ကစီ ငှားရတာ ပြဿနာမရှိဘူး။ ကားတွေ ကလည်း သူ့စီနီယာအတိုင်း သူကျတဲ့ နံပါတ်အကွက်မှာထိုး၊ ခရီးသည်ကလည်း တန်းစီ၊ ကိုယ့် အလှည့်ကျတဲ့ ကားကို တက်စီးရုံပဲ။ တစ်ခုတော့ ရှိတယ်။ သူတို့က မီတာစနစ်သုံးတော့ ဈေး ဆစ်ဖို့တော့မလိုဘူးပေါ့။

ရန်ကုန်လေဆိပ်မှာလည်း ဘာအသင်းမှ မဖွဲ့နဲ့၊ အလှည့်ကျထိုး၊ ခရီးသည်က တန်းစီ၊ အလှည့် ကျတဲ့ကားပေါ်တက်ပေါ့။ မီတာမသုံးတဲ့အတွက် မြို့နယ်အလိုက်ဈေးနှုန်းတွေ ရေးပြီး ကပ်ထား ၊ လေဆိပ်မှာထိုးတဲ့ တက္ကစီကားထဲမှာလည်း ကပ်ထား ဆိုရင် အဆင်ပြေမယ်ထင်တာပဲ။

ကျွန်တော့စိတ်ကူးကို ကားဆရာကို ပြောပြတော့ သဘောကျတယ်။ ပြီးတော့ ဘယ်သူ က လုပ် မှာလဲလို့ ပြန်မေးတယ်။

ဒါနဲ့ လေဆိပ်တာဝန်ရှိသူတွေမလုပ်တတ်ရင် ၁၂ လမ်း ဂိတ်က အုပ်ကြီးကို ခေါ်လုပ်ခိုင်းပေါ့ဗျာ လို့ ပြန်ပြောခဲ့တယ်။

လွယ်ကူတဲ့ အလုပ်တွေတောင် အာဏာတွေ၊ကိုယ်ကျိုးတွေပါလာရင် ဝင်္ကပါလို ရှုတ်ထွေး ကုန်တာပါပဲ။